ငါဟာ အရှုးတစ်ယောက်လိုပါပဲ။
ငါ့ဘေးနားမှာ မရှိနိုင်တဲ့ မင်းကို
တမ်းတလွမ်းဆွတ်ရင်း
ပူဆွေးသောကတွေနဲ့
ရတတ်ပွေနေတယ်လေ။
လနဲ့နေကို
(လှည်း)ဘီး လုပ်လိုသူ လူငယ်
သေလွန်တဲ့သားကို
ပြန်လည်ရှင်သန်စေလိုသူ ဖခင်
သူတို့က ဆက်သွယ်ရင်းနှီးခဲ့သလို
နေနဲ့လ ကိုလည်း
မြင်နေကြရတယ်လေ။
ငါ့မှာတော့
မမြင်ဘူးတဲ့ သူ့အသွင်
မကြားဘူးတဲ့ သူ့သံစဉ်တွေကို
စိတ်ကတမ်းတရင်း
ပုံဖော်နေမိတယ်။
ဒါဟာရှုးသွပ်ခြင်းပဲ မဟုတ်လား။
အိပ်မက်စိတ်ကူးက
လက်တွေ့ မဟုတ်တော့
တစ်နေ့ ငါနိုးထရမှာပေါ့။
မရှိတရားကို အရှိတရားလုပ်
ဆန္ဒနောက် ရမ္မက်လိုက်တော့
ဒုက္ခပင်လယ်ကြောမှာ
အလွမ်းတွေနဲ့ ငါမျောရတာပေါ့။
သြော် ...
ငါဟာ ဘာကိုမှ မမြင်နိုင်တော့တဲ့
မျက်မမြင် တစ်ယောက်ပါလား။
:) Friday, August 31, 2007
:) Thursday, August 30, 2007
အရက်သောက်တာအပြစ်လား (၁)
အရက်သောက်တာအပြစ်လား (၁)
မကောင်းမှန်းသိသိကြီးနဲ့ ဒီမေးခွန်းကို မေးတော့ ရွက်ဝါတစ်ယောက်ကတော့ ကန့်လန့်ကြီးတွေးပြန်ပြီလို့ ဆိုကြမလားမသိ။ ကျွန်တော်စဉ်းစားမိတာကို မပြောခင် ဘာသာရေးနဲ့ ပတ်သက်တာလေး နဲနဲပြောချင်တယ်။ အရက်သောက်ခြင်း ဆိုတာကို လူတိုင်းထိမ်းသိမ်းသင့်တဲ့ ၅ ပါးသီလမှာ ထည့်ထားပေမယ့်၊ ဒုစရိုက်တရား ၁၀ ပါးမှာတော့ မပါတာတွေ့ရတယ်။ ဒုစရိုက်တရားဆိုတာကို ကျွန်တော်ဉာဏ်မှီသလောက် မြန်မာပြန်ကြည့်ရရင် မကောင်းသော အကျင့်လို့ ပြန်မိမယ်ထင်တယ်။ အဲဒီ ၁၀ ပါးကတော့..
၁) သူ့အသက်ကို ညှဉ်းဆဲ၊ သတ်ဖြတ်ခြင်း
၂) သူ့ဥစ္စာကို မတရား ခိုးယူခြင်း
၃) သူ့အိမ်ယာကို ပစ်မှားကျူးလွန်ခြင်း
၎) မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း
၅) ကုန်းတိုက်စကား၊ သွေးခွဲစကားပြောဆိုခြင်း
၆) ကြမ်းတမ်းစကား၊ ညစ်ညမ်းဆဲရေးစကား ပြောဆိုခြင်း
၇) အဓိပ္ပါယ်မရှိသောစကား၊ အနှစ်မရှိသောစကား ပြောဆိုခြင်း
၈) သူတပါးပစ္စည်းကို မတရားကြံစည်ခြင်း
၉) သူတပါးကို သေကြေပျက်စီးအောင် ကြံစည်ခြင်း
၁၀) အယူအဆမှားယွင်းခြင်း တို့ပဲဖြစ်ပါတယ်။
အဲဒီလိုဆိုတော့ အရက်သောက်တဲ့လူကို အကျင့်မကောင်းသူလို့ ဆိုချင်ရင်တော့ ဆိုကြပေါ့။ ကိုယ့်အမြင်နဲ့ကိုယ် ပြောလို့တော့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာသာတရားရဲ့ အဆုံးအမကိုတော့ ကိုးကားလို့ မရဘူး။ ဘာသာတရားက ဆိုထားတဲ့ မကောင်းသော အကျင့် ၁၀ ပါးထဲမှာ အရက်သောက်ခြင်းမှမပါတာ။
ဆိုရိုးစကားတစ်ခုတော့ ကြားဖူးတယ်။ "သူရာ တစ်ပါးကြောင့် ၅ ပါးလုံးမှောက်တတ်တယ်" တဲ့။ အရက်သောက်ပြီး သတိလက်လွတ်ဖြစ်လို့ တစ်ခြားမကောင်းမှုတွေ ပြုမိတတ်တာကို ပြောထားတာနဲ့တူတယ်။ ရှေးပညာရှိတွေက အတွေအကြုံအရ ပြောထားတာဆိုတော့ အလေးထားသင့်တဲ့ အချက်ပါပဲ။
ကျွန်တော်အရက်ကို မှတ်မှတ်ရရ စသောက်ဖူးတာ ၁၀ တန်းအောင်ပြီး ရန်ကုန်မြို့ကြီးကို ရောက်စတုန်းကပါ။ အကြောင်းတိုက်ဆိုင်တော့ ရန်ကုန်မှာ ညီအစ်ကို အရင်းတွေရော၊ ၀မ်းကွဲတွေရော ၆ ယောက်လောက် ဆုံမိကြတယ်။ အဲဒါနဲ့ ဆိုင်တစ်ဆိုင်သွားပြီး ညစာစားဖို့ စီစဉ်ကြတယ်။ အဲဒီမှာ သောက်ရတော့တာပဲ။ အငယ်ဆုံးအစ်ကိုကတောင် ဖွင့်လိုက်ပိတ်လိုက် ပညာရေးစနစ်ထဲမှာ RIT တတိယနှစ်ဆိုတော့ အားလုံးက ကျွန်တော်ထက် အကြီးတွေ။ အသက်ကလည်း တော်တော်ကွာနေတယ်။ အဲဒီတုန်းက ကျွန်တော်သောက်ခဲ့တာ အရက်လို့ဆိုပေမယ့်၊ ဘီယာက များပါတယ်။ နောက်ပိုင်းလေးမှ အကိုအကြီးဆုံးက အရက်ရောထည့်ပေးလို့ အရက်ရောထားတဲ့ ဘီယာကို သောက်ခဲ့တယ်။ သောက်လိုက်ရတာကတော့ တော်တော်လေးကို များသွားတယ်။ အကိုတွေကလည်း စကားလေးပြောလိုက် ကျွန်တော်ကို သောက်ခိုင်းလိုက်နဲ့ မပြတ်တန်းကို ထည့်ပေးနေတော့တာပဲ။
အရက်သောက်ရင်း ကျွန်တော်က ဘယ်သူနဲ့မှ စကားမပြောပဲ ငြိမ်နေတယ်။ အကိုအငယ်ဆုံးကမေးတယ်။ ဘာလို့ စကားမပြောတာလဲ တဲ့။ လူတွေက အရက် သောက်တာနဲ့ ဘာလို့ မူးရတာလဲ၊ ဘာလို့ သတိလက်လွတ်ဖြစ်ပြီး အမှားတွေပြော အမှားတွေလုပ်မိကြတာလဲ၊ အဲဒါကိုစဉ်းစားပြီး ကိုယ့်ကိုကိုယ် အဲလိုမဖြစ်အောင် သတိထား ကြည့်နေတာလို့ ဖြေလိုက်တယ်။ အဲဒီတော့ သူပြန်ပြောတာက..
မမူးအောင်တော့ ကြိုးစားမနေနဲ့ ရမှာမဟုတ်ဘူး။ အယ်(လ)ကိုဟော ရဲ့သဘာဝကိုက လူကိုမူးစေတယ်။ အဲဒါသိပ္ပံနည်းကျကို ဖြစ်တာ။ သောက်တဲ့လူက မူးမှာပဲ။ မင်းကြိုးစားချင်ရင် သတိလက်မလွတ်အောင် အမှားမလုပ်မိအောင် ကြိုးစားလို့ရနိုင်တယ်။ အရက်သောက်ပြီးတဲ့ နောက်မှာ အရမ်းတတ်ကြွပြီးတော့ ထင်ရာလုပ်တတ်တဲ့လူတွေရှိတယ်။ နောက်တော့ မူးတဲ့အရသာလေးကို ဇိမ်ခံပြီးတော့ အေးအေးဆေးဆေးလေး အိပ်နေတတ်တဲ့လူတွေရှိတယ်။ ကိုယ့်ကိုကိုယ် ဘယ်ထဲပါသလဲဆိုတာကို သတိထားကြည့်လို့ရတယ်။ ပထမတစ်မျိုးကတော့ အပြင်မှာ မကြေနပ်ချက်တွေ ရှိနေတုန်း သောက်မိရင် အနားရှိတဲ့ လူတွေ၊ အတူတူသောက်နေတဲ့ လူတွေကို ဒုက္ခပေးတတ်တယ်။ မကောင်းဘူး။ အဲလိုလူမျိုးကို သွေးဆိုးတယ်လို့ ပြောကြတယ်။ သူငယ်ချင်းတွေကလည်း အဲလိုလူမျိုးနဲ့ အရက်အတူတူ မသောက်ချင်ကြဘူး။

ညီတွေကို တွေ့ရင် အမြဲလိုလို အရက်နဲ့ ဧည့်ခံတတ်တဲ့ အကိုကြီးက မိသားစုတွင်းမှာရော အမျိုးတွေကြားမှာပါ အရမ်း လေးစားခံရတဲ့လူပါ။ သူအရက်တိုက်လို့ ညီတွေက မူးပြီးတော့သီချင်း အော်ဆိုရင်ဆိုမယ်။ လဲရင်လဲမယ်။ အံရင်အံမယ်။ နေရာမကျ အိပ်ရင်အိပ်မယ်။ ဘယ်သူတွေ ဘာဖြစ်ဖြစ်သူကတော့ ပုံမှန်ပဲ။ လဲလောက်အောင်းလည်း တစ်ခါမှ မမူးဖူးဖူး။ မူးလို့ဆိုပြီး စကားလည်း မမှားဖူးဘူး။ ညီအစ်ကို တတွေအတူတူ စားသောက်ထားတဲ့ ၀ိုင်းကို သူပဲသိမ်းရတာများတယ်။ နောက်တစ်နေ့ အရက်နာကျရင်လည်း သူက ပြုစုသေးတယ်။ သူ့ရဲ့လက်သုံးစကားက.."မူးချင်သလောက်မူးစမ်းပါ။ မမေ့ပါနဲ့။" တဲ့။ သူကတော့ သူ့စကားအတိုင်း အတိအကျနေနိုင်တယ်။ သူ့ညီတွေကတော့ အဲဒီလောက် မဟုတ်ကြပါဘူး။ ကျွန်တော် ရန်ကုန်မှာ ကျောင်းတတ်တော့ အဆောင်မှာနေရတယ် ဆိုပေမယ့်။ တစ်ခါတစ်လေတော့ တွေဖြစ်ပါတယ်။ အေးအေးဆေးဆေး တွေ့တဲ့အခါတိုင်း အရက်တိုက်တာပါပဲ။ ဒါပေမယ့် သူမပါပဲ တစ်ခြားမှာ သူငယ်ချင်းတွေနဲ့ သိပ်ပြီး မသောက်ဖို့လည်း အမြဲမှာတတ်ပါတယ်။
အိမ်ထောင်ကျတော့လည်း မိန်းမအပေါ်မှာ တာဝန်ကျေတဲ့ ယောက်ျားတစ်ယောက် ဖြစ်လာပါတယ်။ မိန်းမကလည်း သူ့ကို အရမ်းလေးစားပါတယ်။ သူအရက်သောက်ရင် မိန်းမက လိုအပ်တာလုပ်ပေးပါတယ်။ ဘယ်လောက်ပဲ သောက်နေနေ၊ ချုပ်ချယ်တာမျိုးလုံးဝ မရှိပဲ ကျန်းမာရေးအတွက် သတိပေးရုံလောက်ပဲ ရှိပါတယ်။ သူကလည်း မိန်းမကို ထမင်းဟင်းသာ ချက်ခိုင်းတာ။ ဘယ်တော့မှ အရက်မြည်း လုပ်မခိုင်းပါဘူး။ သူ့ဟာသူလာလုပ်ပေးရင်တော့ စားပါတယ်။ အလုပ်လုပ်နေတဲ့ အချိန်လည်း ရန်ကုန်မှာပဲ ရှိရှိ၊ နယ်မြို့တွေ့ပဲ သွားသွား အချိန်အားတာနဲ့ မိန်းမဆီကို ဖုန်းခေါ်လေ့ရှိပါတယ်။ အလုပ်ကနေ အိမ်ပြန်ချိန်နောက်ကျတယ် ဆိုတာလည်း မရှိသလောက် ရှားပါတယ်။ ၁၅ မိနစ် နာရီဝက်လောက် နောက်ကျမယ်ဆိုရင် အမြဲတမ်း မိန်မကို ဖုန်းဆက်သတင်းပို့ပါတယ်။
သူအလုပ်ကပြန်လာတဲ့ အခါလည်း မိန်းမအတွက် စာအုပ်၊ သီချင်းခွေ၊ vcd ခွေစတာတွေ ၀ယ်လာတတ်ပါတယ်။ ကိုယ့်မိန်းမကိုကိုယ်လည်း အရမ်း ဂရုစိုက်ပါတယ်။ သူဘာတွေကြိုက်တတ်တယ် ဆိုတာကိုလည်း ကောင်းကောင်းလေ့လာထားတယ်။ အရက်ဘယ်လောက်ပဲ သောက်ထားထား မိန်းမက တစ်ခုခုအကြောင်းကို စိတ်ဝင်တစား ဆွေးနွေးလာရင် ပြန်ပြီးဆွေးနွေး အကြံပေးနိုင်ပါတယ်။ သူ့မှာမကောင်းတဲ့ အကျင့်တစ်ခုက သူကြိုက်တဲ့ဂီတ (စာအုပ်) ဆိုရင်သူ့မိန်းမကို စိတ်မ၀င်စားလည်း အတင်း ခံစားခိုင်း(ဖတ်ခိုင်း)ပါတယ်။ ဒါလည်း မူးတဲ့အချိန်မှလုပ်တတ်တာမျိုး မဟုတ်ပါဘူး။ မူးမူး၊ မမူးမူး အဲဒါသူ့အကျင့်။ ဘာပဲဖြစ်ဖြစ် သူ့မိန်းမက သူ့ကို တော်တော်လေးစားပါတယ်။
ကုမ္ပဏီ ၀န်ထမ်းတစ်ယောက် အနေနဲ့လည်း သူကအောင်မြင်သူတစ်ယောက်ပါ။ သူတာဝန်ယူရတဲ့ အပိုင်းကိုလည်း ကျွမ်းကျင်တယ်။ လက်အောက်ငယ်သား တွေကိုလည်း အကာအကွယ်ပေးတယ်။ ကုမ္ပဏီအပေါ်ကိုလည်း သစ္စာရှိတော့ အလုပ်ရှင်ကလည်း သဘောကျတယ်။ သူအရက်သောက်တာလည်း ညနေအလုပ် အားလုံးပြီးမှ သောက်တာများပါတယ်။ အလုပ်ချိန်မှာမသောက်တတ်ပါဘူး။
ရန်ကုန်မှာ နေတယ်ဆိုပေမယ့် ရွာက ကိစ္စတွေ ဆိုရင်လည်း အမြဲတာဝန်ယူပါတယ်။ အထူးသဖြင့် အထကကျောင်း ကိစ္စတွေပါ။ ရွာ အထကကျောင်းရဲ့ ကျောင်းသားဟောင်း များအသင်းမှာလည်း တာဝန်တွေယူထားပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ပင်စင်စား ဆရာကြီးများ ကန်တော့ပွဲ အတွက်ဆိုရင်လည်း ဦးဆောင်အလှူငွေထည့်တယ်။ ကိုယ့်ရွာက နေရန်ကုန်ရောက်နေတဲ့လူတွေကို လက်လှမ်းမှီသလောက် စုပြီးအလှူငွေယူပေး ရွာကိုပို့ပေး အမြဲလုပ်ပါတယ်။ အားလုံးကလည်း သူ့ကို ယုံယုံကြည်ကြည်ပါပဲ။ ငွေကြေးတတ်နိုင်တာကြောင့်လည်း ပါမယ်ထင်ပါတယ်။ သူလုပ်ပေးလို့လည်း ဘာပြဿနာမှ မရှိဖူးပါဘူး။
သူက အရက်ကို အချိန်ကြာကြီး စွဲပြီး အလွန်အကျွံသောက်တော့ အခုသူ့ကျန်းမာရေးတော့ ထိခိုက်နေပါပြီ။ အသဲမှာ ရောဂါတစ်ခုစွဲနေပြီလို့ ပြောပြဖူးတယ်ထင်ပါတယ်။ သူရှာတဲ့ငွေ သူသုံးတာပဲလို့ဆိုပေမယ့်၊ သူသာအရက်မသောက်ရင် မိသားစုစီးပွားရေးအတွက် ပိုကောင်းမှာတော့ သေချာပါတယ်။ မိသားစုလို့ဆိုပေမယ့် လင်မယား ၂ ယောက်တည်းပါ။ သူ့ကျန်းမာရေးထိခိုက်တာ မိသားစုစီးပွားရေး ထိခိုက်တာကပဲ ရေရှည်မှာ မိန်မအတွက် ကံမကောင်းသလိုတော့ ဖြစ်နိုင်တာပေါ့။ သူအရက်သောက်တာက မိန်းမကို သွယ်ဝိုက်တဲ့နည်းနဲ့ ဒုက္ခပေးသလိုတော့ ဖြစ်နေတာပေါ့။
အဲဒီဝမ်းကွဲအကိုက မိသားစုအပေါ်၊ အမျိုးတွေအပေါ်၊ ရပ်ရွာအပေါ် မိမိရဲ့ အလုပ်တာဝန်အပေါ် တာဝန်ကျေပွန်ပြီး စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေး အောင်မြင်မှု ကောင်းကောင်းရထားတယ်။ အရက်ကို အရမ်းသောက်တယ် ဆိုပေမယ့် သူ့လက်သုံးစကား .."မူးချင်သလောက်မူးစမ်းပါ။ မမေ့ပါနဲ့။" ဆိုတဲ့စကားနဲ့အညီနေတော့ သူကဘယ်လောက်ပဲသောက်ထားထား ဘယ်သူ့ကိုမှမ တိုင်ရိုက် မထိခိုက်စေပါဘူး။ အဲလိုဆိုတော့ ကျွန်တော်အနေနဲ့ အရက်သောက်တာလေး တစ်ခုနဲ့ သူ့ကို အကျင့်မကောင်းသူ ဆိုတဲ့စကားမျိုးနဲ့ အပြစ်ဖို့တော်တော်ခက်နေတယ်။ အဲဒါကြောင့် အရက်သောက်တာ အပြစ်လားလို့ မေးမိတာပါ။
ကျွန်တော်စိတ်ထင်ပြောရရင် အရက်သောက်တာက အပြစ်မဟုတ်ပါဘူး။ သောက်ပြီးတဲ့နောက် ကိုယ့်စိတ်ကိုကိုယ် မထိမ်းနိုင်ဖြစ်သွားပြီး မလုပ်သင့်တာတွေလုပ်ခြင်း၊ မပြောသင့်တာတွေ ပြောခြင်း၊ မိမိပတ်ဝန်းကျင်ကလူတွေကို ဒုက္ခပေးခြင်း စတာတွေကမှ အပြစ်တွေပါ။ အဲဒါတွေအားလုံးရဲ့ အဓိက အကြောင်းရင်းက ကိုယ့်စိတ်ကိုကိုယ် မနိုင်ခြင်ပါပဲ။ တစ်ချို့ကကြတော့လည်း အရက်သောက်လိုက်ရင် သတိလက်လွတ်ဖြစ်ပြီး အထက်ကအပြစ်တွေ လုပ်တတ်ကြတယ်။ အဲဒီလိုလူတွေက အရမ်းများတော့ တစ်ချို့ အရက်သမားတွေခမျာ အလကားနေရင်း ပြစ်တင်ခံနေကြရတာလို့ထင်တာပဲ။
မှတ်ချက်။ ။ကိုမိုးစက် ရဲ့ယမကာလုလင်တစ်ယောက်အကြောင်း ပို့စ်ကိုဖတ်ပြီး ဒီပို့စ်လေး ရေးဖို့ စိတ်ကူးရသွားတာပါ။ ဒုစရိုက်တရား ၁၀ ပါးကိုတော့ မမေဓာဝီ ရဲ့ ကျမ သိသော ကိုယ်ကျင့်တရား ပို့စ်ကကူးယူဖေါ်ပြလိုက်တာပါ။ နောက်တစ်ခါလည်း အရက်သောက်တဲ့ သူငယ်ချင်းတစ်ယောင် အကြောင်းကို ဥပမာပေးပြီး ဆက်ဆွေးနွေးပါဦးမယ်။
Labels:
အတွေးသမားရဲ့အရေးသားလေးတွေ..
:) Wednesday, August 29, 2007
မာဒေးကားနှင့်ကျွန်တော်
မာဒေးကား ဘောလုံးပြိုင်ပွဲ မြန်မာဘောလုံးအသင်းကြီး ဗိုလ်လုပွဲ တတ်ရောက်သွားတော့ " ဟ ဘယ်ဆိုလို့တုန်း။ ဒါမှ မြန်မာကွ "ဆိုပြီး ဂုဏ်ယူလိုက်မိတယ်။ ဒီပွဲလေးကြည့်ဖို့ အားခဲလိုက်ပြီး အပေါင်းအသင်းရောင်းရင်း ညီနောင်တတွေ အင်တာနက်လင့်(ခ်) လေးကစောင့်လို့ပေါ့။ ကွန်နက်ရှင်ကလည်း မကောင်းတော့ ပုံရိပ်တွေကလည်း ငြိမ်လို့။ ကြည့်စရာ ဆိုလို့ ဒီနည်းလမ်းပဲရှိတော့ ပေကပ်ပြီး ကြည့်ရတာပေါ့ဗျာ။ စတာမှ မကြာသေးဘူး ဂိုးပေးလိုက်ရရော။ ဟုတ်တော့ မဟုတ်သေးဘူးဟ။ ကိုယ်ကြည့်လို့များ ရှုံးတာလား မသိဘူးပေါ့။ အားရပါးရ ပျော်ပျော်ကြီး အားပေးပါမယ်ဆိုမှ ရှုံးနေတော့ ရင်ထဲတော့ကောင်းလှဘူး။ ကစားပုံလေးကကောင်းနေတော့ မဆိုးဘူး။ တိုးတတ်မှုရှိတယ်။ ရှုံးရင်တောင် အားပေးရကြိုးနပ်ပါတယ် ဆိုပြီးပြောရင်း ဆိုရင်း ရပ်လိုက်၊ သွားလိုက် ဘောပွဲကြီးကို အားပေးနေကြတာပေါ့။ ပထမပိုင်း ပြီးကာနီးလေး မြန်မာက ဂိုးသွင်းလိုက်တာ တွေ့လိုက်တော့ ပျော်သွားကြတာပေါ့။ ဂိုးမပေး ဘူးတဲ့ဗျာ။ ဒိုင် ဆိုတာလည်း အိမ်ရှင်ဘက်ပါတာပေါ့။ ကိုယ့်နိုင်ငံ ကလည်း အရှေ့တောင်အာရှ မှာတောင် မျက်နှာငယ်နေရတော့ လူမလေး၊ ခွေးမခန့် လုပ်ချင်ကြတယ်။ တကယ်ဆို ဥာဏ်ရည်လည်း မနိမ့်၊ ဇွဲသတ္တိလည်း မနည်းကြပါဘူး။ လမ်းကြောင်းလွဲနေလို့ အားလုံး လူများနိုင်ငံတွေက ထင်သေးခံနေရတာ။ ပြောရင်းနဲ့ ဘယ်ချော်တောငေါ့ သွားမှန်းတောင် မသိတော့ဘူး။ အမှန်ကတော့ ပြောကို မပြောချင်ဘူး။ ရသင့်တဲ့ ဂိုးမရတော့ ဒီလိုပဲ လှည့်ပတ်တွေးပြီး စိတ်ဖြေရတာပေါ့။ ရှုံးသာရှုံးနေတယ် ပထမပိုင်း မြန်မာအသင်း ကစားသွားတာတော့ အားရကျေနပ်မိတာ အမှန်ပဲ။
ဒုတိယပိုင်း အစလည်းကောင်းတုန်းဗျာ။ အားပေးရကျိုးနပ်တယ်ပေါ့။ တွေးတုန်းရှိသေး ကိုယ့်ဂိုးကိုယ်သွင်းမိပါလေရော။ နောက်တန်းက ကြည့်လို့ရသလောက် တော်တော်အမှားများတယ်။ ဖြစ်တတ်ပါတယ်လေ။ အကောင်းဆုံး ကစားပြီးရှုံးသွားလည်းတန်ပါတယ် လို့ ဖြေတွေးလေး တွေးနေတုန်း နောက်ထပ် တစ်ဂိုး ပေးလိုက်ရပြန်ရော။ ကွန်နက်ရှင်ကလည်း ၀ိုင်းဆွဲကြည့်ကြလို့ လားမသိဘူး ကျ ကျ သွားတယ်။ ရှုံးပြီ ဆိုတာနဲ့ မြန်မာ တို့စိတ်ဓာတ်တွေပြလာတော့တာပဲ။ လူချပြီလေ။ တော်တော်ဆိုးတဲ့ အကျင့် စရိုက်ဗျာ။ မြန်မာကစားသမားတွေကို စိတ်ဓာတ်ပိုင်းပါ နည်းပြဖို့လိုနေပြီ။ အင်းလေ မိဘမှ မကောင်းတာ သားသမီးတွေလည်း ဘယ်လိုလုပ်ဆုံးမမလဲ။ ကြိုးစားပမ်းစား ကစားသွားတာကို တော့ချီးကျူးပါတယ်။ တစ်ဂိုး ပြန်ယူပေးနိုင်တဲ့စိတ်ဓာတ်ကိုတော့လေးစားပါတယ်။ တကယ်က ကလေးတွေက ကောင်းတယ်ဗျ။ လူကြီးတွေသာ။ နောက်ဆုံးတော့လည်း မထူးပါဘူး ကိုယ်တိုင်သွားကန်တာပဲ ကောင်းတယ်ဆိုပြီး ကစားကွင်းဘက် ခြေဦးလှည့်လိုက်ပါတော့တယ်ဗျား။ အဲဒီ ညနေက ရှုံးတယ်ဗျ။

ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
:) Tuesday, August 28, 2007
ရုရှားရိုးရာ ဟာသလေးတွေ
စာသင်ခန်းထဲမှာ ဆရာမပြောပြထားတဲ့ ရုရှားရိုးရာ ဟာသလေးတွေပါ။ သတိရလို့ မြန်မာလို ချရေးလိုက်တာ။
၁။ အသက်ကိုဒီလိုလည်း သိနိုင်တယ်။
ကလေးကစားကွင်းထဲတွင် ကလေးငယ် ၂ ယောက် စကားပြောနေကြသည်။
ပ၊ကလေး :: သူငယ်ချင်း မင်းအသက်ဘယ်လောက်ရှိပြီလဲ။
ဒု၊ကလေး :: မသိဘူးကွ။ မင်းအသက်ကရော။
ပ၊ကလေး :: ငါက ၄ နှစ်ရှိပြီ။ ဒါနဲ့ မင်းကောင်မလေးတွေကို ကြိုက်တတ်ပြီလား။
ဒု၊ကလေး :: ဟင့်အင်း။ ကြိုက်တတ်သေးဘူး။
ပ၊ကလေး :: ဒါဆိုမင်းအသက် ငါသိတယ်။
ဒု၊ကလေး :: ဒါဆိုဘယ်လောက်လဲ။ ပြောစမ်း။
ပ၊ကလေး :: ၃ နှစ်။
၂။ စမ်းမကြည့်ဖူးပဲဘယ်လိုလုပ်သိနိုင်မလဲ။
တက္ကသိုလ် ကျောင်းသား ၂ ယောက်စကားပြော နေကြသည်။
ပ၊ကျောင်းသား :: သူငယ်ချင်း။ မင်းဂစ်တာ တီးတတ်လား။
ဒု၊ကျောင်းသား :: မသိဘူးကွ တစ်ခါမှစမ်းမကြည့်ဖူးသေးဘူး။
၃။ မဖတ်ပါဘူးဆို။
စာတိုက်တွင် မိန်းကလေးတစ်ယောက် သူငယ်ချင်ထံ စာပို့ရန် စာတစ်စောင် အရေးတစ်ကြီး ရေးနေသည်။ ယောက်ျားကြီး တစ်ဦးက စာရေးနေသူ မိန်းကလေးနားတွင် ရပ်နေသောကြောင့် စာရေးသူ မှာမလွတ်မလပ် ဖြစ်နေသည်။ ထို့ကြောင့်သူမက စာကို အောက်ပါအတိုင်း အဆုံးသတ်လိုက်သည်။
"သူငယ်ချင်း ငါစာရေးနေတာကို လူကြီးတစ်ယောက်လာဖတ်နေတယ် ငါဆက်မရေးချင်တော့ဘူး"
ထိုအချိန်တွင် ယောက်ျားကြီးက "ငါဖတ်မနေပါဘူး။ လွတ်လွတ်လပ်လပ် ရေးပါ" ဟု ပြောလိုက်သည်။
Labels:
ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
:) Monday, August 27, 2007
မာယာရဲ့ကျေးကျွန်
ရင်ထဲက မီးတောင်ကြီး
ပေါက်ကွဲ
နှလုံးသား တာရိုးတို့
ကျိုးပေါက်
မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်
ကျပေမယ့်
မင်းကတော့
အပြုံးမပျက်
စောင်းကြိုးကို ညှို့လျှက်
မင်းလက်ချောင်းဖျားမှ
စီးဆင်းလာသော
သံစဉ်ချိုရှရှတို့အောက်
ငါ့ကို အကြိမ်ကြိမ်
ဒူးထောက်စေခဲ့တယ်။
ဘာကြောင့်မှန်းတော့ မသိ
မျက်ဝန်းမှာခိုတွဲ
မျက်ရည်တို့ စိုရွှဲ နေပေမယ့်လည်း
မင်းကို စိတ်မနာနိုင်အားပါလား။
ဒီလောက် လှပတဲ့
မိန်းမပျိုတစ်ယောက်ဆီက
ဒီလောက် ကြောက်စရာကောင်းတဲ့
ရက်စက်မှုမျိုး တွေ့ရလိမ့်မယ်လို့
မမျှော်လင့်မှုနောက်မှာ
ပြင်ဆင်မှုတွေလည်း အရာရာ
နောက်ကျခဲ့ပေါ့။
ရိုးသားတဲ့ ချစ်ခြင်းနဲ့
အပြစ်ကင်းကင်း
ချစ်ခဲ့တဲ့ ငါ့ကိုမှ
အပြင်းထန်ဆုံး
လှည့်စားရက်လေခြင်းဆိုတဲ့
အသိက
နှလုံးသားကို
အပ်ဖျားလေးနဲ့ဆွသလို
တဆစ်ဆစ် နာကျင်ရပါလား။
ဒါပေမယ့်ပေါ့လေ
အကြိမ်ကြိမ် နာကျင်နေပေမယ့်လည်း
အကြိမ်ကြိမ် မေ့ပျောက်ပြီး
မင်းရှေ့ ဒူးထောက်နေခွင့်ရတဲ့
ခဏလေးကိုပဲ
ငါကျေနပ်နေတယ်။
ပေါက်ကွဲ
နှလုံးသား တာရိုးတို့
ကျိုးပေါက်
မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်
ကျပေမယ့်
မင်းကတော့
အပြုံးမပျက်
စောင်းကြိုးကို ညှို့လျှက်
မင်းလက်ချောင်းဖျားမှ
စီးဆင်းလာသော
သံစဉ်ချိုရှရှတို့အောက်
ငါ့ကို အကြိမ်ကြိမ်
ဒူးထောက်စေခဲ့တယ်။
ဘာကြောင့်မှန်းတော့ မသိ
မျက်ဝန်းမှာခိုတွဲ
မျက်ရည်တို့ စိုရွှဲ နေပေမယ့်လည်း
မင်းကို စိတ်မနာနိုင်အားပါလား။
ဒီလောက် လှပတဲ့
မိန်းမပျိုတစ်ယောက်ဆီက
ဒီလောက် ကြောက်စရာကောင်းတဲ့
ရက်စက်မှုမျိုး တွေ့ရလိမ့်မယ်လို့
မမျှော်လင့်မှုနောက်မှာ
ပြင်ဆင်မှုတွေလည်း အရာရာ
နောက်ကျခဲ့ပေါ့။
ရိုးသားတဲ့ ချစ်ခြင်းနဲ့
အပြစ်ကင်းကင်း
ချစ်ခဲ့တဲ့ ငါ့ကိုမှ
အပြင်းထန်ဆုံး
လှည့်စားရက်လေခြင်းဆိုတဲ့
အသိက
နှလုံးသားကို
အပ်ဖျားလေးနဲ့ဆွသလို
တဆစ်ဆစ် နာကျင်ရပါလား။
ဒါပေမယ့်ပေါ့လေ
အကြိမ်ကြိမ် နာကျင်နေပေမယ့်လည်း
အကြိမ်ကြိမ် မေ့ပျောက်ပြီး
မင်းရှေ့ ဒူးထောက်နေခွင့်ရတဲ့
ခဏလေးကိုပဲ
ငါကျေနပ်နေတယ်။
Labels:
ကဗျာ,
ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
:) Sunday, August 26, 2007
ပြည်ပတွင်နိုင်ငံသားခံယူခြင်း နဲ့ နိုင်ငံချစ်စိတ် (၂)

