:) Wednesday, July 18, 2007

လွမ်းမိသည်

၁၉ဇူလိုင် မမေ့နိုင်ဟု
ငယ်စဉ်တောင်ကျေး ကလေးဘဝ
ဆိုခဲ့ဖူးသည် ကျက်ဖူးသည်။

ထိုစဉ်ခါက သူတို့ကျေးဇူး
နားမျှမလည် ရရန်ရွယ်၍
စာအံဖူးသည် ပြန်ဖူးသည်။

ယနေ့ခါမူ ငါ့ရင်အသည်း
နှလုံးထဲမှ အောက်မေ့တသ
တမ်းတမိသည် လွမ်းမိသည်။


:) Monday, July 16, 2007

အပ္ပါယ်လမ်း

လောကီအာရုံ ကာမဂုဏ်ဝယ်
ဘ၀လမ်းပျောက် တဏှာနောက်သို့
ကောက်ကောက်ပါအောင် လိုက်သော်ခါမူ
ဘ၀ဥာဏ်ပိတ် အောက်နိမိတ်သို့
ရောက်ရန်လွန်စွာ နီးချေတကား။


:) Saturday, July 7, 2007

နာ (၃) နာ နဲ့ ကျောင်းဆရာ ဘဝ


ကျောင်းဆရာတွေရဲ့ ဘ၀အကြောင်းကို စာရေးကြရာမှာပဲဖြစ်ဖြစ်၊ ဟောပြောကြရာမှာပဲဖြစ်ဖြစ် ၀ါသနာ၊ စေတနာ နဲ့ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ တွဲပြီး ပြောဆိုရေးသားကြတာတွေကို ငယ်ငယ်ကတည်းက ဖတ်ဖူးမှတ်ဖူးတယ်။ ကျွန်တော် ၉ တန်း ၁၀ တန်း လောက်တုန်းက အပတ်စဉ်လုပ်တဲ့ ဆရာ၊ ဆရာမတို့ သြ၀ါဒ ခံယူပွဲတွေမှာလည်း နာ(၃)နာနဲ့ပတ်သက်ပြီး အကျယ်တ၀င့် ဟောပြောတာတွေ နားထောင်ရတတ်တယ်။ အဲဒီတုန်းကတော့ အဲဒီနာ(၃)နာဟာ ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်အရေးကြီးတဲ့ လိုအပ်ချက်(၃)ခု ပဲလို့ထင်ခဲ့သေးတယ်။ အဲလိုလက်ခံထားတဲ့သူတွေလည်း မနည်းလောက်ဘူး။ အခုတော့ အဲဒီနာ(၃)နာနဲ့ပတ်သက်ပြီး တွေးကြည့်တယ်။ မင်းတွေးသမျှကလည်း အားလုံး ကန့်လန့်တွေကြီးပဲ လို့ဆိုရင်လည်း မတတ်နိုင်ဘူး။
ဝါသနာတဲ့။ ၀ါသနာဆိုတာ ကျွန်တော်နားလည်သလောက်တော့ မိမိစိတ်ပျော်ရွှင်မှုအတွက် လူတွေလုပ်တတ်တဲ့ အလေ့အထလေးတွေပါ။ ဥပမာပြောရရင် သီချင်းဆိုတာဝါသနာပါတယ်။ စာဖတ်တာဝါသနာပါတယ်။ စသဖြင့်ပေါ့။ အဲဒီနေရာမှာ ဆရာလုပ်ရတာဝါသနာပါတယ်ဆိုတဲ့( ကိုယ်သိတဲ့အကြောင်းအရာတွေကို ရှင်းလင်းပြောကြားရတာဝါသနာပါတယ်ဆိုတဲ့) လူတွေလည်း ရှိတတ်တာပဲ။ ၀ါသနာနဲ့အလုပ် တထပ်တည်းကျနေရင် အလုပ်မှာစိတ်ပါတယ်။ စိတ်ပါလက်ပါလုပ်တော့ လုပ်ငန်းပိုတွင်ကျယ်တယ်။ ကောင်းတယ်လို့ ပြောရမှာပေါ့။ အဲဒါက ကျောင်းဆရာဘ၀နဲ့ ဘာဆိုင်တာမှတ်လို့။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ဝါသနာနဲ့ ကိုယ်ရွေးချယ်ပြီး စိတ်ပါလက်ပါလုပ်မယ်ဆိုရင် အောင်မြင်မှုပိုရနိုင်ပါတယ်။
ကျွန်တော်တွေ့ဘူးတဲ့ ဆရာတစ်ယောက်အကြောင်း ပြောချင်တယ်။ သူက စာသင်လည်းအရမ်းကောင်းတယ်။ အတန်းထဲမှာ သူပြောလေ့ရှိတာက " စာသင်ရတဲ့အလုပ်ကို ငါလုံး၀၀ါသနာမပါဘူး။ ငါက စာပဲရေးချင်တာ " တဲ့။ သူသင်ရတဲ့ဘာသာရပ်က အင်္ဂလိပ်စာ။ စာရေးဆရာဖြစ်ချင်တဲ့လူဆိုတော့ စာဖတ်အားလည်း တော်တော်ကောင်းတယ်ထင်တယ်။ စာရှင်းတဲ့အခါ စိတ်ဝင်စားစရာ ပြင်ပဗဟုသုတတွေနဲ့ ဝေေ၀ဆာဆာရှင်းပြတတ်တယ်။ သဒ္ဒါဆိုလည်း မြန်မာ၊ အင်္ဂလိပ် ၂ ခုစလုံး ကျွမ်းကျင်ပုံဘဲ။ မေးလာသမျှမေးခွန်းအားလုံးကို ဖြေရှင်းပေးဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်။ စာသင်ရတာ လုံး၀၀ါသနာမပါဘူး ဆိုပေမယ့် အဲဒီဆရာမျိုးကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ ဆိုနိုင်ပါ့မလား။ နောက်ထပ် စဉ်းစားမိတာတစ်ခုက ဆရာတစ်ယောက်ဟာ ၀ါသနာတော့ပါပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။
ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် ပိုပြီးအောင်မြင်နိုင်ပါတယ်။ ၀ါသနာလုံးဝမပါဘူးဆိုပေမယ့် ကိုယ်တာဝန်ယူရမယ့် အပိုင်းကိုကိုယ်ကျွမ်းကျင်ရင် တာဝန်ကျေတဲ့ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ၀ါသနာပါတယ် ဆိုရုံလေးနဲ့လည်း ဘယ်လိုမှဆရာကေင်းတစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။
နောက်ထပ်နာတစ်ခုဖြစ်တဲ့ စေတနာဆိုတာကရော ကျောင်းဆရာတွေအတွက်သာ လိုအပ်တာလား။ ကျောင်းဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်ချက်လား။
ကျွန်တော် တက္ကသိုလ်တတိယနှစ်တုန်းက တွေ့ခဲ့တဲ့ဆရာတစ်ယောက် အကြောင်းပြောပြချင်တယ်။ သူကဘာတွေမကျေမနပ်ဖြစ်နေလည်းတော့မသိဘူး။ သူစိတ်ဆိုးသမျှတွေကို ကျောင်းသားတွေဆီမှာ ပေါက်ကွဲတတ်တယ်။ သူရုံးတတ်ရတဲ့ မိခင်ဌာနကတစ်နေရာ သူစာလာသင်ရတဲ့ ကျွန်တော်တို့ကျောင်းကတစ်နေရာဖြစ်နေတယ်။ သူစိတ်ဆိုးရင်ပြော တတ်တဲ့စကားက " မင်းတို့လည်းဝတ္တရားအရ လာထိုင်နေတာ။ ငါလည်း ၀တ္တရားအရ လာသင်နေရတာ။ ဟောဒီမှာကြည့်။ မင်းတို့အတွက်ရေးထားတဲ့မှတ်စုစာရွတ်တွေ။ ငါ့ငွေနဲ့ငါဝယ် ရတယ်။ မင်းတို့ကျောင်းကို ငါ့အစီအစဉ်နဲ့ငါလာခဲ့ရတယ်။ အခြေအနေက အဲလောက်ထိဆိုးနေပြီ။ ငါကတာဝန်ကျေအောင်တော့ လာသင်နေမှာပဲ။ ဘာပြဿနာမှ မရှာချင်ကြနဲ့။ အေးအေးဆေးဆေးနေကြ။ " တဲ့။ အဲဒီလိုကြီးဆိုတော့လည်း စေတနာမပါဘဲ စာသင်နေတယ်ပြောရတောမှာပေါ့။ ဒါပေမယ့်သူက အချိန်နောက်မကျဖူးဘူး။ အတန်းလည်းလုံးဝမပျက်ဖူးဘူး။ သင်ရိုးကိုလည်းကုန်အောင် သင်တယ်။ သင်ပုံကတော့ ၀တ္တရားကျေပါပဲ။ သူအတန်းထဲမှာ သင်ပေးသလောက်နဲ့ အဆင်ပြေတဲ့ကျောင်းသားတွေလည်း အများကြီးပါ။ အဆင်မပြေလို့သွားမေးရင်လည်း ဆရာ့ဝတ္တရားအရပဲလားတော့မသိ၊ ရှင်းပြပေးတတ်ပါတယ်။ သူ့ကိုကြောက်တော့ သွားမေးတဲ့သူတော့နည်းတာပေါ့။