ဆရာတော်ကြီးတစ်ပါးက ဟောဖူးတယ်။ လူမှာအဓိက အလုပ် ၃ ခုရှိတယ်တဲ့။
၁၊ မိမိ အကျိုးကို ဆောင်ရွက်ခြင်း
၂၊ ဆွေမျိုးမိတ်သင်္ဂဟတို့ အကျိုးကို ဆောင်ရွက်ခြင်း
၃၊ လောက အကျိုးကို ဆောင်ရွက်ခြင်း တဲ့။
ကျွန်တော်ကတော့ အဲဒီအချက်တွေပေါ်မှာ ကြည့်ပြီး လူ့တန်ဖိုးကို သတ်မှတ်ချင်တယ်။ အများစုကလည်း လက်ခံကြမယ်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မာသာထရီဆာ အပါအ၀င် ကမ္ဘာကလေးစားရတဲ့ ခေါင်းဆောင်တွေဟာ နံပါတ် ၃၊ အလုပ်ကို အောင်မြင်စွာ လုပ်နိုင်ကြသူတွေ ကြီးပဲလေ။ ဆရာတော်ဟောခဲ့တာက ဘုရားတရားတော်တွေကို ကိုးကားပြီးဟောထားတာ။ ဘယ်လောက်ထိ လွတ်လပ်လိုက်သလဲ။ ဘယ်လောက်ထိပွင့်လင်းတဲ့ စိတ်ကူးတွေလည်း စဉ်းစားကြည့်ပါဦး။ အဲဒီမှာ လူမျိုး၊ ဘာသာ အယူဝါဒ၊ အုပ်ချုပ်မှုဆိုင်ရာ ဧရိယာ မတူညီမှုတွေ အားလုံးကို ဖယ်ရှားပြီးစဉ်းစားထားတာ တွေ့ရတယ်။
လူတစ်ယောက်ဟာ မိမိနိုင်ငံကို ချစ်တဲ့စိတ်နဲ့ မိမိနိုင်ငံ လက်ရှိအစိုးရက ပေးထားတဲ့ နိုင်ငံသားလက်မှက်ကို အခက်အခဲ အမျိုးကြားကနေ ဆက်လက်ကိုင်ဆောင်ထားတယ် ဆိုပါစို့။ သူ့ရဲ့နိုင်ငံအပေါ်ချစ်စိတ်ကို တော့အသိအမှတ်ပြုရမှာပါ။ အဲဒီလိုအခက်အခဲတွေကြားက ခေါင်းမာစွာကိုင်ဆောင်ထားမှုကြောင့် မိမိဟာသူတစ်ပါးအပေါ်မှာ ၀န်ထုပ်ဝန်ပိုးဖြစ်လာနိုင်တယ်။ ကိုယ်တိုင်တောင် အဆင်မပြေလှတဲ့ ဘ၀မှာ နံပါတ် ၂၊ နဲ့ နံပါတ် ၃၊ အလုပ်တွေကို လုပ်နိုင်ဖို့ ဆိုတာတော်တော်မလွယ်တဲ့ ကိစ္စဖြစ်သွားပြီ။ အဲဒီမှာတင်လူ့တန်ဖိုးက တော်တော်ကျသွားပြီ။
ဒီနိုင်ငံမှာ နိုင်ငံသားခံယူလိုက်ရင် ဘ၀ပိုအဆင်ပြေနိုင်တယ် ဆိုလို့ခံယူလိုက်တယ်။ ပိုပြီးလည်း အဆင်ပြေသွားတယ်။ အဲလိုဆိုရင်ဒီလူဟာ ပထမအလုပ် တော်တော်လေး အောင်အောင် မြင်မြင်ပြီးသွားတယ်။ ဘယ်သူကိုမှလည်း ဒုက္ခမပေးတော့ဘူး။ နံပါတ် ၂၊ နဲ့ နံပါတ် ၃၊ အလုပ်တွေကို ဆောင်ရွက်ခြင်းမဆောင်ရွက်ခြင်း (မိခင်နိုင်ငံကို ပြန်ပြီး အကျိုးပြုခြင်း မပြုခြင်း)ကတော့ လူအပေါ်မှာမူတည်ပါတယ်။ လုပ်တယ်ဆိုရင် ကျေးဇူးတင်ရမှာပေါ့။ ချီးမွှမ်းရမှာပေါ့။ မလုပ်ရင်တော့ ပြောစရာမရှိပါဘူး။ အပစ်လည်းမတင်သင့်ပါဘူး။ သူ့ကို နံပါတ် ၂၊ နဲ့ နံပါတ် ၃၊ အလုပ်တွေကို လုပ်ချင်လာအောင်(မိခင်နိုင်ငံကို ပြန်ပြီး အကျိုးပြုချင်လာအောင်) တရားဟောနိုင်ရင်တော့ ကောင်းတာပေါ့။ (အဲဒီလိုဆိုတော့လည်း မိမိနိုင်ငံက နိုင်ငံသားကို စွန့်လွှတ်သွားတဲ့ လူကိုမှမဟုတ်ပါဘူး လုံးဝနိုင်ငံခြားသား တစ်ယောက်ကို ဟောနိုင်ရင်လည်း ကောင်းတာပဲလေ။)
ပြည်ပမှာနိုင်ငံသားခံယူခြင်းနဲ့ နိုင်ငံချစ်စိတ်ကရော ဘယ်အတိုင်းအတာထိပတ်သက်နေလဲ။ လူတစ်ယောက်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတစ်ခုမှာ နိုင်ငံသားခံယူလိုက်ရတယ်။ ဒါပေမယ့် မိခင်နိုင်ငံရဲ့ တိုးတတ်ရာတိုးတတ်ကြောင်း၊ မိခင်နိုင်ငံက ပြည်သူတွေရဲ့ ဘ၀ ကောင်းစားရာ ကောင်းစားကြောင်းကို လူအား၊ ငွေအား၊ အကြံဉာဏ်အားတွေနဲ့ တတ်နိုင်တဲဖက်က ကူညီနေရင် အဲဒီလူဟာ ( အမှတ် ၁ မှာတုန်းက ကျွန်တော်ပြောခဲ့တဲ့ အဓိပ္ပာယ်သတ်မှတ်ချက်အတိုင်းဆိုရင်) မိခင်နိုင်ငံကို ချစ်တဲ့သူလို့ပဲ ပြောရမှာပဲ။ (ဒီနေရာမှာ သတိထားစရာရှိတာက "ဒီနိုင်ငံမှာ ငါက အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားဖြစ်နေတာ။ ဒီနိုင်ငံကိုငါမချစ်ဘူး။ ဒီနိုင်ငံက နိုင်ငံသားတစ်ယောက် တာဝန်ကို မယူနိုင်ဘူး။" ဆိုတဲ့ အယူအဆမျိုးနဲ့တော့ မနေသင့်ဘူး။ နိုင်ငံတစ်ခုမှာ နိုင်ငံသားမှဖြစ်လာပြီဆိုရင် တတ်ကြွလှုပ်ရှားသူ တစ်ယောက် မဖြစ်ရင်တောင် တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက်တော့ ဖြစ်သင့်တယ်။ ဥပမာ ... နိုင်ငံခေါင်းဆောင် ရွေးကောက်ပွဲနဲ့ ကြုံလာတဲ့အခါ၊ အဂတိလိုက်စားမှုကင်းစွာ နိုင်ငံအတွက် အမှန်တကယ် သင့်တော်မယ့် ခေါင်းဆောင်ကို မဲပေးရွေးချယ်ခြင်း တာဝန်တော့ ယူသင့်တယ် လို့ထင်ပါတယ်။ )
မိခင်နိုင်ငံမှာပဲ ရိုးမြေကျနေသွားတဲ့ နိုင်ငံသား စစ်စစ်ကြီးတွေ ဖြစ်ပေမယ့် နိုင်ငံတိုးတတ်ရာ တိုးတတ်ကြောင်းကို မဆောင်ရွက်တဲ့အပြင် လိုက်ပြီးတော့ ပိတ်ပင်နေမယ်၊ နှောင်ယှက်နေမယ်၊ နိုင်ငံသားတို့ကို စားဝတ်နေရေးကစလို့ အခက်အခဲ အမျိုးမျိုးတွေ တွေ့အောင်လုပ်နေမယ်ဆိုရင် သူတို့ကို ကျွန်တော့်သဘော အရတော့ နိုင်ငံချစ်စိတ်ရှိသူတွေလို့ မပြောနိုင်တော့ဘူး။ (အဲဒီလို လူမျိုးတွေကလည်း တကယ်ကို ရှိတတ်တယ်။ တရားဥပဒေ မစိုးမိုးတဲ့ ခေတ်တွေဆိုရင် ပိုဆိုးသေးတယ်။)
အခုကျွန်တော်တွေးသလို တွေးလိုက်တော့ ပြည်ပမှာနိုင်ငံသားခံယူခြင်းနဲ့ နိုင်ငံချစ်စိတ်က လုံးဝမပတ်သက်ဘူး ဆိုတာတွေ့ရတယ်။ ( မိခင်နိုင်ငံ လက်ရှိအစိုးရ အဖွဲ့ ကပေးထားတဲ့ အသိအမှတ်ပြု ကဒ်ပြားကိုင်ဆောင်ထားခြင်းကိုမှ နိုင်ငံချစ်စိတ်လို့ အဓိပ္ပာယ်ဖွင့်ရင်တော့ တမျိုးပေါ့လေ။) လူတစ်ယောက်က လူကောင်းတစ်ယောက်ဆိုရင် မိမိကိုယ်မိမိ တန်ဖိုးရှိတဲ့ လူတော်တစ်ယောက် ဖြစ်အောင်ကျိုးစားရမှာပေါ့။ တန်ဖိုးလို့ဆိုတော့ ကျွန်တော်ကတော့ လူ့တာဝန် ၃ ခုထမ်းဆောင်မှု အပေါ်မှာ ကြည့်ပြီးပဲ သတ်မှတ်တယ်။ အဲဒီတာဝန် ၃ ခု ထမ်းဆောင်ရာမှာ အဆင်ပြေချောမွေ့အောင်လို့ သင့်တော်တဲ့ အစိုးရအဖွဲ့ဆီက အသိအမှတ်ပြုတဲ့ နိုင်ငံသားကို လျှေက်ထားသင့်တယ်လို့ထင်တယ်။ ဘယ်နေရာ ဘယ်ဒေသပဲ ရောက်နေနေ၊ ဘယ်အစိုးရက ပေးတဲ့လက်မှတ်ကို ပဲကိုင်ထားထား ( အမှတ် ၁ မှာတုန်းက ပြောခဲ့သလိုပဲ) မိခင်နိုင်ငံက ပြည်သူလူထုကို မချစ်ရလို့ ဘယ်သူကမှမ တားမြစ်လို့ မရနိုင်ပါဘူး။ မိခင်နိုင်ငံက ပြည်သူတွေ အကျိုးကို မဆောင်ရွက်ရလို့ တစ်ယောက်ယောက်က အဖွဲ့တစ်ခုခုက တားမြစ်လာရင်လည်း ဒါဟာ ကျော်လွှားရမယ့် အခက်အခဲ တစ်ခုလို့ သဘောထားပြီး အောင်မြင်အောင် ကြိုးစားဖို့ပဲလိုပါတယ်။
(မိခင်နိုင်ငံကို ပြန်ပြီး အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ နေရာတစ်ခုခုမှာ တာဝန်ထမ်းဆောင်ဖို့ စိတ်ကူးရှိတဲ့သူ အတွက် ဆိုရင်တော့ အခြားအစိုးရ အဖွဲ့တစ်ခုက ပေးအပ်တဲ့ အသိအမှတ်ပြုလက်မှတ်ကို လျှောက်ထားဖူးခြင်း၊ ကိုင်ဆောင်ဖူးခြင်း၊ အခြားအစိုးရ အဖွဲ့ရဲ့ လက်အောက်ခံ ဌာနတစ်ခုခုမှာ တာဝန်ထမ်းဆောင်ဖူးခြင်းတွေ ရှိရင်တော့ အမဲစက်တစ်ခု ဖြစ်နေနိုင်တာပေါ့။ အဲလိုလူတွေကတော့ ပြည်ပနိုင်ငံမှာ နိုင်ငံသားခံယူခြင်းကိုရှောင်ရှား သင့်တယ်။ အလုပ်လုပ်မယ်ဆိုရင်လည်း UN လက်အောက်ခံ ဌာနတို့လို၊ NGO တို့လို၊ ပုဂ္ဂလိက လုပ်ငန်းတို့လို မှာပဲလုပ်သင့်တယ်လို့ထင်တယ်။ )
အုပ်ချုပ်မှု ဧရိယာ မတူညီမှု အပေါ်အခြေခံပြီး လူသားခြင်း သွေးခွဲတတ်တဲ့ နိုင်ငံချစ်စိတ် ဆိုတဲ့ အနှောင်အဖွဲ့ ကင်းရှင်းစွာနဲ့ လူ့တာဝန်တွေကို အဆုံးစွန်ထိ အောင်မြင်စွာ ထမ်းဆောင် နိုင်ကြပါစေ။
မ gT ရဲ့ဘလော့ဂ်က Open Mind (သို့) ဖွင့်ထားသော စိတ်ကူးများ ဆိုတဲ့ပို့စ်ကို ဖတ်ပြီး တွေမိသမျှတွေ ချရေးလိုက်တာ ပို့စ် ၃ ခုရေးဖြစ်သွားတယ်။ အဲလို စိတ်ကူးတွေပေါ်လာအောင် လုပ်ပေးတဲ့ ပို့စ်အတွက် မ gT ကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်ရေးဖြစ်သွားတဲ့ ပို့စ်တွေကတော့
၁။ ပြည်ပတွင်နိုင်ငံသားခံယူခြင်း နဲ့ နိုင်ငံချစ်စိတ် (၁)
၂။ ဘ၀အဖေါ် ရွေးချယ်ခြင်း နှင့် မျိုးချစ်စိတ်
တစ်ခြားဆက်စပ်တဲ့ ပို့စ်တွေကတော့
၁။ မ gT ရဲ့ Open Mind (သို့) ဖွင့်ထားသော စိတ်ကူးများ
၂။ မကေသွယ် ရဲ့ နှလုံးသားယိုစီးမှု (သို့) အမျိုးသားရေးအရေပျော်မှတ်
၃။ မလေးမ ရဲ့ ပဋ္ဋိက္ခရား၏ကျိန်စာ
၎။ တပြည်သူ အိမ့်ချမ်းမြေ့ ရဲ့ နေရစ်ခဲ့တော့ သရပါ

:) Thursday, August 23, 2007
ငြိမ်းချမ်းရေး
ရေခဲတောင်တွေက
နေကို
ဆီးကြိုနေချိန်မှာ
သဲကန္တာရကား
နေအား
ထွက်ရန်နှင်ထုတ်နေ၏။
ကန္တာရပင်တွေက
ရေကို
လိုလားတောင့်တနေချိန်မှာ
ကမ်းနားသစ်ပင်ကား
ရေအား
ခါးသီးမုန်းတီးနေ၏။
မီးပုံးပျံတွေက
လေကို
မျက်နှာချိုသွေးနေချိန်မှာ
ဖယောင်းတိုင်မီးများက
လေအား
ကြုံးဝါးမာန်ဖီနေ၏။
ဒါပေမယ့်
စစ်မြေမှာ
ငါနှင့် ရန်သူ
တူသောဆန္ဒရှိကြ၏။
ကဗျာဆရာ အမည်မမှတ်မိတော့ပါ။ နှစ်သက်လို့ ကူးယူထားခြင်းအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

ကြိုက်လို့ကူးချထားတာလေးတွေ..
:) Wednesday, August 22, 2007
တို့မြေ
ဒီမြေမှာမွေး
ဒီမြေမှာကြီး
ဒီမြေကြီးကို
တို့တွေ အလုပ်ကျွေး
ပြုကြစို့။
ဒီမြေမှာကြီး
ဒီမြေကြီးကို
တို့တွေ အလုပ်ကျွေး
ပြုကြစို့။
Labels:
ကဗျာ,
ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
:) Tuesday, August 21, 2007
နွေဦး
ပန်းချီထူးနှင့် နွေဦးရေ
ဝါရွှေရွှေ ဟောဟိုတောက
ကြွေလွင့်သူ ရွက်နှင့်ရောလို့
မှုန်ပြာရီ လေနယ်ကြောမှာ
မျောပျောက်တော့မလား ဖန်တီးရှင်။
မြိုင်ယံတော
ဥသြကို တမန်စေလို့
လာချေပြီ ကြော်ငြာစောပြီးမှ
ရောက်သောသည်ခါဝယ်တော့
ကျီစယ်လွန် ဘယ်သဘောပါလိမ့်
လောကကို လွမ်းရုံတန့်လို့
ခရီးဆန့် မြန်လှထင်။
နယ်လှည့်ပြတဲ့ ဖန်တီးရှင်ရယ်
ဥာဏ်ကြီးသင် ခြယ်သမျှ
ခင်တွယ်တာ ကိုယ်လေချစ်တာမို့
တစ်နှစ်ကြာ တည်နေပြပါလို့
မဖြစ်နိုင်ရာ ဆန္ဒမစောပါဘူး
ဖြစ်နိုင်မှာ တစ်ခုပြောလိုရဲ့
သဘောကတော့ ပြက္ခဒိန်
ပြပွဲချိန် သီသီခိုးလို့
ရက်တိုးမြှင့်ဖို့ တောင်းပန်ချင်
ပွဲစဉ်ပျက်မလား သင့်ခရီး။
မတားသာပါ
သွားမှာကို ဘယ်သူတားနိုင်လိမ့်
သနားကာ ထားချန်ဖြစ်တယ်ထင့်
ကျန်ရစ်မြေ နွေမဆိတ်ပါလား
နိမိတ်ပုံ တသီတတန်းရယ်နှင့်
စိတ်ဝိညာဉ် ပန်းချီခန်းမှာ
( နွေဦးရေ ) လွမ်းပျော်မွေ့ကြီး။
မကြာခင်ချိန် ထွက်ခွာတော့မယ့် နွေရာသီကို ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ ကဗျာလေးနဲ့ နှုတ်ဆက်လိုက်ပါသည် ခင်ဗျား။

:) Monday, August 20, 2007
တိတ်တဆိတ်
ပြတင်းတံခါးကို ထွင်းဖောက်
နေခြည်တို့ ၀င်ရောက်ခဲ့ပေမယ့်
ကျွန်တော် မသိခဲ့ဘူး။
နှလုံးသားကို ထွင်းဖောက်
အနက်ရှိုင်းဆုံး သူဝင်ရောက်ခဲ့ပေမယ့်
ကျွန်တော် မသိခဲ့ဘူး။
နေခြည်ကြောင့် နွေးထွေးရသလို
သူကြောင့်လည်း ချမ်းမြေ့သာယာခဲ့တယ်။
ခုတော့သိပြီ
သူ့ကို ကျွန်တော်ချစ်သည်။
နေခြည်တို့ ၀င်ရောက်ခဲ့ပေမယ့်
ကျွန်တော် မသိခဲ့ဘူး။
နှလုံးသားကို ထွင်းဖောက်
အနက်ရှိုင်းဆုံး သူဝင်ရောက်ခဲ့ပေမယ့်
ကျွန်တော် မသိခဲ့ဘူး။
နေခြည်ကြောင့် နွေးထွေးရသလို
သူကြောင့်လည်း ချမ်းမြေ့သာယာခဲ့တယ်။
ခုတော့သိပြီ
သူ့ကို ကျွန်တော်ချစ်သည်။
Labels:
ကဗျာ,
ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
ချိန်တန်ပြီ
ပြည်သူငတ်ရင်တော့
ပြည်သူဖက်က
ရပ်ရမှာပဲ။
ပြည်သူ့အတွက်
ဟစ်ကြွေးသံနဲ့
ပြည်သူကိုသတ်နေတာ မင်းတို့
ကောင်းသလား။
ပြည်သူကမွေး
ပြည်သူကကျွေးလို့
လူလားမြောက်တဲ့ မင်းတို့
ပြည်သူကိုစုံကန်
ပြည့် မျက်လုံးကိုဖောက်
ပြည့် လက်ရုန်းကိုချိုး
ပြည့် ၀မ်းကိုမှောက်တာ မင်းတို့
ကောင်းသလား။
ကမ္ဘာနဲ့ မယှဉ်
ပတ်ဝန်းကျင်နဲ့ပဲ ယှဉ်အုံး
တို့ပြည်သူနုံချာ
ဆွံ့အအောင်လုပ်တာ မင်းတို့
ကောင်းသလား။
ပညာရေး စနစ်ဆိုးနဲ့
တစ်နှစ်တစ်မျိုးပြောင်း
လူငယ်ခလေး
ပြည့်ရင်သွေးတွေ
ကမောက်ကမ ဖြစ်အောင်
လုပ်တာ မင်းတို့
ကောင်းသလား။
သာသနာတွင်း
ရှင်ပဇင်းတို့
ဆွမ်း ကွမ်း ခက်အောင်
လုပ်ဆောင်နေတာ မင်းတို့
ကောင်းသလား။
ပြောပြန်တော့လည်း
လွန်ရာကျမယ်
မပြောပဲနေတော့လည်း
ကြောက်တယ်ထင်ပြန်
မင်းတို့ အမြင်မှန်
ရဖို့တန်ပြီ။
ပြည်သူဖက်က
ရပ်ရမှာပဲ။
ပြည်သူ့အတွက်
ဟစ်ကြွေးသံနဲ့
ပြည်သူကိုသတ်နေတာ မင်းတို့
ကောင်းသလား။
ပြည်သူကမွေး
ပြည်သူကကျွေးလို့
လူလားမြောက်တဲ့ မင်းတို့
ပြည်သူကိုစုံကန်
ပြည့် မျက်လုံးကိုဖောက်
ပြည့် လက်ရုန်းကိုချိုး
ပြည့် ၀မ်းကိုမှောက်တာ မင်းတို့
ကောင်းသလား။
ကမ္ဘာနဲ့ မယှဉ်
ပတ်ဝန်းကျင်နဲ့ပဲ ယှဉ်အုံး
တို့ပြည်သူနုံချာ
ဆွံ့အအောင်လုပ်တာ မင်းတို့
ကောင်းသလား။
ပညာရေး စနစ်ဆိုးနဲ့
တစ်နှစ်တစ်မျိုးပြောင်း
လူငယ်ခလေး
ပြည့်ရင်သွေးတွေ
ကမောက်ကမ ဖြစ်အောင်
လုပ်တာ မင်းတို့
ကောင်းသလား။
သာသနာတွင်း
ရှင်ပဇင်းတို့
ဆွမ်း ကွမ်း ခက်အောင်
လုပ်ဆောင်နေတာ မင်းတို့
ကောင်းသလား။
ပြောပြန်တော့လည်း
လွန်ရာကျမယ်
မပြောပဲနေတော့လည်း
ကြောက်တယ်ထင်ပြန်
မင်းတို့ အမြင်မှန်
ရဖို့တန်ပြီ။
Labels:
ကဗျာ
:) Sunday, August 19, 2007
ဘ၀အဖေါ် ရွေးချယ်ခြင်း နှင့် မျိုးချစ်စိတ်

ပြည်ပတွင်နိုင်ငံသားခံယူခြင်း နဲ့ နိုင်ငံချစ်စိတ် (၁) ပို့စ်မှာတုန်းက နိုင်ငံချစ်စိတ်အကြောင်း တော်တော်ပြောခဲ့တယ်။ အုပ်ချုပ်မှုဧရိယာ မတူညီခြင်း အပေါ်မှာ အခြေခံပြီး လူသားအခြင်းခြင်းကို သွေးခွဲတတ်လို့ အဲဒီစကားလုံးကို မနှစ်သက်ဘူးလို့တောင်ဆိုခဲ့သေးတယ်။ အခုတော့ မျိုးချစ်စိတ်အကြောင်း နဲနဲပြောချင်တယ်။ ကျွန်တော်ကလည်း တွေးချင်သလို လျှေက်တွေးပြီး တွေးမိသမျှတွေ အကုန်ချရေးနဲ့ အများနဲ့တော့ ကန့်လန့်ဖြစ်ရင်ဖြစ်နေမလား မသိဘူး။ မတတ်နိုင်ဘူး ပြောချင်တာတော့ ပြောဦးမယ်။
မျိုးချစ်စိတ်ဆိုတာရော ကျွန်တော်တို့ ဘယ်လို အဓိပ္ပာယ် သတ်မှတ်ကြမလဲ။ ကိုယ့်အမျိုးကိုအကျိုးပြုနိုင်တဲ့၊ ဘယ်သူကိုမှလည်း မထိခိုက် မနစ်နာစေတဲ့ စိတ်ဓါတ်မျိုးတော့ ဖြစ်ဖို့လိုမယ်။
ကိုယ့်လူမျိုးရဲ့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတန်း စတာတွေကို (မိမိကိုယ်တိုင်က ဘယ်နေရာ ဘယ်ဘ၀ ပဲရောက်နေနေ) မြတ်နိုးစွာ ထိမ်းသိမ်းစောင့်ရှောက်လိုစိတ် နဲ့ လူမျိုးခြားတွေက (ကမ္ဘာက) နားလည်သဘောပေါက်အောင် ဖေါ်ထုတ်ပြသလိုတဲ့စိတ် လို့အဓိပ္ပာယ် သတ်မှတ်မယ်ဆိုပါစို့။ အဲလိုဆိုရင် လူမျိုးခြားတို့ရဲ့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတန်း စတာတွေကို လည်းအလေးထား လေးစားတတ်ဖို့ လိုတယ်။ (စိတ်ထဲက လုံးဝအထင်ကြီး လေးစားခြင်းမရှိရင်တောင် မထီမဲ့မြင် မပြုမိဖို့၊ မစော်ကားမိဖို့ အရေးကြီးတယ်။)
(မျိုးချစ်စိတ်ကို အမျိုးကို စောင့်ရှောက်သော စိတ်လို့ ပြောတာလည်းတွေ့ ဖူးတယ်။ ကျွန်တော် အတွက်တော့ အဲဒီအဓိပ္ပာယ် သတ်မှတ်ချက်က ကောင်းကောင်းနားမလည် နိုင်စရာဖြစ်နေတယ်။ အမျိုးဆိုတာက ဘာကိုဆိုချင်တာလဲ၊ စောင့်ရှောက်တယ် ဆိုတာရော ဘယ်လိုပုံစံလဲ၊ စသဖြင့် မေးစရာတွေရှိတယ်။ နာထောင်ကောင်းရုံ စကားလုံးလှလှ တွေလျှောက်သုံးထားတာလား လို့တောင် မေးစရာဖြစ်လာတယ်။ နောက်ထပ်ပြောကြတာ ရှိသေးတယ်။ ကိုယ့်အမျိုးကို ကောင်းစားလိုတဲ့စိတ်တဲ့။ အဲဒီအဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ ဉာဏ်မပါသလိုပဲ။ ကိုချင်းစာတရား နဲ့လည်းယှဉ်တွဲမထားလို့ မျက်ကန်းမျိုးချစ် ဆိုတာမျိုး ဖြစ်သွားစေနိုင်တယ်။)
ကိုယ့်မျိုးရိုးဇာတိကို ချစ်တဲ့စိတ်လို့ ဆိုတဲ့နေရာမှာ သူများတကာရဲ့ မျိုးရိုးဇာတိကို လေးစားတဲ့စိတ်က တွဲမပါလာရင် အရမ်းအန္တရာယ်ကြီးတယ်လို့ ထင်တယ်။ နိုင်ငံချစ်စိတ်ဆိုတာက အုပ်ချုပ်မှုဧရိယာ မတူညီခြင်း အပေါ်အခြေခံပြီး လူသားတွေကို သွေးခွဲတတ်သလို မျိုးချစ်စိတ် ဆိုတဲ့ကောင်ကလည်း အမျိုးဇာတိ မတူညီမှု အပေါ်မှာအခြေခံတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာမို့ ပိုဆိုးတယ်လို့တောင် ပြောရဦးမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို လူမျိုးတွေများစွာ အတူတကွ နေထိုင်တဲ့နိုင်ငံမှာ လူမျိုးခြားတို့ရဲ့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတန်း စတာတွေကို အလေးထား လေးစားတတ်ဖို့က မျိုးချစ်စိတ်ထက်ပိုပြီး အရေးတကြီးလိုအပ်တယ်လို့ ထင်တယ်။ မင်းတို့ကတော့ လူမျိုးစု အလတ်လေးတွေ၊ မင်းတို့ကတော့ လူမျိုးစု အသေးလေးတွေ ဆိုပြီး သူတို့ရဲ့ ယဉ်ကျေးမှု စတာတွေကို ချိုးနှိမ်မယ်၊ မထီမဲ့မြင်ပြုမယ် ဆိုရင် လူမျိုးစုအချင်းချင်း အပြန်အလှန် လေးစားယုံကြည်မှုလည်း ဘယ်တော့မှ ရနိုင်မှာမဟုတ်သလို ပြည်တွင်းစစ် ဆိုတာတွေလည်း အမြဲရှိနေဦးမှာပါပဲ။
မြန်မာနိုင်ငံမှာက တိုင်ရင်းသား လူမျိုးစုပေါင်း များစွာ အတူတကွ နေထိုင်ကြတယ်။ သူတို့တစ်တွေမှာ ကိုယ်ပိုင် စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတန်း စတာတွေ ရှိကြတယ်။ သူတို့အားလုံး မျိုးချစ်စိတ်ရှိကြမှာပဲ ဆိုတာကို ကိုယ်ချင်းစာသင့်တယ်။ သူတို့ရဲ့ ယဉ်ကျေးမှု စတာတွေကို ထိမ်းသိမ်းချင်ကြမှာပဲ။ လူမျိုးခြားတွေ နားလည် သဘောပေါက်လာအောင် ဖေါ်ထုတ်ချင်ကြမှာပဲ။ အဲဒါတွေ နားလည်ပေးဖို့လိုတယ်။ ခွင့်ပြုပေးဖို့လိုတယ်။ လူမျိုးစု တစ်ခုခုကို အဲလိုအခွင့်အရေးတွေ မပေးပဲပိတ်ပင်ထားမယ်ဆိုရင် အခွင့်မရတဲ့ လူစုက အခွင့်ရတဲ့ လူစုကို မနာလိုဖြစ်လာမှာပဲ။ ကိုယ့်မျိုးရိုးရဲ့ ယဉ်ကျေးမှု စတာတွေကို ဖေါ်ထုတ်၊ ထိမ်းသိမ်းခွင့် တွေမရလို့ စိတ်ဆင်းရဲ မကျေမနပ်မှု တွေဖြစ်နေမှာပဲ။ အဲလိုမကျေနပ်မှုတွေ ရှိနေသမျှ ဘယ်လိုမှလည်း အေးချမ်းနိုင်မှာမဟုတ်ဘူး။ (ရှမ်းလူမျိုးရဲ့ ယဉ်ကျေးမှုကို ရှမ်လူမျိုးတွေကိုယ်တိုင်က မထိမ်းသိမ်းရင် မဖေါ်ထုတ်ရင် ဘယ်သူတွေက ထိမ်းသိမ်းမလဲ၊ ဖေါ်ထုတ်မလဲ။ တစ်ခြားလူမျိုး တစ်မျိုးက စေတနာလိုလိုဘာလိုလိုနဲ့ လက်ဝါးကြီးအုပ် ၀င်လုပ်ပေးတော့ရော သူတို့ယဉ်ကျေးမှု စစ်စစ်ဟုတ်နိုင်ပါ့မလား။)
တိုင်းရင်းသား စာရင်းမ၀င်ပေမယ့် တရုတ်တို့ ကုလားတို့ လိုလူမျိုးတွေလည်း ရှိကြသေးတယ်။ ဘာသာတရား အနေနဲ့လည်း မျိုးစုံထွန်းကားတယ် လို့တောင်ဆိုလို့ရတယ်။ သူတို့တတွေကိုလည်း မြန်မာနိုင်ငံမှာ အခြေတကျ နေထိုင်သူတွေဖြစ်ရင် တိုင်းရင်းသားတွေ လိုပဲ အခွင့်အရေး ပေးထားရမှာပဲ။ သူတို့လည်း မျိုးချစ်စိတ်ရှိကြမှာပဲ ဆိုတာကို နားလည်ပေးသင့်တယ်။ (မြန်မာနိုင်ငံသားတွေ နိုင်ငံခြား ရောက်သွားတာတောင် မိမိတို့ ယဉ်ကျေးမှုတို့ကို ထိမ်းသိမ်းချင်ကြသလိုပေါ့။)
မျိုးချစ်စိတ်ရှိတာနဲ့ နိုင်ငံခြားသား (သို့) လူမျိုးခြား လက်ထပ်တာရော ဘာဆိုင်လဲလို့ မေးချင်တယ်။ အိမ်ထောင်ဖက်ရွေးချယ်တယ် ဆိုတာ လက်တွေ့ မိမိရင်ဆိုင်နေရတဲ့ လူမှုရေး၊ စီးပွားရေး ပြဿနာတွေ အပေါ်မူတည်နေတတ်သလို၊ နားလည်ရသိပ်ခက်တဲ့ ချစ်စိတ်ဆိုတာကလည်း ရှိသေးတယ်လေ။ ဒို့မြန်မာ အမျိုးသား/သမီးတွေကို အချင်းချင်းပဲ ယူရမယ်လို့ဆိုလာရင် သူတို့ရင်ဆိုင်နေရတဲ့ လူမှုရေး၊ စီးပွားရေး ဆိုင်ရာပြဿနာတွေကို ဘယ်သူက တာဝန်ယူ ဖြေရှင်းပေးမှာလဲ။ ပြီးတော့ နိုင်ငံခြားသား (သို့) လူမျိုးခြား ဆိုရင်မချစ်ရလို့ရော ဥပဒေပြဌာန်း တားမြစ်လို့ရော ရနိုင်လို့လား။
ကျွန်တော့်သမီးတစ်ယောက် လူမျိုးခြား ကိုယူလို့ မင်းငါ့အိမ်မလာနဲ့လို့ ကျွန်တော်တားမြစ်လို့ ရရင်ရမယ်။ ဒါပေမယ့် မင်းငါတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု စတာတွေကို မချစ်ရဘူး၊ မထိမ်းသိမ်းရဘူး၊ မဖေါ်ထုတ်ရဘူး လို့တားမြစ်လို့ လုံးဝမဖြစ်နိုင်ပါဘူး။ လူမျိုးခြားကို လက်ထပ်ထားပေမယ့် မိမိရဲ့ စာပေ၊ ယဉ်ကျေးမှု စတာတွေကို ထိမ်းသိမ်း၊ ဖေါ်ထုတ်လိုစိတ်တွေ ရှိနေမယ်။ တတ်နိုင်သလောက် ထိမ်းသိမ်း၊ ဖေါ်ထုတ်မှုတွေလည်း လုပ်နေမယ်ဆိုရင် သူဟာမျိုးချစ်စိတ်ရှိသူပဲပေါ့။
ကိုယ့်ဟာကို သတ်မှတ်ထားတဲ့ အဓိပ္ပာယ် သတ်မှတ်ချက် နဲ့တော့ ဟုတ်နေတာပဲ။ အမျိုးတူသူကို လက်ထပ်ခြင်းကိုမှ မျိုးချစ်စိတ်လို့ သတ်မှတ်ကြမယ် ဆိုရင်တော့တမျိုးပေါ့လေ။ (လူတစ်ယောက်ကို နိုင်ငံခြားသား (သို့) လူမျိုးခြားနဲ့ လက်ထပ်ထားလို့ အမျိုးမချစ်သူပဲလို့ အပြစ်တင်ချင်ရင် မိမိကိုမိမိ ပြန်မေးသင့်တဲ့မေးခွန်းက ငါဟာကိုယ့် စာပေ၊ ယဉ်ကျေးမှု စတာတွေကို ထိမ်းသိမ်း ဖေါ်ထုတ် ရေးတာဝန်တွေ သူ့လောက် ကျေပွန်ခဲ့ပြီလား ဆိုတာပဲ။)
လူမျိုးခြားကို ယူလိုက်ရင် မျိုးဆက်က မျိုးမစစ်တော့ဘူးလို့ ဆိုချင်ရင်တော့ဆိုပေါ့။ အဲဒါကတော့ ရှင်းနေတာပဲ။ အဲဒီမှာ စဉ်းစားစရာရှိတာက မျိုးမစစ်တဲ့လူက မျိုးမချစ်တတ်ဘူးလား ဆိုတာ။ အဲလိုမေးလာခဲ့ရင် ကျွန်တော်ကတော့ ဖြေမယ်။ ချစ်တတ်တယ်လို့။ ဘာဖြစ်လို့လည်း ဆိုတော့ မြန်မာလူမျိုးလည်း မဟုတ်၊ မြန်မာနိုင်ငံသား လည်း မဟုတ်ပါဘဲနဲ့ မြန်မာ့စာပေ မြန်မာ့သမိုင်းကို မြတ်နိုးစွာလေ့လာခဲ့တဲ့၊ မြန်မာ့ရှေးဟောင်း မြို့တော်ပုဂံမြေကို အရူးအမူးချစ်ခဲ့တဲ့ အနောက်တိုင်း ပညာရှင်ကြီးတွေ ရှိခဲ့ဘူးပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိမ်းသိမ်းလိုတယ်။ စာပေကိုမြတ်နိုးစွာ လေ့လာခဲ့ကြတယ်။ ကျွန်တော့် အမြင်နဲ့ဆိုရင် သူတို့ဟာ မြန်မာလူမျိုးတွေ မဟုတ်ကြပေမယ့် မြန်မာအမျိုးကို ချစ်တဲ့ မြန်မာမျိုးချစ် တွေပါ။ လူမျိုးခြားကတောင် မြန်မာမျိုးချစ်ဖြစ်နိုင်ရင် မျိုးမစစ်တဲ့ ကလေးတွေလည်း မြန်မာမျိုးကို ချစ်နိုင်တယ်ဆိုတာ ထင်ရှားပါတယ်။
မြန်မာလူမျိုးတွေပဲ ပြည်ပမှာမွေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ကို စိတ်မ၀င်စားအားဘူး။ ဒါပေမယ့် လာစော်ကား မနေဘူးဆိုရင်။ အဲဒီလူတွေကို ကျွန်တော်သဘောကတော့ အပြစ်မတင်သင့်ဘူးလို့မြင်တယ်။ အားလုံးက ကို့ဘ၀နဲ့ကိုယ်တွေပဲ။ ဘ၀ဆိုတာကလည်း ပန်းခင်းထားတဲ့ လမ်းမှမဟုတ်တာ။ ငါချစ်တာနဲ့ ငါအတူနေမယ်၊ ငါစိတ်ဝင်စားတာ ငါလုပ်မယ်ဆိုတာမျိုး က ဘ၀နေထိုင်ရေး အဆင်ပြေတဲ့လူတွေသာ လုပ်နိုင်ကြတာပါ။ ဘ၀ရပ်တည်ရေး အခက်အခဲတွေရှိနေရင် မျိုးရိုးဇာတိဆိုတာက ထိမ်းသိမ်းနိုင်ဖို့ နေနေသာသာ မျိုးရိုးဇာတိအမှန်ကို ဖွင့်ပြောရမှာတောင် ရှက်ရတာ ကြောက်ရတာမျိုးတွေကြုံနိုင်ပါတယ်။ ဒီလိုလူမျိုးတွေကို လိုက်အပြစ်တင်နေရင် ကိုယ့်အလုပ်ပျက်တာကလွဲလို့ ဘယ်သူ့ကိုမှ အကျိုး ပြုနိုင်မှာမဟုတ်ပါဘူး။ တတ်နိုင်ရင် သူတို့ကို မိမိတို့စာပေ စသည်တို့ကိုတန်ဖိုးထားတတ်အောင် စည်းရုံးခြင်း လေ့လာသင်ယူနိုင်အောင်၊ ထိမ်းသိမ်းနိုင်အောင် ကူညီခြင်းကသာ အားလုံးအတွက် အကျိုးကျေးဇူးရှိပါလိမ္မယ်။
မြန်မာမိဘ နှစ်ပါးက မြန်မာပြည်မှာပဲမွေးထားတဲ့ မြန်မာလူမျိုးတွေပါပဲ။ မြန်မာပြည်မှာလည်း နေနေကြပါတယ်။ အဲဒီလူတွေမှာလည်း စိတ်ဝင်စားစရာ ၂ မျိုး ၂ စား ရှိနိုင်တယ်။
၁၊ တိုင်းတပါး ယဉ်ကျေးမှုကို အရမ်းအထင်ကြီးပြီးကိုယ်ပိုင်ယဉ်ကျေးမှုကို စော်ကားနေတဲ့လူ
၂၊ မိမိကိုယ်မိမိလည်း မျိုးချစ်စိတ်ရှိသူလို့ ထင်နေပြီး လူမျိုးခြားတို့ရဲ့ ယဉ်ကျေးမှုကို မလေးမစားလုပ် နေတဲ့လူ
ပထမအမျိုးကတော့ ပြောစရာတောင် မလိုဘူး။ အမျိုးဖျက်လေးတွေပဲ။
ဒုတိယအမျိုးအစားကလည်း ချစ်ပုံချစ်နည်း မူမမှန်လို့ အောက်တန်းကျတယ်ပြောရမယ်။ ကိုယ့်အမျိုးကို ကိုယ်ချစ်ရင် လူမျိုးခြားတို့ရဲ့ မျိုးချစ်စိတ်ကို ကိုယ်ချင်းစာတတ်မှဖြစ်မယ်။ လူများတကာရဲ့ မျိုးရိုးဇာတိကို စော်ကားခြင်းက ကိုယ့်အမျိုးအတွက် ရန်သူရှာပေးသလို ဖြစ်နေလို့ တစ်နည်းအားဖြင့် မိမိအမျိုးကို မိမိသွယ်ဝိုက် ဖျက်ဆီးခြင်းလို့ပဲမြင်တယ်။ အဲလိုလူစားမျိုးများ အခွင့်အာဏာ ရရှိလာရင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုတောင် ထိခိုက်နိုင်တယ်။
မူမှန်တဲ့မျိုးချစ်စိတ်နဲ့ ကိုယ့်အမျိုးကို ကိုယ်ချစ်တတ်ကြပါစေ။ ဘယ်နေရာဘယ်ဘ၀ပဲ ရောက်ရောက် မိမိချစ်ခင်မြတ်နိုးတဲ့ စာပေ၊ ယဉ်ကျေးမှု စတာတွေကို လေ့လာ၊ ထိမ်းသိမ်း၊ ဖေါ်ထုတ် နိုင်တဲ့ အခွင့်အရေးတွေ အပြည့်အ၀ ရရှိကြပါစေ။ မျိုးချစ်စိတ်ဆိုတဲ့ အနှောင်အဖွဲ့ကင်းစွာ ဘ၀အတွက်သင့်တော်မယ့် အဖေါ်မွန်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ကြပါစေ။