အဲဒီဆရာက ကျောင်းသားတွေစေတနာထား သင်ကြားပေးတယ်လို့ မဆိုသာပေမယ့်၊ အချိန်ကိုလေးစားတယ်။ သင်ရိုးကိုပြတ်အောင်၊ တာဝန်ကျေအောင် သင်ပေးတယ်။ တာဝန်ယူရတဲ့ ဘာသသာရပ်ကိုလည်း ကျွမ်းကျင်တယ်ဆိုတော့၊ ကျောင်းသားအများစုဟာ အဲဒီဘာသာကို အခက်အခဲမရှိ အောင်မြင်ခဲ့ကြပါတယ်။ ဆရာတပည့်ဆက်ဆံရေးကတော့ နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ အနေအထားမရှိခဲ့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အရမ်းတာဝန်ကျေတဲ့ ဆရာ့ကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ပြောရမှာ ကျွန်တော်အတွက်တော့ အရမ်းခက်နေတယ်။ ဒီနေရာမှာလည်း (၀ါသနာအကြောင်း ပြောတုန်းကမေးခဲ့သလို) မေးရရင်၊ ဆရာတစ်ယောက်ဟာ စေတနာတော့အရမ်းကောင်းပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။
ဘယ်အလုပ်ပဲဖြစ်ဖြစ် (နောက်ဆုံးကွမ်းယာရောင်းတာကစလို့ ) စေတနာထားပြီး လုပ်မယ်ဆိုရင် အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေ ကိုစိတ်ချမ်းသာစေမှာပါ။ အဲလိုမဟုတ်ဘဲ ကိုယ့်အကျိုးလေးတစ်ခုတည်း ကြည့်ပြီး လုပ်အား နဲ့ အချိန်ကုန်၊ ငွေကုန် သက်သာရင်ပြီးရော ဆိုတဲ့စိတ်ဓါတ်နဲ့ လုပ်မယ်ဆိုရင်တော့ ရလဒ်ကောင်းတွေလည်း ရနိုင်မှာမဟုတ်ဘူး။ အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေကိုလည်း အခက်အခဲနဲ့ တွေ့စေတာတွေ၊ စိတ်အနှောက်အယှက်ဖြစ်စေတာတွေ ကြုံရနိုင်တာပေါ့။
စေတနာရဲ့သဘောကိုက တစ်ဖက်သားအကျိုးကိုကြည့်ခြင်းပါ။ ကျောင်းဆရာအလုပ်ရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် စေတနာထားဆောင်ရွက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ စေတနာမပါဘဲ လုပ်နေတော့ရော အရေးကြီးတဲ့တခြား အရည်အချင်းတွေရှိရင် ဆရာကောင်းတစ်ယောက် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။
နောက်ဆုံးနာတစ်ခုကတော့ အနစ်နာတဲ့။ လုံးဝမဖြစ်သင့်တဲ့ နာကြီးပဲလို့ မြင်မိတယ်။ ကျောင်းဆရာလုပ်တာနဲ့ပဲ အနစ်နာခံရတော့မှာလား။ ကျောင်းဆရာဆိုတာ အစိုးရ၀န်ထမ်းပါ။ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက၀န်ထမ်းပဲဖြစ်ဖြစ် ရသင့်ရထိုက်တဲ့ ၀န်ထမ်းအခွင့်အရေးတွေအားလုံး အပြည့်အ၀ ရနေရင် ဘာများအနစ်နာခံစရာ ရှိလဲ။ မရကြဖူးဆိုရင်လည်း ရအောင်ကြိုးစားကြရ တောင်းဆိုကြရမှာပေါ့။ အစိုးရတွေအနေနဲ့လည်း ဖြည့်ဆည်းပေးဖိုတာဝန်ရှိတာပေါ့။
ဝန်ထမ်းအခွင့်အရေးဆိုတာလည်း အများကြီးတော့ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်စဉ်းစားမိသလောက်ကတော့ မရရှိလို့မဖြစ်တဲ့ အခွင့်အရေး (၃) ခုရှိတယ်။
၁။ လုပ်ငန်းခွင်လုံခြုံမှုရှိရေး
လုပ်ငန်းခွင်အနေအထားဟာ ၀န်ထမ်းတွေရဲ့ အသက်အန္တရယ်ကိုဖြစ်စေ၊ ကျန်းမာရေးကိုဖြစ်စေ ထိခိုက်စေနိုင်ရင်၊ လိုအပ်တဲ့လုံခြုံရေး ကိရိယာ တန်ဆာဗလာတွေကို အလုပ်ရှင်က အပြည့်အ၀ ဖြည့်ဆည်းပေးရမယ်။ လိုအပ်မယ်ဆိုရင် အစိုးရက ဥပဒေတွေ ပြကျဌာန်းပြီး ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးရမယ်။
၂။ သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန် ရရှိရေး
စိတ်ဖိစီးမှု နဲ့ ခန္ဓာကိုယ်ပင်ပန်းမှု အလွန်ကျွံမဖြစ်အောင် ၀န်ထမ်းတွေအတွက် သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန်တွေကို တစ်နေ့တာအတွက်၊ သီတင်းတစ်ပတ်တာအတွက် နဲ့ တစ်နှစ်တာကာလတွေအတွက် စသည်ဖြင့် သက်မှတ်ထားဖို့ လိုအပ်တယ်။ သတ်မှတ်ထားတဲ့ အချိန်ထက်ကျော်လွန်အောင် တာဝန်ထမ်းဆောင်ရမယ်ဆိုရင် လုပ်ငန်းအဆင်ပြေစေရေးအတွက် ကိုယ်ပိုင်အနာယူချိန်ကို ပေးလိုက်ရတာဖြစ်လို့ ၀န်ထမ်းတွေဟာ ပုံမှန်လုပ်အားခထက်သာလွန်တဲ့ အချိန်ပိုကြေး ရပိုင်ခွင့်ရှိရမယ်။ ( အချိုနိုင်ငံတွေမှာ အလုပ်အကိုင်ရှားပါးမှုအပေါ် အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေက အချိန်ပိုကြေးမပေးပဲ သက်မှတ်ချိန်ထက်ကျော်လွန်အောင်ခိုင်းတတ်ကြတယ် )
၃။ အနည်းဆုံး စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိရေး
အလုပ်လုပ်နေတဲ့ ၀န်ထမ်းတိုင်းဟာ လူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်အောင် အခြေခံအကျဆုံးဖြစ်တဲ့စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိဖို့လိုအပ်တယ်။ ( တရားဝင်ရရှိတဲ့ ၀င်ငွေက စားဝတ်နေရေးအတွက် မလုံလောက်ရင် ၀န်ထမ်းတွေဟာ အလုပ်ထဲမှာ တရားမ၀င်ငွေရှာလာတတ်ကြတယ်။ အဲဒီလိုအခါမှာ အဂတိလိုက်စားမှုနဲ့ လတ်ပေးလတ်ယူ ပြဿနာတွေက ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာကြီးတွေဖြစ်နေတတ်ကြတယ်။ )