:) Friday, August 17, 2007
ပြည်ပတွင်နိုင်ငံသားခံယူခြင်း နှင့် နိုင်ငံချစ်စိတ် (၁)

နိုင်ငံချစ်စိတ်ဆိုတာကို ကျွန်တော်တို့ ဘယ်လို အဓိပ္ပယ် ယူကြမလဲ။ နိုင်ငံချစ်တာ မကောင်းဘူးလို့ ဆိုလိုက်ရင်တော့ အားလုံးက ကျွန်တော်ကို ၀ိုင်းထုကြမယ် ထင်တယ်။ ဒါပေမယ့် စွဲလမ်းတဲ့စိတ် ပါလာရင်တော့ ကောင်းကျိုးပေးမှာ မဟုတ်ဘူး။ အားလုံးဝိုင်းထုတာလည်း မခံရအောင် ကောင်းတယ်လို့ပဲ ထားလိုက်ပါ့မယ်။ အဲဒီလိုထားချင်တော့ အဓိပ္ပာယ် ကောင်းကောင်းလေးလည်း ကိုယ့်ဟာကိုစဉ်းစား သတ်မှတ်လိုက်တယ်။
နိုင်ငံချစ်စိတ်ဆိုတာ..
၁၊ မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတတ်စေလိုသော စိတ်
၂၊ မိမိနိုင်ငံသားတွေကို ကောင်းစားစေလိုသော စိတ်။
သတိပြုစရာရှိတာက...
၁၊ တိုင်းတပါးတိုးတတ်တာကို မနာလို မဖြစ်ဖို့
၂၊ တိုင်းတပါးသားတွေ ဒုက္ခရောက်တာကို ၀မ်းမသာမိဖို့။
အဲဒီ ၂ ခုပါလာရင်တော့ မိမိနိုင်ငံကို ချစ်တယ်ဆိုတာမှာ တိုင်းတပါးကို မုန်းတယ်ဆိုတာပါတွဲပါလာလို့ မကောင်းဘူးလို့ပြောရလိမ္မယ်။ မိမိနိုင်ငံကိုဘယ်လောက်ပဲ ချစ်တယ်ပြောပြော မူမမှန်တဲ့ချစ်စိတ်ပဲ။ (တစ်ခါက မြန်မာလူငယ် ၂ ယောက်စကားပြောနေတာကြားဖူးတယ်။ သူတို့က အမေရိကန် မုန်းတီးရေးဝါဒီတွေ။ သူတို့ကိုသူတို့လည်း မြန်မာပြည်ကို သိပ်ချစ်သူတွေလို့ ပြောတတ်တယ်။ တစ်ယောက်ကပြောလိုက်တယ် "သူငယ်ချင်း အမေရိကန်မှာ ရေတွေကြီးလို့ လူတွေဒုက္ခရောက်ကုန်ပြီ။ သူများနိုင်ငံကို ဒုက္ခပေးချင်တဲ့ကောင်တွေ သေကုန်တာပဲ ကောင်းတယ်။" တဲ့။ နောက်တစ်ယောက်ကလည်း ၀မ်းသာအားရ "ဟေ..ဟုတ်လား။" တဲ့ ) အဲဒီ ၂ ယောက်က မိမိတိုင်းပြည်းကို ချစ်နေတာလား။ တိုင်းတပါးကို မုန်းနေတာလား။ အဲလိုချစ်စိတ်မျိုးကရော ကိုယ့်တိုင်ပြည်ကို ကောင်းကျိုးပေးနိုင်လောက်လား။ လူ့လောကို ဒုက္ခပေးနိုင်လောက်လား။
အပြေးပြိုင်ပွဲတစ်ခုကို ၀င်ပြိုင်ရင် မိမိအနိုင်ရဖို့ရန်အတွက် အားကုန်ပြေးဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်က ခလုတ်တိုက်လဲနေလို့ အနိုင်ရလိုက်တာဆိုရင် မရိုးသားတဲ့အောင်မြင်မှုလို့ မဆိုသာပေမယ့် အောင်မြင်မှုအရသာကတော့ ပေါ့ပျက်ပျက် ဖြစ်နေမှာပါ။ လဲကျနေတဲ့ ပြိုင်ဘက်ကို ထူမပေးပြီး ရှေ့ဆက်ပြိုင်မယ်ဆိုရင် အနိုင်မရလိုက်ရင်တောင် ကိုယ့်ရှေ့မှာရှိနေတဲ့ အကူအညီလိုအပ်သူကို ကူညီခဲ့ရလို့ (လူသားတစ်ယောက် တာဝန်ကျေပွန်ခဲ့လို့) ပြန်စဉ်းစားကြည့်ရင် လိပ်ပြာလည်းလုံပြီး ကျေနပ်စရာလည်းဖြစ်နေမှာပါ။ တာဝန်လည်းကျေလိုက်တယ် အနိုင်လည်းရလိုက်တယ် ဆိုရင်တော့ အတိုင်ထက်အလွန်ပေါ့။ အနိုင်ရဖို့ တစ်ခုတည်းကို ကြည့်ပြီး မူမမှန်တဲ့စိတ်နဲ့ ၀င်ပြိုင်တဲ့လူကတော့ ဒုက္ခရောက်နေတဲ့ ပြိုင်ဘက်ကို ကူညီဖို့ဝေးရော၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကွယ်ရာမှာဆိုရင် ချေထိုးလဲတာမျိုးတောင် လုပ်ချင်လုပ်နေမှာ။ (ကျွန်တော်တို့မြို့လေးမှာ ပတ်ဝန်းကျင်ရွာပေါင်စုံ ဘောလုံးပြိုင်ပွဲလေး နှစ်စဉ်ကျင်းပတယ်။ တချို့ ပရိတ်သတ်တွေက ကို့ရွာကိုယ်ပဲအားပေးရာမှာ၊ ဘယ်လိုနည်းနဲ့နိုင်နိုင် နိုင်ဖို့ပဲလိုတယ်ဆိုတဲ့စိတ်တွေနဲ့ အကြံပေးကြတယ်။ အကြံပေးချက်တွေကလည်း တဖက်အသင်းက အရည်အချင်ရှိတဲ့လူကို ကျိုးအောင်ချိုးဖို့၊ အနီကဒ်ထိခဲ့ရင်လည်း အရည်အချင်းရှိတဲ့လူနဲ့ မရှိတဲ့လူ တစ်ယောက်ချင်း လဲလိုက်ဖို့တွေထိအောင်ပါတယ်။) အဲဒီလူတွေကကိုယ့်ရွာကို ကိုယ်ချစ်တာတဲ့။ တော်တော်အောက်တန်းကျတဲ့ အချစ်ပဲ။ အဲလိုအချစ်မျိုးနဲ့တော့ နိုင်ငံကို လည်းမချစ်စေချင်ဘူး။ ပြိုင်ပွဲဝင်ပြိုင်တာ အရည်အချင်းအစစ် ပေါ်ဖို့က အဓိကပါ။ တကယ်ပဲ ပြိုင်ဘက်က ကို့ထက် သာလို့ နိုင်သွားရင် အရှုံးကို ရဲရဲရင်ဆိုင်နိုင်ရမှာပေါ့။ နိုင်သွားတဲ့လူနေရာမှာ (ငါဆိုရင်ဘယ်လိုနေမလဲ ဆိုတဲ့စိတ်နဲ့) ၀င်ကြည့်လိုက်ရင် သူ့ဆီက ပျော်ရွှင်မှုတွေ ကူးလာပြီး အားပေးလက်ခုတ်တောင် အလိုလိုတီးမိသွားတတ်တယ်။ ပြိုင်ပွဲပြီးသွားတဲ့အခါ သူတို့ဘက်က အားသာချက်ဘာတွေရှိတယ်။ ဘာတွေကတော့ အတုယူသင့်တယ်။ စသဖြင့်စဉ်းစားပြီး ကိုယ့်ရွာကို၊ ကိုယ့်နိုင်ငံကို အကြံပြုမယ်ဆိုရင်လုံလောက်ပါတယ်။ အဲဒါမှတကယ့် ရိုးသားမှု။ ပြိုင်ဘက်အသင်းရဲ့ အနိုင်ပွဲမှာလက်ခုတ်တီးခဲ့လို့ ရွာ့သစ္စာဖေါက်၊ နိုင်ငံ့သစ္စာဖေါက် (ရွာကို မချစ်တဲ့လူ၊ နိုင်ငံကို မချစ်တဲ့လူ)လို့ ခေါ်ချင်ခေါ်။ အဲဒီမချစ်တဲ့စိတ်က အောက်တန်းကျတဲ့အချစ်ထက် အားလုံးကို အကျိုးပြုနိုင်တာ အမှန်ပဲ။
နိုင်ငံချစ်စိတ် ရှိပါတယ်ဆိုတဲ့ နေရာမှာ တိုင်းတပါးကိုမုန်းတယ် ဆိုတာရောထွေး နေမှာစိုးလို့ အားကစားစိတ်ဓါတ် လေးနဲ့ ယှဉ်ပြီး တတ်နိုင်သလောက် ပြောကြည့်တာ စာဖတ်တဲ့လူ ကတော့ ကျွန်တော်ကို ဘယ်လိုမြင်မလဲ မသိဘူး။ နိုင်ငံချစ်စိတ်ဆိုတဲ့စကားကို အုပ်ချုပ်မှု ဧရိယာနဲ့ ပတ်သက်တဲ့ မတူညီမှုလေးပေါ် အချေခံပြီး လူသားအချင်းချင်း သွေးခွဲထားသလို မြင်လို့ မနှစ်သက်တာတော့ အမှန်ပဲ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အားကစား စသဖြင့် ဘာပဲပြိုင်ပြိုင် ကိုနေနေတဲ့ဒေသ၊ ကိုနေခဲ့တဲ့ဒေသ ကိုတစ်ခြားသူထက်သာစေချင်တာ သဘာဝကျပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့နိုင်နိုင် ဆိုတဲ့စိတ်ဓါတ်မျိုး၊ တဖက်လူအခက်တွေ့မှ ကိုယ်အောင်မြင်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုး၊ တဖက်သားရဲ့အောင်မြင်မှုအပေါ်မှာ မနာလိုဖြစ်တယ် ဆိုတဲ့စိတ်ဓါတ်မျိုး၊ တွေက ဒေသအစွဲပေါ်မှာ ဖြစ်လာတဲ့ လူသားချင်းသွေးကွဲမှုတွေ၊ မူမမှန်တဲ့အချစ်တွေ၊ အောက်တန်းကျတဲ့ အချစ်တွေ လို့ပဲမြင်တယ်။
နေထိုင်တဲ့ တိုင်းနိုင်ငံတွေမတူတာနဲ့ ရန်သူတွေဖြစ်ရတော့မှာလား။ မတူညီတဲ့အစိုးရ အဖွဲ့ က ပေးထားတဲ့ (မတူညီတဲ့ နိုင်ငံသား) ကဒ်တွေ ကိုင်ဆောင်ထားတာနဲ့ရော ရန်သူတွေ ဖြစ်ရတော့မှာလား။ အဲဒီကိစ္စလေးတွေက ကျွန်တော်တို့ရဲ့ လူ့ဘ၀ရရှိထားမှုကြီးထက် ကျော်လွန်ပြီး ဘယ်လောက်တောင် အရေးကြီးနေလို့လည်း။ မင်းဟာဒီနိုင်ငံမှာနေနေလို့ ဟိုနိုင်ငံကို မလာရလို့ အစိုးရတစ်ခုခုက တားလို့ရချင်ရမယ်။ အဲဒီကလူတွေကို စိတ်မ၀င်စားရ၊ အဲဒီကလူတွေကို မေတ္တာမထားရလို့ ဘယ်သူကမှ တားလို့မရပါဘူး။ အဲဒါကိုကမှ ကျွန်တော်တို့ရဲ့ လူ့ဘ၀ဆိုတာကို ရရှိထားလို့ ရလိုက်တဲ့ သဘာဝကပေးထားတဲ့ အခွင့်အရေး။ လူပဲ လူတစ်ယောက်ရဲ့ တာဝန်တွေကို တတ်နိုင်သလောက် ထမ်ဆောင်နေဖို့က အဓိကပါ။ ဘယ်ဒေသမှာနေတယ်၊ ဘယ်အဖွဲ့ကပေးတဲ့ လက်မှတ်ကိုင်ထားတယ် ဆိုတာအရေးမကြီးပါဘူး။ လူ့တစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာလည်း အခက်အခဲတွေ ရှိတတ်ပါတယ်။ စောစောက ပြောခဲ့တဲ့ နေထိုင်ရာ ဒေသမတူတာ၊ အသိအမှတ်ပြုပေးထားတဲ့ အစိုးရအဖွဲ့ မတူတာ လေးတွေအပေါ်မှာ အခြေခံပြီးတော့လည်း အခက်အခဲတွေ ရှိတတ်တယ်။ အခက်အခဲ လို့ဆိုရင် ကြိုးစားပြီး ကျော်လွှားဖို့ပဲ ရှိတာပေါ့။ ငါတော့ အမိနိုင်ငံအစိုးရအဖွဲ့က ပေးထားတဲ့ နိုင်ငံသား ကဒ်ကို စွန့်လွှတ်မိလို့ အမိနိုင်ငံက ပြည်သူတွေနဲ့ သွေးကွဲသွားပြီ ဆိုပြီးဝမ်းနည်းစရာ လည်းလုံးဝမရှိပါဘူး။ အားလုံးဟာလူတွေပဲ ဆိုတာကို ပြန်တွေးကြည့်ရင် တစ်သွေးတည်း တစ်သားတည်း ဖြစ်ကိုဖြစ်သွားမှာပါ။
(လူ့တို့ရဲ့တာဝန်တွေနဲ့ ပတ်သက်လို့ မ gT ရဲ့ဘလော့ဂ်က Open Mind (သို့) ဖွင့်ထားသော စိတ်ကူးများ ဆိုတဲ့ပို့စ်မှာ ကွန်မန့်ရေး ပြီး ဆွေးနွေးထားပါတယ်။ နောက်ပို့စ်မှာလည်း အဲဒီအကြောင်းကို စဉ်းစားမိသမျှ ဆက်ဆွေးနွေးသွားပါ့မယ်။).

:) Thursday, August 16, 2007
ပစ်တိုင်းထောင်
ပစ်တိုင်းထောင် ပစ်တိုင်းထောင်
ပစ်လိုက်တိုင်းထောင်။
ဘယ်နေရာကျကျ သူ့ဘဝ
ခေါင်းမော့လို့ဗျ။
ပြုံးယောင်ယောင် မျက်နှာပေး
မြင်သူတိုင်းက ချစ်ကြသေး။
အားကျပါရဲ့ ပစ်တိုင်းထောင်
မင်းနှယ်ပုံဆောင်။
ဘယ်နေရာကျကျ တို့ဘဝ
ပြုံးရယ်လို့ဗျ။
လဲကျရင် ပြန်ထမနှေး
ပစ်တိုင်းထောင်သွေး။
ပစ်လိုက်တိုင်းထောင်။
ဘယ်နေရာကျကျ သူ့ဘဝ
ခေါင်းမော့လို့ဗျ။
ပြုံးယောင်ယောင် မျက်နှာပေး
မြင်သူတိုင်းက ချစ်ကြသေး။
အားကျပါရဲ့ ပစ်တိုင်းထောင်
မင်းနှယ်ပုံဆောင်။
ဘယ်နေရာကျကျ တို့ဘဝ
ပြုံးရယ်လို့ဗျ။
လဲကျရင် ပြန်ထမနှေး
ပစ်တိုင်းထောင်သွေး။
Labels:
ကဗျာ,
ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
သူတို့၏ စည်းစိမ်နှင့်..အာဏာ
ကျွန်တော်တို့ နိုင်ငံမှာ အထင်အရှား ကျော်ကြားခဲ့တဲ့ ပုဂံ မင်းဆက် ထဲက အနော်ရထာဘုရင် ကိုလူတိုင်း ကြားဘူး ကြမှာပါ။ မြန်မာနိုင်ငံအတွက် ထေရ၀ါဒ ဗုဒ္ဓ ဘာသာကို သယ်ဆောင် လာပေးနိုင်ခဲ့လို့ ကျေးဇူးကြီးတဲ့ ဘုရင် တစ်ပါးအဖြစ် သတ်မှတ်မယ်ဆို သတ်မှတ်လို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော် တင်ပြချင်တာက အဲ့ဒီခေတ် လောက်တုန်းက လူတွေရဲ့ အတွေးအခေါ် အမျှော်အမြင်တွေ ဘာသာ တရားကလည်း ခုမှ အခြေတည်ခါစ ဆိုတော့ လူတွေရဲ့ စိတ်ဓာတ်တွေဟာ အရမ်းတော့ မြင့်မြတ်လောက်ဦးမှာ မဟုတ်ပါဘူး။ နယ်မြေတစ်နေရာကို သိမ်းပိုက်ဖို့ အတွက် လူ့အသက်သွေး များစွာ ကို စတေးပြီး တိုက်ခိုက်သိမ်းပိုက် ခဲ့ကြရတဲ့ ခေတ်တစ်ခု ဆိုတော့ အဲ့ အချိန်ကာလတွေဟာ လူရိုင်း စိတ် ထက် မြင့်မြတ် ရုံပဲ ရှိခဲ့ကြမှာပါ။ မှန်နန်း ရာဇ၀င်မှာဆို အဲ့ဘုရင်ကြီးကို ဘုရားဆုပန် ဘုရင် အဖြစ်တောင် တင်စားခဲ့တာ တွေ့ရပါတယ်။အဲ့လို ဘုရင်ကြီးက မင်းလောင်းပေါ်ပြီလို့ ပုရောဟိတ်တွေက ဟောကြားတဲ့ အခါကျတော့ မိမိရဲ့ စည်းစိမ်နဲ့ အာဏာကို အဆုံးရှုံးမခံနိုင်လို့ အတွေးအခေါ် တွေကင်းမဲ့စွာနဲ့ မင်းလောင်း ဖြစ်မဲ့ ကျန်စစ်သားမင်း မွေးကင်းစ ကလေး အရွယ်ကနေ နွားကျောင်းသား အရွယ် ရောက်တဲ့ အချိန်ထိ ကလေးပေါင်းများစွာကို သုတ်သင်သတ်ဖြတ်ခဲ့ပါတယ်။ မင်းလောင်း သေပြီလား မေးတိုင်း မသေ မသေ ဆိုတာနဲ့ သတ်လာလိုက်တာ နောက်ဆုံး ကိုရင် ၀တ်သွားပြီ ဆိုတော့မှပဲ လက်လျှော့လိုက်ရတယ်။ ဒါတောင် နောက်တစ်ဆက် ကျော်မှ မင်းလောင်း ဖြစ်မှာပါလို့ အလျှောက် ကောင်းလို့လည်း ဖြစ်မယ် ထင်တယ်။ထူးခြားတာကတော့ ကိုရင် ၀တ်သွားပြီ ဆိုတော့ အနော်ရထာ မင်းကြီးက ကိုရင်တွေကိုတော့ သတ်ခိုင်းခဲ့တာ မတွေ့ခဲ့ရဘူး။ ဒါဟာ ဘာသာတရားကို ယုံကြည်လေးစားတာ ကြောင့်လည်း ဖြစ်မှာပါ။ အဲ့ဒီခေတ် အချိန်အခါ တွေတုန်းက လူတွေ အတွေးအခေါ် နိမ့်ကျတာရယ် ဘာသာ တရား ရဲ့ အဆုံးအမကလည်း အခြေမခိုင် သေးတာ ကြောင့်ခုလို ဖြစ်ခဲ့တာလို့ အပြစ်ပြောမယ် ဆိုပြောလို့ ရပေမယ့် ဒီခေတ်ကြီးလိုအတွေးအခေါ် အားဖြင့် လည်းအများကြီး တိုးတက်နေခဲ့ပါပြီ။ ဘာသာတရားလည်း သိပ်ပံ နည်းကျစွာနဲ့ လေ့လာချင်သလို လေ့လာလို့ ရပါပြီ အဆုံးအမ နဲ့ နီတိတွေ လည်း အများကြီး ပေါ်ထွန်းလာခဲ့ပါပြီ။ဒါပေမဲ့ ဘာဖြစ်လို့ များ လူတစ်ချို့က မိမိ ရဲ့ စည်းစိမ်နဲ့ အာဏာ ထိခိုက် လာခဲ့မယ် ဆိုရင် အရွယ် သုံးပါး မရွေး လူမျိုးဘာသာ မရွေး သာ့သနာ့ ၀န်ထမ်းနေတဲ့ ဘုရားရဲ့ သားတော် ကိုရင်တွေ မပြောနဲ့ ဦးဇင်းရဟန်းတွေ ကိုတောင် သတ်ပစ်ဖို့ ဘာလို့ များဝန်မလေး ကြတော့တာလဲ။ ဒါဟာ ပဒေသရာဇ် သက်ဦးဆံပိုင် ခေတ်လည်း မဟုတ်တော့ဘူး။ ဒါပေမယ့် ခုထိ ကျွန်တော် နားမလည် ဖြစ်နေခဲ့ ရတုန်းပါပဲဗျာ။ ဒီလိုလူမျိုးတွေ ဘာဖြစ်လို့များ မျက်နှာပြောင် တိုက်ပြီး ဘုရားရှစ်ခိုးနေ ကြသေးတာလည်း ဆိုတာလည်း စဉ်းစားလို့ မရပါဘူးဗျာ။
သူငယ်ချင်းတစ်ယောက် ပေးပို့တဲ့ ပို့စ်လေးကို တင်ပြပေးလိုက်ပါတယ် ခင်ဗျား။
သူငယ်ချင်းတစ်ယောက် ပေးပို့တဲ့ ပို့စ်လေးကို တင်ပြပေးလိုက်ပါတယ် ခင်ဗျား။
Labels:
အတွေးသမားရဲ့အရေးသားလေးတွေ..
:) Tuesday, August 14, 2007
ဗာလနံ
အသစ်မရေးနိုင်လို့ ကျွန်တော် နှစ်သက်တဲ့ကဗျာလေး တစ်ပုဒ်တင်ပေးလိုက်ပါတယ်။ ဘယ်တုန်းကလဲ မမှတ်မိတော့ပါ ဖတ်လိုက်မိလို့ ကြိုက်လို့ ကူးယူထားခဲ့တဲ့ ကဗျာလေးပါ။
ဗာလနံ
ဗာလနံ
လူမိုက်မှာက၊ ရုပ်ဆင်းလှမူ
သူများမယား ကြာခိုလိမ့်။
လူမိုက်မှာက၊ ဥစ္စာရမူ
ပါပညစ်ကျူး မကောင်းပြုလိမ့်။
လူမိုက်မှာက၊ ပညာရမူ
ပဏ္ဍိတများ သူစော်ကားလိမ့်။
လူမိုက်မှာက၊ အာဏာရမူ
လောကအပေါင်း ပျက်စီးကြောင်းဟု
ရှေးဟောင်းဆရာ၊ မိန့်ခဲ့မှာသည်။
လိမ္မာရစ်စေ ကြိုးနွယ်ခွေ။ ။
နန်းညွန့်ဆွေ.
Labels:
ကဗျာ,
ကြိုက်လို့ကူးချထားတာလေးတွေ..
:) Sunday, August 12, 2007
ငိုကြွေးသံ
ကောင်းကင်မှာ ကြယ်တစ်စင်း
ပြိုးပြိုးပြက်ပြက်။
တို့မြေမှာ စစ်တလင်း
ပိုးစိုးပက်စက်။
တို့ရင်မှာ ပူလောင်ခြင်း
ဝမ်းနည်းပက်လက်။
ပြိုးပြိုးပြက်ပြက်။
တို့မြေမှာ စစ်တလင်း
ပိုးစိုးပက်စက်။
တို့ရင်မှာ ပူလောင်ခြင်း
ဝမ်းနည်းပက်လက်။
Labels:
ကဗျာ,
ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
အိမ်ထောင်ပြုခွင့်နှင့် ကျား/မ အခွင့်အရေးမညီမျှမှု

ကျောင်းမှာစာသင်နေရင်း တစ်ခါတစ်လေကျရင် ဒီနိုင်ငံရဲ့ ဘုရင်ခေတ်ကအကြောင်းတွေ ပါလာတတ်တယ်။ အဲဒီမှာသိလိုက်ရတာက ဒီနိုင်ငံမှာ မြို့စားတွေ၊ မင်းသားကြီးတွေ အားလုံးက မိန်းမတစ်ယောက်ပဲ ယူခွင့်ရှိတယ်ဆိုတာပဲ။ ဘာသာတရားက ခွင့်မပြုတာတဲ့။ အဲလိုဆိုရင် ရှင်ဘုရင်တွေကျတော့ ရောလို့ဆိုတော့။ သူတို့လည်းတစ်ယောက်ပဲ၊ သူတိုကတိုင်ပြည်ကို အုပ်ချုပ်နေသူတွေဆိုတော့ ပိုပြီးတော့တောင် အရေးကြီးသေးတယ်တဲ့။
မြန်မာနိုင်ငံအကြောင်းလည်း ဆရာမကိုသိသလောက်ပြောပြလိုက်တယ်။ ရှင်ဘုရင်တွေက မိဖုရားကြီး ၄ ယောက်ထားကြတယ်။ မိဖုရားငယ်တွေကတော့ အမျာကြီးပဲ။ တချို့ဘုရင်တွေဆိုရင် ရာနဲ့ချီပြီးရှိတတ်တယ်။ တိုင်ခန်းလှည့်လည်ရင်း လှတဲ့မိန်းကလေးတွေ့ရင် မိဖုရားအဖြစ် ကောက်ယူလေ့ရှိတယ်။ မြို့စား၊ မူးမတ်၊ စစ်သူကြီး စတဲ့အောင်မြင်သူတွေအားလုံးက မိန်းမတစ်ယောက်မက ယူကြတယ်။ ယောက်ျားကောင်း မောင်းမတစ်ထောင် ဆိုတဲ့ စကားလည်းရှိတယ်။ စသဖြင့် ကျွန်တော်သိသလောက် ပြောပြလိုက်တယ်။
သူတို့ကတော့ တဆိတ်ရှိဘာသာရေးပဲ။ အဲဒါဗုဒ္ဓဘာသာရဲ့ အယူအဆလားလို့ မေးသေးတယ်။ မဆိုင်ပါဘူး။ အဲဒါ ရိုးရာအစဉ်အလာပါ။ ငါတို့ဘုရားက မိန်းမဘယ်လောက်ယူရမယ်လို့ မပြောခဲ့ပါဘူးလို့ ပြောလိုက်တယ်။
အခုခေတ်အနေအထားတွေလည်း သူကမေးတော့ ပြောပြလိုက်သေးတယ်။ ယောက်ျားတွေဟာ တရားဝင်ဇနီးတစ်ယောက်မက ပေါင်းသင်းခွင့်ရှိတယ်။ မိန်းမတွေကတော့ တစ်ကြိမ်အိမ်ထောင်ကျပြီးရင် ယောက်ျား မသေသေးသမျှ၊ တရားဝင် မပြတ်စဲရသေးသမျှ အိမ်ထောင်ပြုခွင့်မရှိတော့ဘူး။ သားစားရိတ်၊ မယားစားရိတ် ထောက်ပံ့နိုင်ရင်လည်း ကွာရှင်ခွင့်က တောင်းဆိုလို့မရဘူး လို့ ပြောတော့၊ သူကပြောတယ် မညီမျှတဲ့ တရားဥပဒေပဲ၊ အမျိုးသမီးတွေကို ဖိနှိပ်ထားတဲ့ ဥပဒေပဲ တဲ့။ အိမ်ထောင်ကျပြီးသား အမျိုးသမီးတစ်ယောက်ရဲ့ (နောက်ထပ်တစ်ကြိမ် အိမ်ထောင်ပြုရန်) ဆုံးရှုံးသွားတဲ့ အခွင့်အရေးကိုကြည့် ပြီးသူက မညီမျှဘူးပြောသွားတာဖြစ်မယ်ထင်တယ်။ (မူဆလင်နိုင်ငံ တွေတောင် ၁ လင် ၄ မယားစနစ်ပဲရှိတယ်၊ ကြိုက်သလောက် ယူလို့ရတဲ့ ဥပဒေ ဒီတစ်ခါပဲ ကြားဖူးတယ် လို့ဆရာမက ပြောသေးတယ်။)
မညီမျှတာကတော့ အမှန်ပဲ။ ဒါပေမယ့် ကျွန်တော်တွေးတာက တစ်မျိုး။ အမျိုးသားတွေဘက်က နစ်နာတယ်လို့ ထင်တာ။
ဥပမာဆိုပါစို့။ လူပျိုလေးတစ်ယောက်ကို မိန်းကလေး ၂ ယောက်ကချစ်မိတယ်။ ကောင်လေးကလည်း သူကြိုက်တဲ့လူကို ရွေးချယ်လိုက်တယ်ဆိုရင်၊ မရလိုက်တဲ့ မိန်းကလေးက တရားဝင်ဇနီးမယားဘ၀ကို ရနိုင်သေးတယ်။ လူ့အသိုင်းအ၀ိုင်းမှာ အမြင်မလှပေမယ့် တရားဝင်ပဲကြိုးစားပိုင်ခွင့်ရှိတယ်။ (သီပေါမင်းလက်ထက်က အမတော် ၂ ပါးနဲ့ တရားဝင်လက်ထပ်ပြီးသား စစ်သူကြီး ရွှေလှံဗိုလ် ကိုချစ်မိတဲ့ ညီမအငယ်ဆုံးလေးက အစာငတ်ခံဆန္ဒပြခဲ့လို့ ဖခင်ကိုယ်တိုင်ရော အမတော် ၂ ပါးကပါ သဘောတူ လက်ထပ်ပွဲကျင်းပပေးရတာကို ကြားဖူတယ်။ ၀တ္ထုတွေ ရုပ်ရှင်တွေထဲမှာလည်း "အမရဲ့ ခင်ပွန်းကိုမှမရရင် ကျွန်မတော့ ရူးလို့သေရပါလိမ္မယ်" ဆိုတဲ့ဇတ်ဝင်ခန်းတွေတွေ့ရတတ်တယ်။) ကြိုးစားမှုမအောင်မြင်ရင် (ယောက်ျားလေးဘက်က လက်မခံခဲ့ရင်) ရော အခွင့်အလမ်းက ပိတ်မှပိတ်မသွားတာ။ သူတကယ်ပဲ ဆန္ဒရှိရင်ဆက်ကြိုးစားလို့ ရပါတယ်။ ကြိုးစားမှုအောင်မြင်ခဲ့လို့ရှိရင် (သူတို့ချင်းပတ်သက်ခဲ့မှုကထင်ရှားရင်) သူဟာပထမ မိန်းမနဲ့ တန်းတူအခွင့်အရေးရသွားတယ်။ တရားဝင်ဇနီး တစ်ယောက်ဖြစ်သွားတယ်။ တရားတွေ ဘာတွေ ရင်ဆိုင်ရပြီ ဆိုရင်လည်း အကြီး/အငယ် ဆိုတဲ့ မညီမျှတဲ့ စကားကိုမသုံးရပဲ၊ အပြိုင်ဆိုတဲ့စကားကိုပဲသုံးခွင့်ပြုတယ်။ ချစ်စိတ်နဲ့ကြိုး စားယူလို့ရလိုက်တဲ့ သူ့အောင်မြင်မှုအတွက် အဲဒီအမျိုးသမီးကို တရားဥပဒေက အပြည့်အ၀အကာအကွယ်ပေးထားတယ်။
အပျိုလေးတစ်ယောက်ကို လူငယ် ၂ ယောက်က ချစ်ခဲ့ကြတဲ့ကိစ္စဆိုရင်တော့ နဲနဲပိုရှုတ်သွားတယ်။ အဲဒီအပျိုလေးက သူ့နှစ်သက်ရာတစ်ယောက်ကို ရွေးချယ်လိုက်တယ် ဆိုရင် မရလိုက်တဲ့ ၁ ယောက်က သူချစ်ခဲ့ရတဲ့ကောင်မလေးရဲ့ တရားဝင်လင်ယောက်ျားအဖြစ်ကို မြှော်လင့်လို့မရတော့ဘူး။ တစ်ဘက်လူကသေမှ၊ ဒါမှမဟုတ်ရင် မပေါင်းသင်းလိုတော့လို့ စွန့်ပစ်မှ ကောက်ယူရတော့မယ့် အနေအထားဖြစ်သွားပြီ။ အိမ်ထောင်ရှိ အမျိုးသမီးကို ဆက်ချစ်မိနေရင် (မိမိကိုယ်တိုင်ရော) ပတ်ဝန်းကျင်ကပါ အပစ်ရှိတဲ့လူတစ်ယောက်လို မြင်လာကြတယ်။ ( တကယ်တော့ အိမ်ထောင်ရှိ အမျိုးသမီးဆိုတာကိုလည်း ချစ်ဖို့ကောင်းနေရင် ချစ်မိကြမှာပဲ။ လူ့စိတ်က အစိုးမှမရတာ။) အရမ်းချစ်လွန်းလို့ မနေနိုင်မထိုင် ကြိုးစားမယ်ဆိုရင် တရားမ၀င်ပဲ ကြိုးစားလို့ရမယ်။ ကြိုးစားမှုကမအောင်မြင်ပဲ (မိန်းကလေးက လက်မခံလို့) ပြဿနာတွေတတ်ကြပြီဆိုရင် သူများမိန်းမကိုချစ်မိတဲ့ ကောင်ကလေးခမျာ လူ့အသိုင်းအ၀ိုင်းမှာ ခေါင်းမဖေါ်ရဲအောင် အရှက်ရတတ်တယ်။ နောက်ထပ်လဲ ဘယ်လိုမှမကြိုးစားဝံ့တောဘူး။ ကြိုးစားမှုအောင်မြင်ခဲ့တယ် (မိန်းကလေးက လက်ခံခဲ့တယ်) ဆိုရင်ရော အမြဲတမ်းတိတ်တိတ်ပုန်းဘ၀ နဲ့ပဲနေလို့ရနိုင်တယ်။ အမှုကပေါ်လာပြီး တရားရုံးတွေ ဘယ်တွေရောက်ပြီဆိုရင် သူများမယားကိုခိုးယူပေါင်းသင်းသူ ဆိုပြီးအရေးယူခံရတယ်။ အပြိုင်နေရာများရဖို့ကဝေးလို့ အငယ်နေရာတောင်မရနိုင်ပဲ သူခိုးကြီးလုံးလုံးဖြစ်သွားတယ်။ ချစ်စိတ်ကိုအလိုလိုက်မိပြီး ကြိုးစားလို့ရလိုက်တဲ့အောင်မြင်မှုအတွက် ရလိုက်တဲ့ဆုလဘ်က သူခိုးကြီး (ကြာကူလီ) ဆိုတဲ့ဘွဲ့။
အခုပြောခဲ့တဲ့ပြဿနာ ၂ ခုက ကျား/မ ကွဲပြားတာကလွဲလို့ အခြေအနေတွေက အတူတူပဲ။ အိမ်ထောင်ရှိသူကို ချစ်မိတာက စတဲပြဿနာ။ ချစ်မိသူက အမျိုးသားဖြစ်ခဲ့ရင် တရားဥပဒေက လုံးဝအကာအကွယ်မပေးလို့ သူခိုးကြီးဖြစ်ရတယ်။ ချစ်မိသူက အမျိုးသမီးဖြစ်ခဲ့လို့ရှိရင်တော့ တရားဥပဒေက အပြည့်အ၀အကာအကွယ်ပေးထားတဲ့အပြင်၊ ပထမ မိန်းမနဲ့တန်းတူ သားစားရိတ်၊ မယားစားရိတ် တောင်းခွင့်၊ အမွေဆက်ခံပိုင်ခွင့် တွေတောင်ရှိတယ်လို့ကြားဖူးတယ်။ ဥပဒေအရ ကျား နဲ့ မ အခွင့်အရေးမညီမျှတာ တော့သေချာနေပြီ ဘယ်သူ နှိပ်ကွပ်ခံထားရလဲ၊ ဘယ်သူ့ကိုအကာအကွယ်ပေးထားလဲ စဉ်းစားကြည့်ကြပါဦး။ ( ကိုရွက်ဝါကတော့ ကြာကူလီ အချစ်သမားလေးတွေဘက်က ရှေ့နေလိုက်နေတယ်လို့ ဆုံးဖြတ်ချက်ချ မစောလိုက်ပါနဲ့။ ဆုံးအောင်ဖတ်ကြည့်ပါဦး။)
နောက်ထပ်ဥပမာတစ်ခု။ အိမ်ထောင်သည် အမျိုးသားတစ်ယောက်က မိန်းမပျိုတစ်ယောက်ကို ဖျားယောင်းသွေးဆောင် ခဲ့ပြီး တိတ်တိတ်လေး ပေါင်းသင်းနေထိုင် ခဲ့ကြလို့ အဲဒီအမှုကပေါ်လာတဲ့အခါ၊ ဖျားယောင်းသွေးဆောင် ခံရတဲ့ကောင်မလေးကို အထက်ကပြောခဲ့သလိုပဲ တရားဥပဒေက အကာအကွယ် အပြည့် ပေးထားတယ်။ ပတ်သက်ခဲ့မှုထင်ရှားရင် သူကိုယ်တိုင်လည်း ပထမမိန်းမနဲ့ တန်းတူအခွင့်အရေးရသွားတယ်။
တကယ်လို့ အိမ်ထောင်သည် အမျိုးသမီးက လူပျိုတစ်ယောက်ကို ဖျာယောင်းသွေးဆောင်ခဲ့မယ် ဆိုပါစို့။ သူကဖျားယောင်းခဲ့တာပါ၊ အစပိုင်းမှာ ကျွန်တော်ကြိုးစား ရှောင်ကျဉ်ခဲ့သေးပါတယ် ဆိုတာကို ဘယ်လိုပဲထင်ရှားအောင် ပြနိုင်ပြနိုင် လုံးဝအကာအကွယ်မရနိုင်ပါဘူး။ အမှုက ဖျားယောင်းခံရသူ အမျိုးသားမှာသာ တာဝန်ရှိပါတယ်။ အနည်းဆုံး (လူကြီးအိမ်မှာ အမှုပြီးသွားရင်) လျှော်ကြေးပေးရပါတယ်။ တရာရုံးတွေ ဘာတွေ ရောက်ရင်တော့ ထောင်တောင်ကျသွားနိုင်ပါတယ်။
အခုပြောခဲ့တဲ့ ပြဿနာ ၂ ခုကလည်း ကျား/မ ကွဲပြားတာကလွဲလို့ အခြေအနေတွေက အတူတူပါ။ ဖျားယောင်းခံရသူက မိန်းမဖြစ်ရင် ဥပဒေက အကာအကွယ်ပေးထားပြီး၊ ဖျားယောင်းခံရသူက ယောက်ျားဖြစ်နေရင်တော့ ဥပဒေက အပြစ်ဒဏ်ပေးတယ်။ ဥပဒေအရ ကျား နဲ့ မ အခွင့်အရေးမညီမျှတာ တော့သေချာနေပြီ ဘယ်သူ နှိပ်ကွပ်ခံထားရလဲ၊ ဘယ်သူ့ကိုအကာအကွယ်ပေးထားလဲ စဉ်းစားကြည့်ကြပါဦး။
တစ်လင် တစ်မယား စနစ်ကကောင်းပါတယ်။ ချစ်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ဖျားယောင်းသွေးဆောင်လို့ ပဲဖြစ်ဖြစ်၊ အမျိုးသားကစလို့ပဲဖြစ်ဖြစ်၊ အမျိုးသမီးကစလို့ပဲဖြစ်ဖြစ် သစ္စာဖေါက်မှုတွေဖြစ်လာရင်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ဖြစ်လာတဲ့ သစ္စာဖေါက်မှုတွေမှာ အမျိုးသားပဲ တာဝန်ရှိတာလား၊ ဒီလိုကိစ္စတွေမဖြစ်ရအောင် အမျိုးသားကပဲ ထိမ်းသိမ်း စောင့်ရှောက် ရမှာလားလို့ မေးလာရင် ဘယ်လိုဖြေကြမလဲ။ ကျွန်တော်အနေနဲ့ ပြောရရင်တော့ ၂ ဦး ၂ ဖက်လုံးတာဝန် အတူတူရှိကြတယ်။ ပြသနာရယ်လို့ဖြစ်လာခဲ့ရင် သဘာဝအရ အမျိုးသမီးတွေမှာသာ ၀န်ထုပ်ဝန်ပိုး ဖြစ်တတ်တယ်။ သဘာဝတရားက အမျိုးသမီးတွေကို နှိမ်ထားတဲ့သဘော ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသားတွေအနေနဲ့ ကိုယ်ချင်းစာစိတ် ( အမိချင်း ၊ နှမချင်း စာနာစိတ်) လေးရှေ့ထားပြီ ထိမ်းသိမ်းစောင့်ရှောက်ဖို့လိုတယ်။ ပိုပြီးတာဝန်ရှိတယ်လို့ထင်တယ်။ ကိုယ်ချင်းစာစိတ်ဆိုတာ လူတိုင်းမှာတော့ မရှိကြဘူး။ ဒါကြောင့် "ဒို့ကယောက်ျားပဲ။ ဘာနစ်နာတာမှတ်လို့" ဆိုတဲ့ယောက်ျားမျိုးတွေ စိတ်ထင်တိုင်း မရမ်းကားရဲအောင် ဥပဒေက အမျိုးသမီးတွေကို အကာအကွယ်ပေးထားကာ၊ အမျိုးသားတွေကို ထိမ်းသိမ်းဖို့တာဝန်ရှိတယ်လို့ ဥပဒေက ပြဌာန်းထားတာသင့်တော်တယ်လို့ ယူဆတယ်။
ကဲ ကျွန်တော်စဉ်းစား သလို ဆိုရင် မြန်မာပြည်က အိမ်ထောင်ပြုခွင့် ဥပဒေက အမျိုးသမီးတွေကို အကာအကွယ်ပေးထားပြီး အမျိုးသားတွေကို တာဝန်ကြီးကြီးပေးထားတဲ့ ဥပဒေဖြစ်နေပြီ။ မဟုတ်သေးပါဘူး မိန်းမတွေကို နှိမ်ထားတဲ့ ဥပဒေပါလို့ ဆိုချင်ရင်တော့ အမြင်နောက်တစ်မျိုးဖြစ်လို့ စိတ်ဝင်စားပါတယ်။ ဆွေးနွေးလှည့်ကြပါ။
အိမ်ထောင်ပြုခွင့် နှင့်ပတ်သက်ပြီး ကျား/မ အခွင့်အရေး လုံးဝ တန်းတူညီမျှရမည်ဟု ပြောဆိုလာရင်တော့ မဖြစ်သင့်ဘူးဟု ထင်သည်။ သဘာဝတရားကိုက ညီမျှသောအခွင့်အရေးကို မပေးခဲ့သောကြောင့်ဖြစ်သည်။ တစ်ခြားကာယစွမ်းအား ဉာဏစွမ်းအားဆိုင်ရာ တာဝန်ထမ်ဆောင်မှုများနှင့်ပတ်သက်၍ လုံးဝ တန်းတူညီမျှမှုကို တောင်းဆိုရင်တော့ ကန့်ကွက်ရန်မရှိပါ။
( အခုပြဿနာနှင့် ပတ်သက်၍ ဥပဒေ အတိအကျကို လုံးဝမဖတ်ဖူးပါ။ လူပြောသူပြာ ဗဟုသုတများ နှင့် ကြားဖူးသောဖြတ်ထုံးများကို အခြေခံ၍ ရေးသားထားသောကြောင့် အမှားအရွင်းများရှိနိုင်ပါသည်။ ထောက်ပြပေးမည် ဆိုလျှင်ကျေးဇူးတင်ပါသည်။)