အခုပြောခဲ့တဲ့ အခွင့်အရေးတွေအပါအ၀င် အခြားရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံး ရနေမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်ဝန်ထမ်းပဲဖြစ်ဖြစ် အနစ်နာခံတာဝန်ထမ်းစရာ မလိုတော့ဘူးပေါ့။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုခု ဆုံးရှုံးနေပြီဆိုရင်လည်း " ပီတိကိုစားအားရှိပါ၏။ " ဆိုတဲ့စကားမျိုးနဲ့ ချွေးသိပ်နေမယ့်အစား ကိုယ်ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုသင့်တာပေါ့။ အနစ်နာခံရတယ်ဆိုတာကိုက မညီမျှခြင်းသဘောကို ဆောင်နေလို့ လုံးဝမဖြစ်သင့်တဲ့အရာပါ။
ကျွန်တော်စဉ်းစားခဲ့သမျှအားလုံးကန့်လန့်တွေကြီး ဖြစ်နေမလားတော့မသိဘူး။ ကျောင်းဆရာတို့ရဲ့ဘ၀ကို စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ ပုံဖေါ်တာဟာ ဆဒ္ဒန်ဆင်နဲ့ ကြွက်ခလောင်း စေ့စပ်ကြောင်းလမ်းတာလောက်မှ မနီးစပ်ဘူးလို့ မြင်မိတယ်။