:) Saturday, August 11, 2007
သူနှင့်ရောက်တတ်ရာရာ
တကယ်တမ်း ကျတော့ ဒီနေရာကို သူမသွားချင်။ ဖခင် တစ်ယောက်ပင်ပန်းကြီးစွာ သူ့ရှေ့ အလုပ်လုပ်နေတာ သူမမြင်လိုပါ။ အရက်ကြောင့် ဆေးရုံတက် ကုသခဲ့ရသော ဖခင်အား တံတားဆောက်လုပ်ရေး လုပ်ငန်းခွင် ပင်ပန်းမှုကို သူမခံစားစေလို။ ၁၀ တန်းသာ ရှိသေးသော သူလည်း မွေးမြူရေး တစ်ဖက်နှင့် ဖခင်ကို မကူညီနိုင်။ ရင်ထဲတော့ တော်တော်မကောင်းလှ။ ဘ၀ကပေးတဲ့ ဒဏ်တွေ သူခံစားနိုင်အောင် ကြိုးစားခဲ့သည်။ တစ်နေ့တော့ကြမ္မာရဟတ် တစ်ပတ်လည်ပေအုံးမည်။ လူပျိုရွယ်သူ့ခမျာ ရှက်ရွံ့ သိမ်ငယ်မှုတွေကို အသိတရားနှင့် ထိန်းသိမ်းထားခဲ့သည်။ အဖေကိုသနားသည်။အမေကိုသနားသည်။ မောင်နှမတွေကို လည်းသနားသည်။ သနားမှုက လွဲလို့လည်း သူဘာမှ မလုပ်တတ်။ သူ့စိတ်ကူး အိပ်မက်များကို လမ်းလျှောက်ရင်း အကောင်ထည်ဖော်နေမိသည်။ ယခု ယူနေသော မွေးမြူရေး အစာဆိုင်သည် ဈေးလည်းကြီးသည်။ မောက်လည်းမောက်မာသည်။ သူရွာဆင်းဖို့ စဉ်းစားသည်။ ဈေးလည်း သက်သာမည်။ စိတ်တိုင်းကြလည်း ရွေးယူနိုင်သည်။ ဒီစိတ်ကူးလေး မဆိုးဟု သူပြုံးနေမိသည်။ လုပ်ငန်းကိုထပ်ပြီး တိုးချဲ့ရမည်။ နယ်တွေကိုယ်တိုင်ဆင်းမည် ဟုစိတ်ကူးထားသည်။ ဒီလိုဆိုရင်ဖြင့် အများကြီး အကျိုးအမြတ်ဖြစ်ထွန်းနိုင်မည်။ သူ့စိတ်ကူးနှင့် သူတော်တော်ကျေနပ်သွားသည်။ အဖေကိုလည်း ပင်ပင်ပန်းပန်း မလုပ်ခိုင်းတော့။ အမေရော မောင်နှမလေးတွေပါ ပျော်ရွှင်စိတ်ချမ်းသာရမည်။ အကြီးဆုံးသား သူအတွက်တော့ အရွယ်နှင့် မမျှစဉ်းစားနေမိသည်။ ကြာတော့လည်း စိတ်အနာတို့သည်ပင် ဘ၀အတွက် ခွန်အားတို့ ဖြစ်စေခဲ့သည် မဟုတ်လား။ တစ်ခုတော့ သူစဉ်းစားနေသည်။ အဆင်မပြေသော မိသားစုမှ ပေါက်ဖွားလာသည့် သား၊သမီး တို့သည် သူလိုပင်ဖြစ်နေကြမလား။ လင်မယား ကတောက်ကစ ခဏတိုင်းဖြစ်နေကြ မိသားစုမှ သား၊သမီးတို့သည် မည်သို့ ရှိမည်နည်း။ သည်သို့ စဉ်းစားမိတော့လည်း သူကိုယ်သူ တော်တော်ကံကောင်း လေစွဟုထင်မိသည်။ အဖေနှင့်အမေ သည် သား၊သမီးများ ရှေ့ စကားများ ရန်မဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ ရောက်တတ်ရာရာ စဉ်းစားရင်းလျှောက်လာလိုက်တာ တံတားကြီးမြင်မှ အတွေးစတို့ ပျက်တောက်သွားသည်။
အဖေအား ခပ်လှမ်းလှမ်းမှ လက်ပြရင်း ဖေဖေ ဟုခေါ် လိုက်သည်။ ချွေးစတို့ ကြားမှ မောပမ်းမှုကို အပြုံးနှင့်ဖုံးရင်း အဖေလှမ်းလာသည်။
"ဖေဖေ မောနေပြီလား" ဟုသူမေးမိသည်။
"ဒီလိုပါပဲ သားကြီးရာ။ မောင်ပုတို့က အဖေကို ပင်ပန်းတာ မခိုင်းကြပါဘူး။ သူတို့ချည်း လုပ်ကြတာကွ။ သားကြီးရော စားပြီးပြီလား။"
အမောများကြားမှ သူ့ကို သတိတရမေးသော ဖခင်အား သူကြာရှည်မကြည့်ရက်။
"ဟုတ်ကဲ့ စားပြီးပြီဖေဖေ" ဟု သူဖြေလိုက်သည်။
" အေး ဒါဆို ထားခဲ့ သားကြီးပြန်လိုက်တော့။"
ဒီနေရာမျိုးမှာ ကြာရှည်မနေစေလိုသော ဖခင် သဘောကိုလည်း သူနားလည်သည်။ အဖေ့ သူငယ်ချင်းများ အဖေ့ကိုညှာတာကြတာကိုတော့ သူသိသည်။ဘိလပ်မြေ ကားများ၊ သစ်ကားများ၊ သံချောင်းများတင်လာသည့် ကားများ၊ ကျောက်ကားများဖြင့် ရှုတ်ယှက်ခတ်နေကြသည်။ အလုပ်သမားများကလည်း နားသူကနား၊ လုပ်သူလုပ်နှင့် အတော်ပင်များပြားလှသည်။ အထူးသဖြင့် ထုထည်ကြီးမားသော တံတားအခြေကို စိတ်ဝင်စားနေမိသည်။ အပြန်တလျှောက်လည်း ထိုကြီးမားသည့် ထုထည်အခြေသည် နေရာယူလာသည်။ ဘယ်ကိစ္စမဆို အခြေခိုင်မှ ဖြစ်မည် ဟု သူနားလည်လိုက်သည်။ အခြေမခိုင်တော့ ယိုင်တတ်သည်။ နောက်ဆုံး ပြိုလဲကျသွားနိုင်သည်။ သူဘ၀၊ သူ့အခြေနေ ကို သူစဉ်းစားမိတော့ အခြေမခိုင်။ ယိုင်ချင်တာတောင် ဘယ်ယိုင်ရမလဲမသိ။ သေချာစဉ်းစားမိတော့ ရယ်ချင်စရာ။ သူကိုယ်သူ ပြန်ကြည့်မိသည်။ ဘောင်းဘီတို၊ စွပ်ကျယ်နှင့် ဆံပင်ဘုတ်သိုက်။ တွေးလိုက်တော့ အမြင့်ခေါင်ခိုက်။ သြော် အတွေးတွေကို အခြေခိုင်အောင် အရင်တည်ဆောက်ရအုံးမှာပါလား ဟု သူတွေးနေမိတော့သည်။