တိမ်ပလီ

ရွာမလိုနဲ့ ညှို့ဟန်ဆင်
ပြိုတော့မရောင် တိမ်ညိုမှိုင်း
ဘ၀င်ဆူ ရင်ကိုထိုင်းအောင်
တိမ်ပလီ သူလှည့်စားတယ်
လွမ်းလှ ဘ၀င်အသည်း။

ညွှန်းစာမမီ

ပိတောက်တစ်ခက်
ခေါင်းထက် ပန်ဆင်
ချစ်သူခင်
တင့်တယ်လွန်းချေတကား။

အပြုံးတစ်ခက်
မျက်လုံးထက် ပန်ဆင်
ချစ်သူခင်
ညွှန်းရန်ခက်ချေတကား။


:) Wednesday, July 4, 2007

အချစ်သည် ဤသို့ဖြစ်၏

မောင်
ကြည်ပြာရေစမ်း မောင်ဖြစ်စမ်းလျှင်
မေလည်းမသွေ မောင့်အနားနေ၍
ရေကြာပန်းလေး ဖြစ်ပါရစေ။
မောင်
သော်တာလ၀န်း မောင်ဖြစ်စမ်းမူ
မောင့်အပါးခစား
ငွေကြယ်လေးများ ဖြစ်ပါရစေ။
မောင်
ပူပြင်းကန္တာရ မောင့်ဘ၀ဆိုမူ
ကန္တာနွေအလယ် အိုအေစစ်သဖွယ်
မေအမြဲ မောင့်အပါးနေပါ့မယ်။
မောင်
ဘယ်လိုပင် ဘ၀ကြမ်း
လောကဒဏ် ဘယ်လိုရိုက်
မျက်နှာမငြိုး ကောင်းဆိုးနှစ်ထွေ
နှစ်ကိုယ်ယှဉ်တွဲ တူယှဉ်နွဲလို့
ဘ၀တိုက်ပွဲ ၀င်ပါ့မယ်။

မေ
ရေကြာပန်းလေး ဖြစ်သောခါမူ
အသွင်တူအောင် ကြာတင့်စေဖို့
ရေမြင့်နေအောင် ကြိုးစားပါ့မယ်
မောင့်သက်လယ်။
မေ
မောင့်ပါးခစား ငွေကြယ်လေးများ
ဖြစ်သောခါဝယ် ရောင်ဝါထိန်လင်း
အေးမြခြင်းနှင့် မငြိုးဂုဏ်ရောင်ဆောင်ပါ့မယ်။
မေ
မောင့်ဘ၀ ကန္တာ
ဖြစ်သောခါမူ အိုအေစစ်အလား
မေ့အပြုံးများနှင့် ဘ၀တက်လမ်းရှာပါ့မယ်။
မေ
ဘယ်လိုပင် ဘ၀ကြမ်း
လောကဒဏ် ဘယ်လိုရိုက်
ဖေးမလို့ ချော့မြှူ
ပွေ့ယူကာ နှစ်သိမ့်
ပြုံးပန်းဝေစွာ မောင့်သက်လျာနှင့်
မမုန်းစတမ်း နိဗ္ဗာန်လှမ်းတိုင်
ချစ်ခြင်းတူပြိုင် တက်လှမ်းမယ်။


တကယ်မသေခင် အစမ်းသေကြည့်ရအောင်

ဒီဘ၀ဒီခန္ဓာနဲ့ သံသရာဝဋ်ဇာတ် အမြစ်ပြတ်အောင် အားမထုတ်နိုင်သေးဘူး ဆိုရင်တော့ သေလွန်ပြီးတဲ့နောက် ကောင်းရာသုဂတိရောက်ဖို့ကိစ္စ အရေးတကြီးထည့်သွင်း စဉ်းစားရပါဦးမယ်။
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာ ပိုဂ္ဂိုလ်များကတော့ ကောင်းရာသုဂတိ ရောက်ဖိုသေချာပြီးသားပါ။ အောက်ဆုံး အရိယာဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားပြီဆိုရင်ပဲ အပါယ်လေးပါးဆိုတဲ့ မကောင်ရာ ဒုဂ္ဂတိ လုံးဝ မရောက်တော့ပါဘူး။
သောတာပန် ပုဂ္ဂိုလ် သေလွန်ခါနီးမှာ အပါယ်လေးပါးကို ကျရောက်သွားစေနိုင်တဲ့ အာရုံဆိုး နမိတ်ဆိုးတွေ ထင်မြင်မလာနိုင်တော့ပါဘူး။
သောတာပန် မဖြစ်သေးဘူးဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ပုထုဇဉ်ပဲဖြစ်ဖြစ် ၊ ဘယ်လောက် အဆင့်မြင့်တဲ့ သူတော်စင်ပဲဖြစ်ဖြစ် အကြောင်းမတော်ရင် အာရုံဆိုး နမိတ်ဆိုးတွေ ထင်မြင်လာပြီး အပါယ်လေးပါးကျရောက်သွားနိုင်ပါတယ်။
တကယ်သေလွန်ခါနီးအချိန်မှာ အာရုံဆိုး နမိတ်ဆိုးတွေ ထင်မြင်မလာဖို့ အတွက် မသေခင်ကတည်က ကြိုတင်ပြင်ဆင် ထားဖို့ လိုအပ်ပါတယ်။ အသေကြီးကို ရင်ဆိုင်နိုင်ဖို့အတွက် အသေလေးတွေနဲ့ လေ့ကျင့်ထားရပါမယ်။
အသေကြီးဆိုတာ ဘ၀တစ်ခုလုံးရဲ့ နောက်ဆုံးအပြီးအပြတ် သေလွန်ချင်းကိုပြေားတာပါ။ တကယ်သေသွားတာကိုပြေားတာပါ။ အသေလေး ဆိုတာကတော့ ဘ၀တစ်နေ့တာရဲ့ နောက်ဆုံး အိပ်စက် ခြင်းကို ပြောတာပါ။ တဒင်္ဂ တစ်ခဏ သေသလို ဖြစ်သွားတာကို ပြောတာပါ။ အသေကြီဆိုတာ မနိုသော အိပ်စက်ခြင်းဖြစ်ပြီး အသေလေးဆိုတာ နိုသောအိပ်စက်ခြင်းဖြစ်ပါတယ်။
မနိုသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်မှာ အကောင်းဆုံးအနေအထာဖြစ်ဖို့အတွက် နိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်ကို အကောင်းဆုံးအနေအထားဖြစ်အောင် လေကျင့်ထားဖို့ လိုအပ်ပါတယ်။
သေကြီးနဲ့သေခါနီးအချိန်မှာ အာရုံကောင်း နိမိတ်ကောင်းတွေကို ထင်မြင်နေဖို့အတွက် အသေလေးနဲသေခါနီးအချိန်ကို အာရုံကောင်း နိမိတ်ကောင်းတွေနဲ့ ထုံမွမ်းပေးထားရပါမယ်။
ညအိပ်စက်တာဟာ အသေလေးနဲ့ သေတာပါ။ ညအိပ်တော့မယ်လို့ မျက်စိကိုမှိတ်လိုက်တာနဲ့ တစ်ပြိုင်နက် အာရုံကောင်းတွေ ကုသိုလ်အာရုံကောင်းတွေပဲ ထင်မြင်နေစေရပါမယ်။
ကုသိုလ်အာရုံက ဒါနအာရုံ၊ သီလအာရုံ၊ သမထအာရုံ၊ ၀ိပဿနာအာရုံလို့ လေးမျိုးရှိပါတယ်။ တကယ်သေခါနီးအချိန်မှာ ဘယ်ကုသိုလ်အာရုံထင်လာမယ်၊ ဘယ်ကုသိုလ်အာရုံယူလို့ရမယ်ဆိုတာကို ကြိုတင်မသိနိုင်တဲ့အတွက် အိပ်ခါနီးအချိန်တိုင်းမှာ ကုသိုလ်အာရုံလေးမျိုးကို ယူထားရပါမယ်။
စနစ်တကျကြိုတင်လေ့ကျင့်ထားတာတောင်မှ တကယ့်တကယ် သေခါနီးကျတော့ ဘယ်ကုသုလ်ကို အာရုံယူရမှန်းမသိ ဖြစ်နေတက်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီးအချိန်ကို တကယ်သေခါနီးအချိန်လို့ သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။ ဒါနအာရုံအနေနဲ့ ဒီနေ့ဒီအချိန်အထိ ဘ၀တစ်သက်တာမှာ ပြုခဲတဲ့ဒါနကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး၊ ကိုယ်ပီတိ အဖြစ်ဆုံး ဒါနကောင်းမှုတစ်ခုခုကို အာရုံပြုရပါမယ်။
အဲဒီ ဒါနကောင်းမှုဟာ ငွေကြေးအကုန်အကျ အနေနဲ့ နည်းချင်လည်းနည်းမယ်၊ များချင်လည်းများမယ်၊ လုံးဝမကုန်ကျဘဲရင်လည်းရှိမယ်။ အကုန်အကျအနည်းများက အဓိက မဟုပ်ပါဘူး။ ကိုယ် တကယ်နှစ်သက်ကျေနပ်ဖို့၊ ကိုယ်တကယ် ၀မ်းမြောက်ပီတိဖြစ်ဖို့က အဓိကပါ။ အကုန်အကျများတိုင်း အကျိုးပေးထက်သန်တာ မဟုတ်ဘူး။ ပီတိအားကောင်းမှ အကျိုးပေးထက်သန်တာပါ။
ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမှုကို ခုလောလောဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ၀မ်းမြောက်ပီတိ ဖြစ်ရပါမယ်။
ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားသောက်တော်ရေ အသစ်လဲတဲ့အကျင့် စွဲစွဲမြဲမြဲ လုပ်ပေးပါ။အိပ်ခါနီး(အသေလေးနဲ သေခါနီး) ရဲ့ အနီးကပ်ဆုံး ဒါနကုသိုလ်ဖြစ်လို့ အာရုံယူရတာ အလွန်လွယ်ကူပါတယ်။ အေးချမ်းမှုနဲ့ တစ်နေတာကို အဆုံးသက်လိုက်ရတဲ့ အတွက် ... ဘ၀တစ်လျှာက်လုံး အစစအရာရာ အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။
သီလကုသိုလ်အနေနဲ့ အောက်ထစ်ဆုံး ငါးပါးသီလ၊ လူဝက်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမဲ့ ငါးပါးသီလကို ဆင်ခြင်ရပါမယ်။ ဆင်ခြင်လိုက်တဲ့အချိန်တိုင်းမှာ ငါးပါးသီလ လုံးခြုံသူဖြစ်နေဖို့အတွက် ညအိပ်ယာဝင်ခါနီးတိုင်း ငါးပါးသီလကို အသစ်ခံယူဆောက်တည်ပါ။ဆောက်တည်ပြီးတဲ့ အချိန်ကစပြီး မကျိုးပေါက်ပါစေနဲ့။ အိပ်တော့မယ်ဆိုတော့လည်း ကျိုးပေါက်စရာမရှိတော့ပါဘူး။ ဒါဆိုရင် ‘ငါအခုနောက်ဆုံး ငါးပါးသီလ ယူပြီးတဲ့အချိန်ကစပြီး ငါးပါးသီလ လုံခြုံနေပြီ လို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။
ရှစ်ပါးသီလ၊ သာမဏေသီလ၊ ရဟန်သီလ ကျင့်သုံးနေသူတွေကလည်း ကိုယ့်သီလကို ဆင်ခြင်နှလုံးသွင်းပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေရပါမယ်။ ကုစားသင့်တာရှိရင် မအိပ်ခင်က ကြိုတင်ကုစားထားရပါမယ်။
သမထကုသိုလ်အနေနဲ့ ကိုယ်အနှစ်သက်ဆုံး၊ ကိုယ်အကြည်ညိုဆုံး ဘုရားဂုဏ်တော်တစ်ခုခုကို ပွားများပါ။ ဥပမာ၊ အရဟံဂုဏ်တော်ကို အနှစ်သက် အကြည်ညိုဆုံး ဆိုရင် ‘အရဟံ-ကိလေသာကင်းစင် တော်မူသော မြတ်စွာဘုရား၊ -ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို မပြုသော မြတ်စွာဘုရား၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား ‘ လို့ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပယ်ကို အာရုံထင်မြင်လာအောင် စိတ်ထဲကနေ နှလုံးသွင်းပွားများရပါမယ်။ ဘုရားဂုဏ်တော် ကိုးပါးလုံးကို အဓိပ္ပယ်သိသိ ပွားများနိုင်ဖို့အတွက် မြန်မာလို အဓိပ္ပယ် ဖွင့်ဆိုချက်တွေကို လေ့လာထားရပါမယ်။ ကျက်သင့်တာတွေကို ကျက်ထားရပါမယ်။
နောက်တစ်ခု သမထ အနေနဲ့ မေတ္တာဘာဝနာ ပွားများရပါမယ်။ အနည်းဆုံး ‘သတ္တ၀ါအားလုံး ချမ်းသာပါစေ လို့ သုံးခေါက်လောက် ပွားများရပါမယ်။ကိုယ်နှစ်သက်ရာ အားသန်ရာ မေတ္တာပွားနည်းတွေနဲ့လည်း မေတ္တာပွားနိုင်ပါတယ်။
ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်တွေကို အစဉ်အတိုင်း အာရုံပြုဝမ်းမြောက်ပြီးပြီဆိုရင် နောက်ဆုံး ၀ိပဿနာကုသိုလ်နဲ့ အိပ်လိုက်ပါတော့။ နှာသီးဝလေထိရာအရပ်မှာ သတိကပ်ထားပြီး လေ၀င်ရင်ဝင်တယ် လေထွက်ရင်ထွက်တယ် ရှုမှတ်ပြီးနေပါ။ ၀င်တိုင်းထွက်တိုင်းသာ တစ်ဆက်တည်း သိနေမယ်ဆိုရင် လေးငါးချက်ထက် ပို မမှတ်ရပါဘူး ။ ချက်ချင်း အိပ်ပျော်သွားပါလိမ့်မယ်။ ၀င်လေ ထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံးအိပ်ဆေးပါပဲ။
လေ၀င် လေထွက်တိုင်း ထိတွေ့တွန်းကန်မှုတွေကို သိနေမယ်ဆိုရင် လောဘ၊ ဒေါသ စတဲ့ ကိလေသာတွေလည်း ဖြစ်ခွင့်မရတော့ပါဘူး။ သမာဓိ၊ ဥာဏ် ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် လေ၀င်လေထွက် မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗန်ကို မျက်မှေက်ပြုသွားနိုင်ပါတယ်။
ညအိပ်တိုင်း ဒါနအာရုံ၊ သီလအာရုံ၊ သမထအာရုံ၊ ၀ိပဿနာအာရုံနဲ့ အိပ်စက်သွားမယ်ဆိုရင် သေလွန်ခါနီးမှာလည်း အဲဒီအာရုံလေးမျိုး တစ်မျိုးမျိုးနဲ့ သေလွန်ရမှာ သေချာပါတယ်။ ကုသိုလ် အာရုံနဲ့ သေလွန်သွားသူကို ကောင်းရာသုဂတိဘုံတွေက သူဦးကိုယ်ဦး လက်ကမ်းကြိုဆိုနေမှာပါ။
ဒါကြောင့် ညအိပ်ရာဝင်၊ ခေါင်းအုံးပေါ် ခေါင်းချ၊ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက် ‘”‘ငါခဏသေလိုက်ဦးမယ်” လို့ ကိုယ့်ကိုယ် စိတ်ထဲကပြေားပြီး သေနည်းလေ့ကျင့်ဖို့ အထူးတိုက်တွန်းလိုက်ပါတယ်။ မသေခင်လုပ်ရမဲ့အလုပ်တွေထဲမှာ သေနည်းလေ့ကျင့်တဲ့ အလုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်းထားရပါမယ်။
အရှင်ဆန္ဒာဓိက
ရွှပါရမီတောရ


:) Monday, July 2, 2007

ဂီတရေစီး နှင့် မြန်မာ့ဂီတ


ခေတ်အဆက်ဆက် ဂီတရေစီးကြောင်းသည် နိုင်ငံအလိုက်လိုက် အသီးသီး ရှိကြပါသည်။ ခေတ်တစ်ခုမှ တစ်ခုသို့ အကူးအပြောင်း ကာလများတွင် ဆန်းသစ်ဂီတများသည် နားမယဉ် ၊ နားမ၀င် လှပါ။ ခါတော်မှီများသည်လည်း မှိုလိုပေါက် ပေါ်ပေါက်လာတတ်၍ ပို၍ပင် ဆိုးရွားစေပါသည်။ ခေတ်ရေစီးကို တားဆီးပိတ်ပင်၍ မရစကောင်း။ အတင်းအကြပ် ပိတ်ပင်ခြင်းသည် ဘောင်လွတ်၍ ပိုမိုဆိုးရွားသည့် ကိစ္စရပ်များကို ဖြစ်ပေါ်စေသည်။ ခေတ်ကို ဇွတ်မှိတ်လိုက်နေခြင်းသည်လည်း လူအထင်ကြီးခံရရန် တမင်ကြိုးပမ်းနေခြင်း ဖြစ်သည်။ မည်သည့် ဂီတမဆို သူ့ရေစီးကြောင်းနှင့်သူ ၊ သူ့စည်းကမ်း သတ်မှတ်ချက်နှင့်သူ ဖြစ်သည်။ စည်းလွတ် ၀ါးလွတ် မဟုတ်ကြပါ။ ကြုံရာ ကျဘမ်း အော်ဟစ် နေခြင်းသည် ဂီတမဟုတ် ၊ အနုပညာမဟုတ်ပါ။ ဂီတ အနုပညာသည် လူတို့၏စိတ်ကို ထိခိုက်လွှမ်းမိုးသည်။ ဂီတ အခြေခံကိုပင် ကောင်းစွာ နားမလည်ပဲ အော်ချင်တာအော်၍ ခေတ်ဂီတဟု ကြွေးကြော်နေခြင်းကို လက်မခံနိုင်ပါ။ ကိုယ်တိုင် ဖန်တီးမှုမရှိ ကူးယူနေခြင်းသည် ဂီတအခြေခံ ကောင်းစွာမရှိကြောင်း ပြသရာရောက်သည်။ ဂီတ အနုပညာကို ကောင်းစွာ တတ်သိနားလည်သော်လည်း ငွေကြေးမတတ်နိုင် ၊ ချီးမြှောက်မည့်သူမရှိ၍ လမ်းဘေးရောက်နေသူ ဒုနှင့်ဒေး။ အရာရာသည် ငွေခေတ်ဖြစ်လာသောအခါ ခါတော်မီဂီတနောက်သို့ ပြုံ၍ လိုက်ကြသည်။ စစ်မှန်သော ဂီတရေစီးသည်လည်း ပေါ်ပေါက်၍ မလာ ၊ မြန်မာ့အလှ မြန်မာ့ဂီတ သည်လည်း မှေးမှိန် ပျောက်ကွယ်သွားရသည်။ ဂီတ သည် ငွေရှိသူတို့၏ အပျော်တမ်း ကစားနည်း တစ်ခုဖြစ်လာသည်။
မြန်မာ့ ဂီတ ၊ မြန်မာ သီချင်းများကို ချီးမြှောက်ရမှန်း မသိ ဖြစ်လာသည်။ သီဆို နားဆင် သူများကိုပင် နှာခေါင်း ရှုံ့လာကြသည်။ ချစ်မြတ်နိုးထိန်းသိမ်းရမည်ကို သိသူ နည်းပါးလာသည်။ အသစ်များ တီထွင်ဖန်တီး နိုင်ရန်ကား ဝေးစွ။ မြန်မာ့ ဂီတရေစီးသည် ပြန်ဆိုတေးမှ တတ်သည် မရှိတော့ပါ။ ထုတ်လုပ်သူများသည်လည်း ငွေနှင့်ရင်း၍ မစွန့်စားရဲ။ ပရိတ်သတ်ရှိ ၊ မရှိ မသိ၍လည်း ဖြစ်နိုင်ပါသည်။ မြန်မာ့ ဂီတကို ခေတ်နှင့်အညီ တိုးတတ်စေချင်သည်။ ပရိတ်သတ် အားပေးရန် လိုသလို ၊ နိုင်ငံတော် အနေနှင့်လည်း ချီးမြှင့်ရန် လိုပေသည်။ သို့မဟုတ်ပါက နိုင်ငံတကာ မျက်နှာစာတွင် မြန်မာ့ဂီတကို ချပြရန် မျက်နှာငယ်ရလိမ့်မည်။ မြန်မာ သင်္ကြန်သီးချင်းကို နိုင်ငံခြားသား ဆရာမ တစ်ဦးအားဖွင့်ပြရာ သူတို့ဂီတ အလိုက်ဟု ပြောသွား ဖူးသည်။ သင်္ကြန်သီးချင်းကိုပင် မြန်မာ့ ဂီတ စစ်စစ်ဖြင့် မြန်မာတို့ မဖန်တီးနိုင်တော့ပါလားဟု ၀မ်းနည်းအားငယ်မိသည်။ မြန်မာတို့ ကူးရင်း ကူးရင်း နစ်နေကြသည်။ ဖန်တီးဖို့ အားမသန် ကူးရန်သာစွမ်းတော့သည်။
အချုပ်အားဖြင့် ဂီတဖန်တီးမှုကောင်းလျှင်ကောင်းသလို လူတို့၏စိတ်ကို အမျိုးမျိုးအထွေထွေ ဖြစ်စေနိုင်သည်။ ဂီတသည် စိတ်၏အစာ ဖြစ်သည်။ စိတ်၏အစာ ဖြစ်သော ဂီတအား နိုင်ငံတော် အနေနှင့် လစ်လျူ မရှူသင့်ပေ။ စနစ်ကျသော ဂီတရေစီး နှင့် မြန်မာ့ ဂီတ တိုးတတ် ဖြစ်ထွန်းစေရန် နိုင်ငံတော် နှင့် ပြည်သူအားလုံး ကြိုးပမ်းသင့်ကြောင်း ဆွေးနွေးတင်ပြအပ်ပေသည်။

My Little Blog