:) Friday, August 10, 2007
အလုပ်နဲ့ ခံစားမှု ( တာဝန်နဲ့ ဆန္ဒ)
အလုပ်နဲ့ ခံစားမှု ( တာဝန်နဲ့ ဆန္ဒ)
(ရုရှားစာရေးဆရာ Mikhail Bulgakov ရေးတဲ့ The Master and Margarita ဆိုတဲ့ဝတ္ထုသင်ရတဲ့နေ့က ဒီစာလေးကိုရေးခဲ့တာပါ။ ၀တ္ထုကတော့ ၃၂ ခန်းပါတဲ့ ၀တ္ထုရှည်ကြီးပါ။ ကျောင်းမှာ သင်ရတာကတော့ အတိုချုပ်ပါပဲ။ ၀တ္ထုကတော့ အိမ်ထောင်ရှိပြီးသား အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ရှိပြီးသား အမျိုးသားတစ်ယောက်တို့ရဲ့ ချစ်ဇတ်လမ်းလေးပါ။ ကျွန်တော်ကတော့ ဖေါက်ပြန်ကြတယ်ဆိုတဲ့ အမြင်နဲ့ကြည့်တော့ တော်တော်မကြိုက်ခဲ့တာပါ။ ဇတ်လမ်းကတော့ မြင်မြင်ချင်းကြိုက်မိတယိဆိုတဲ့ အချစ်မျိုးနဲ့ ဘာအကြာင်ပြချက်မှပေးစရာမရှိပဲ အရမ်းချစ်သွားကြတဲ့အကြောင်းကို ချစ်ဖို့ကောင်းအောင် ဖွဲ့ထားတာပါ။ ၀တ္ထုအပြည့်ကိုတော့ စိတ်ဝင်စားပေမယ့် ပြင်းလို့ ခုထိမဖတ်ရသေးပါ။ အတိုချုပ်ပဲ ဖတ်ဖူးတာဆိုတော့ ကျွန်တော်နားလည်မှု လွဲနေတာလည်းဖြစ်နိုင်ပါတယ်။ )
လူရယ်လို့ဖြစ်လာကြရင် အလုပ်လုပ်ဖို့ လိုအပ်မယ်။ ခံစားမှုတွေလည်းရှိနေကြမှာပါ။ ဒီနေရာမှာ အလုပ်ဆိုတာ ထမ်ဆောင်ဖို့လိုအပ်တဲ့ တာဝန် ၀တ္တရားတွေအားလုံးကိုဆိုချင်တာပါ။ ( ကိုယ့်သားသမီးအပေါ်မိဘ တာဝန်ကျေရမယ်။ ကိုယ့်မိဘအပေါ် သားသမီးတာဝန်ကျေရမယ်။ ကိုယ့်ဇနီးမယားအပေါ် ယောက်ျားတာဝန်ကျေရမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခြားလူကိုယ့်ကြောင့် မထိခိုက်ရလေအောင်၊ မိမိကိုယ်တိုင်လည်း သိပ်ခါရှိရှိနေနိုင်အောင် လူ့စည်းကမ်း၊ ဥပဒေတွေလိုက်နာရမယ်။ ) အဲဒါတွေအားလုံးကို ပြောခြင်တာပါ။ ခံစာမှုဆိုတာကတော့ အများပြောနေတဲ့ ဝေဒတနာကို ဆိုလိုတာမဟုတ်ပါဘူး။ စိတ်ခံစားမှု လိုအင်ဆန္ဒတွေကိုပြောတာပါ။ (အချစ်၊ အမုန်း ဆိုတဲစိတ်ခံစားမှုတွေအပြင် သွားခြင်တယ်၊ လာခြင်တယ်၊ စားခြင်တယ်၊ ဘယ်သူနဲ့တော့အတူနေခြင်တယ်၊ ဘယ်သူ့မျက်နှာတော့ မကြည့်လိုဘူး စတဲ့ စိတ်ဆန္ဒတွေအားလုံးပါဝင်ပါတယ်။) အခုပြောခဲ့တဲ့ အလုပ်နဲ့ခံစားမှုမှာ ဘယ်ဟာကရေးကြီးလဲ။ အလုပ်တာဝန်တွေကို ကျေပွန်အောင်လုပ်သင့်လား။ စိတ်ခံစားမှုတွေကို အလိုလိုက်သင့်လား။ မိမိစိတ်ခံစားမှု တွေကိုအလိုလိုက်မိလို့ မိမိအပါအ၀င် နီးစပ်သူတွေပါ စိတ်ဆင်းရဲ ခဲ့ရတဲ့အကြောင်းလေး တစ်ခုပြောပြခြင်ပါတယ်။
တစ်ချိန်တုန်းက ကျွန်တော်တို့ မြို့ကလေးမှာ လင်မယား ၂ ယောက်ရှိကြတယ်။ သူတို့က သူဌေးကြီးတွေ မဟုတ်ကြပေမယ့် ကောင်းကောင်းနေနိုင်ကောင်းကောင်းစားနိုင်ကြပါတယ်။ မိန်းမကလည်းအရမ်းကို လှပါတယ်။ အိမ်ထေင်မကျခင်က မပြည့်စုံခဲ့ပေမယ့် ယောက်ျားကလည်း အလိုလိုက်ထားတော့ အ၀တ်အစားအသစ်အဆန်းဆိုရင် သူကဘယ်တော့မှ နောက်မကျရဘူးပေါ့။ အဲဒီမြို့လေးက အကြီးဆုံးစတိုးဆိုင်ကြီးက သူတို့ပိုင်ကြတာပါ။ သူတို့မှာသမီး ၃ ယောက်နဲ့ သားလေး ၁ ယောက်ရှိပါတယ်။ ပတ်ဝန်ကျင်နဲ့ကလည်းအဆင်ပြေတော့ ပျော်ရွင်စရာ မိသားစုလေးလို့ ပြောရမှာပေါ့။
ဒါပေမယ့် မိန်းမလုပ်သူက တစ်ခြားလူငယ်တစ်ယောက်နဲ့ တိတ်တိတ်လေးအတူနေနေတယ်။ တဖြည်းဖြည်းနဲ့ အဲဒီအကြောင်းတွေကို လူတွေသိလာပြီး ယေက်ျားကြီးပါသိသွားတယ်။ အဲဒီမှာယောက်ျားလုပ်တဲ့လူက ကလေးတွေအရှက်မရာကြအောင်ဆိုပြီး မိန်းမကို သတိပေးတယ်။ ဒါပေမယ့် မိန်းမကပြောလို့မရဘူး။ နောက်ဆုံးတော့ စဉ်းစားဖို့ အချိန် ၂ ပတ်ပေးမယ်။ ဟိုတစ်ယောက်နဲ့ ပြတ်နိုင်ရင်ပြတ် မပြတ်နိုင်ရင် အိမ်ပေါ်ကဆင်းလို့ ပြောလိုက်တယ်တဲ့။ မိန်းမကလည်း ၂ ရက်အကြာမှာပဲ ဒုတိယတစ်ယောက်နောက်ကို လိုက်ပြေးသွားခဲ့တယ်။ သူအဲလိုလိုက်ပြေးသွားတော့ သမီးအကြီးဆုံးက တက္ကသိုလ်ကျောင်းသူကြီးဖြစ်နေပြီ။
သူယူလိုက်တဲ့ ဒုတိယလူက အရမ်းဆင်းရဲတယ်။ နေစရာအိမ်မရှိဘူး။ စက်ဘီးပြင်ဆိုင်လေးကိုပဲအိမ်လုပ်ပြီးနေရတယ်။ ရုပ်ကလေးကချောတယ်။ အသက်ကတော့ သမီးအကြီးဆုံးထက်ကြီးရင် နဲနဲပဲ။ အဲလိုဆိုတော့ သူ့ဘ၀ချက်ချင်းပြောင်းလဲသွားတာပေါ့။ ပထမလူက ပြဿနာမရှာတော့ သူတို့အမှုရင်ဆိုင်ရတဲ့ ဒုတ္ခတွေတော့ မရှိခဲ့ပါဘူး။ သူ့ကိုလည်း သစ္စာမရှိတဲ့မိန်းမဆိုပြီး လူတစ်ချို့က ပစ်ပယ်ထားကြတယ်။ ဆွေမျိုးတော်စပ်သူတစ်ချို့ကတောင် မခေါ်ကြတော့ဘူး။ သူကိုယူလိုက်တဲ့ ယောက်ျားလည်းဒီလိုပဲ ပတ်ဝန်းကျင်က အပြစ်တင်ခံရတယ်။ သူတို့ ၂ ယောက် စိတ်ခံစားမှုတွေကို အလိုလိုက်မိလို့ ဖြစ်ရတဲ့ ဆိုးကျိုးတွေက သူတို့တင်မဟုတ်ပဲ၊ တစ်ခြားသူတွေကိုပါ ထိခိုက်ကုန်တယ်။ သားသမီးတွေဆို ကျေးဇူးကြီးမားလှတဲ့ မိခင်ကိုစိတ်နာတယ်၊ မုန်တယ်ဆိုတဲ့ အခြေအနေထိရောက်သွားတယ်။ ပတ်ဝန်ကျင်မှာလည်း မျက်နှာမပြခြင်လောက်အောင် အရှက်ရကြတယ်။
မိန်းမလုပ်သူမှာ အိမ်ထောင်ထိမ်းဖို့တာဝန်ရှိတယ်။ သားသမီးတွေ စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ လူ့စည်းကမ်းတွေလိုက်နာဖို့တာဝန်ရှိတယ်။ ဒုတိယယောက်ျားကလည်း တရားဥပဒေတွေ လိုက်နာဖို့တာဝန်ရှိတယ်။ ထမ်းဆောင်ရမယ့်တာဝန်တွေ လိုက်နာရမယ့်တာဝန်တွေ ပျက်ကွက်ပြီး ခံစားမှုကိုအလိုလိုက်ခဲ့ကြတယ်။ အဲဒီခံစားမှုကိုပဲ အချစ် လို့ ခေါင်စဉ်တပ်ရမလား။ မိန်းမအနေနဲ့လည်း သူချစ်တဲ့ သားသမီးတွေနဲ့ ခွဲရခြင်းအပါအ၀င် ဆုံးရှုံးမှုအမျိုးမျိုးကို မငဲ့ပဲ ခံစားမှုကို အလိုလိုက်ခဲ့တယ်။ ယေက်ျားအနေနဲ့လည်း အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ကို ယူတဲ့ကိစ္စ ထေင်ကျနိုင်မှန်း သိရက်နဲ့ စွန့်စားရဲခဲ့တယ်။ အချစ် ဆိုတဲ့အရာအပြင် သူတို့ကို ဘာကများလုံလောက်တဲ့ သတ္တိတွေပေးနိုင်ဦးမှာလည်း။ ဒီအကြောင်းကိုပဲ လှပအောင် စာဖွဲ့ပြီး ၀တ္ထုတစ်ပုဒ်ရေးမယ်ဆိုရင် အရမ်းဖတ်လို့ကောင်းတဲ့ အချစ်ဝတ္ထုတစ်ပုဒ် ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။ သူတို ၂ ယောက်စချစ်ကျတဲ့ အခန်းဘယ်လောက် ကဗျာဆန်လိုက်မလဲ။ လူးစည်းကမ်းတွေကိုချိုးဖေါက်ပြီး အချစ်ကို မလွန်ဆန်နိုင်လို့ မှားခဲ့မိတဲ့အမှား။ Mikhail Bulgakov ကတော့ သူတို့အချစ်ကို ဖင်စကီးနော(ရှ်) ( ရှေးဖင်လန်လူမျိုးတွေသုံးခဲ့သော ခတ်ရင်းပုံ လူသတ်လက်နက်) ကိုင်ထားတဲ့ လူသတ်သမားနဲ့တင်စားခဲ့တယ်။ အထက်ကပြောခဲ့တဲ့ ၂ ယောက်ရော Mikhail Bulgakov လိုစာရေးဆရာတွေဖြစ်ကြရင် သူတို့ရင်ထဲက ခံစားလိုက်ရတဲ့ အချစ်ကို ဘာနဲ့များခိုင်နှိုင်းတင်စား ကြဦးမလဲမသိ။
အလုပ်တွေ၊ တာဝန်တွေအားလုံးကို ကျေပွန်အောင် ထမ်းဆောင်ရမယ်။ ခံစားမှုတွေ၊ ဆန္ဒတွေအားလုံးကိုချုပ်တည်း ထားရမယ်ဆိုတာကတော့ မဖြစ်နိုင်ပါ။ ဒါပေမယ့် လူတိုင်ဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိရုံ၊ ကိုယ့်ကြောင့် ပတ်ဝန်းကျင် စိတ်အနှေက်အယှက်မဖြစ်ရုံတော့ လုပ်သင့်တဲ့အလုပနဲ့ ဖြစ်ခြင်တဲ့ ခံစားမှုတွေကို ခွဲခြားနားလည်ပြီး ကောင်းစွာဆင်ခြင် နေထိုင်သင့်ပါတယ်။
(Mikhail Bulgakov. Мастер и Маргарита The Master and Margarita ဆိုတဲ့ဝတ္ထုကိုသင်တဲ့နေ့က အဓိကဇာတ်ကောင်တွေက ဖေါက်ပြန်သူတွေဖြစ်နေလို့ မကြိုက်ဘူးပြောတော့ ဆရာမကပြောတယ် အဲဒါ အချစ် တဲ့။ တော်တော်ကြာအောင်ငြင်းလိုက်ရတယ်။ နောက်အပတ်ကျတော့ သူကထပ်ပြောတယ်။ မင်းမကြိုက်ဘူပြောလို့ အဲဒီဝတ္ထု အပြည့်အစုံကို အိမ်ရောက်တော့ ပြန်ဖတ်ကြည့်တယ်။ ၂ ဆတိုးလို့ကြိုက်မိတယ်တဲ့။)

:) Thursday, August 9, 2007
ဈေးကွက်ဝင်ပညာရေးစနစ် (၂)
ဈေးကွက်ဝင်ပညာရေးစနစ် (၂)
အခုဆက်ပြောမယ့် အပိုင်းကတော့ နည်းပညာတက္ကသိုလ်နဲ့ ပိုဆိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ်တွေက အရည်အချင်းညံ့နေတော့ နိုင်ငံခြားဖြစ်ပစ္စည်းဆိုမှ အထင်ကြီးတာက တော်တော် အခြေအနေဆိုးနေပြီ။ အခုဆိုရင် ကလေးကစားစရာ ပစ္စည်းတောင်နိုင်ငံခြားက ၀ယ်လာမှ (ပို့ပေးမှ) ဂုဏ်ရှိသလိုဖြစ်နေပြီ။ နိုင်ငံခြားတိုင်းပြည်တွေက အရာရာမှာကိုယ့်ထက် တိုးတတ်နေကြတော့ သူတို့ဆီက လာတဲ့ ပစ္စည်းတွေက ပိုကောင်းနေကြမှာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲအတွက် ရေပြွတ်ထုတ်တဲ့ လုပ်ငန်းကိုတော့ မြန်မာနိုင်ငံက ရှေ့တန်းက ဦးဆောင်မနေရင်တောင် နောက်တော့ကျမနေသင့်ဘူးထင်တယ်။ ခုတော့ ဒါကိုလည်း နိုင်ငံခြားကပဲ ၀ယ်သုံးနေရတာပါပဲ။ ကျွန်တော်တို့ နည်းပညာတက္ကသိုလ်က သက်ဆိုင်ရာဌာနတွေ ဘာတွေလုပ်နေကြလဲ။ အခြားအဆင့်မြင့်တဲ့ သုတေသနတွေလုပ်နေရတာနဲ့ အလှမ်းကျယ်အလယ်လပ် ဖြစ်နေတာလား။ ဘာအခက်အခဲတွေများ ရှိနေကြလို့လဲ။ တကယ်ဆိုရင် ဒီလိုပစ္စည်းမျိုးကို ပြည်တွင်းတက္ကသိုလ်တွေက ရှာဖွေတွေ့ရှိထားတဲ့ နည်းပညာတွေနဲ့ ပြည်တွင်းကစက်ရုံတွေမှာပဲ အကောင်းဆုံး ထုတ်လုပ်နိုင်သင့်ပါတယ်။ (ရိုးရာသင်္ကြန် သံချပ်ကလည်း နိုင်ငံခြားကလာမှ နားထောင်လို့ ရတော့တယ်လို့ စဉ်းစားမိတော့ ရေပြွတ်ကိုနိုင်ငံခြားက ၀ယ်သုံးရတာလည်း မဆန်းပါဘူး လို့ပြောလို့လည်းရမလားမသိဘူး။) ရိုးရာပွဲတော်အတွက် ကလေးကစားစရာကို ပြည်ပကတင်သွင်း နေရတဲ့ အဖြစ်က မြန်မာစာကောင်းကောင်းတတ်ခြင်ရင် လန်ဒန်ယူနီဗာစီတီ သွားတတ်ရတယ်ဆိုတာမျိုးလို ဖြစ်နေပြီ။
ဒီအကြောင်းတွေက ပြောရရင်အများကြီးပဲ။ ကျောင်းသားသုံးစာရေးကိရိယာ အမျိုးမျိုး၊ အင်ဂျင်နီယာ ကျောင်းသားသုံး T-square, set-square တွေအပြင် ပေတံကအစ ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် မကြိုးပန်းကြဘူးထင်တယ်။ လျှပ်စစ်စွမ်းအားမလုံလောက်မှု ကြောင့်ဈေးကွက်ဝင်လာတဲ့ ပစ္စည်းတွေ (ဥပမာ ..အရေးပေါ်လျှပ်စစ်မီးအိမ်၊ မီးအားမြှင့်စက်၊ UPS) ကိုလည်း ပြည်တွင်မှာထုတ်လုပ်တာလည်း ရှိတော့ရှိပါလိမ္မယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ၀ယ်ယူရတာတော့ တော်တော်များတယ်ထင်တယ်။ မီးအားမပြည့်တာက မြန်မာပြည်ရဲ့ သီးသန့်ကိုယ်ပိုင်ပြဿနာပါ။ အခုပြောခဲ့တဲ့ ပစ္စည်းတွေက အခြားနိုင်ငံမှာဆိုရင် သိပ်ရောင်းရမယ်မထင်ပါဘူး။ ဒီပစ္စည်းထုတ်လုပ်ဖို့နည်းပညာဆိုတာ၊ ဒီပစ္စည်းတွေထဲက circuit ဆိုတာတွေဟာ မြန်မာတွေလိုက်လို့ မမီနိုင်လောက်အောင် ခက်ခဲမြင့်မားနေတာတော့ မဟုတ်လောက်ပါဘူး။ မဟာတန်း ပါရဂူတန်းတွေလည်း ဖွင့်လစ်သင်ကြားနေတယ်ဆိုတော့ သုတေသနလုပ်ငန်းတွေလည်း လုပ်တော့ လုပ်နေကြမှာပါ။ မိမိတို့ရဲ့ဈေးကွက်လိုအပ်ချက်နဲ့ မိမိတို့ပြည်သူတွေကြားက ပြဿနာတွေကို လေ့လာမှုအားနည်းနေကြပြီး ကျောင်းပြထမ်းချက် ပြီးဆုံးအောင်သင်တာလောက်နဲ့ပဲ ကျေနပ်နေရတာများတယ် ထင်ပါတယ်။
ဈေးကွက်ဝင်ပညာရေးစနစ် ပို့စ်ကို ရေးရတဲ့အကြောင်းကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေလေးတွေကို ကျွန်တော်စဉ်းစားမိသလောက် ပြောပြချင်လို့ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ ဆရာ ဆရာမတွေကို အပြစ်ပြောလိုခြင်းမရှိပါ။ သူတို့မှာလည်း ကျွန်တော်စဉ်းစားသလို (ကျွန်တော် စဉ်းစားသည်ထက် ပိုကောင်းသော )အတွေးတွေရှိ နေနိုင်ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေရတဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်။ အပြင်ကဝေဖန်သူဆိုတာ အမှန်တကယ်အလုပ်လုပ်နေတဲ့ လူလောက်တော့ လုပ်ငန်းခွင်အခက်အခဲကို နားမလည်းနိုင်ပါ။ ဒါကြောင့် ဒီပို့စ်မှာအားနည်းချက်တွေ အများကြီးရှိနေနိုင်ပါတယ်။
(အနာဂါတ်တွက် ရင်သွေးငယ်များ ပို့စ်မှာ comment ရေးခဲ့စဉ်က အခြေခံပညာ အဆင့်မှာ လက်တွေ့ဘ၀အတွက် အမှန်တကယ် အသုံးဝင်မယ်ထင်သော အကြောင်းအရာတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းက မပြောခဲဖြစ်တာလေးကို ဒီမှာနည်းနည်းပြောလိုပါတယ်။ ကျား/မ သဘာဝ အသက်အရွယ်အလိုက် တွေ့ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အိမ်ထောင်ရှင်တွေသိထားသင့်တဲ့ ကျန်းမာရေး အသိပညာတွေဆိုတာကိုလည်း ( ဆရာဝန်အချို့ကတော့ ပညာပေးစာအုပ်ကြီးတွေ ရေးသားထုတ်ဝေနေတာ ရှိပေမယ့်) အစိုးရပညာရေးမှာတော့ (အခြေခံအဆင့်ရော အဆင့်မြင့်ပညာအဆင့်မှာပါ) လုံးဝမပါဝင်တာတွေ့ရပါတယ်။ လူငယ်တချို့ကြားမှာဆိုရင်လည်း အဲဒီလိုပညာပေးစာအုပ်တွေ ဖတ်ရမှာ (မေးမြန်းဆွေးနွေးရမှာ) ကိုရှက်ရမှာလို ကြောက်ရမှာလိုထင်နေကြတယ်။ လူတိုင်းနဲ့သက်ဆိုင်တဲ့ အသိပညာတွေဆိုရင် အခြေခံပညာ အထက်တန်းအဆင့် ကတည်းက စနစ်တကျ သင်ပေးလိုက်သင့်တယ်ထင်ပါတယ်။)

ပညာရေးနဲ့ပတ်သက်တာလေးတွေ..
:) Tuesday, August 7, 2007
ဈေးကွက်ဝင်ပညာရေးစနစ် (၁)
ဈေးကွက်ဝင်ပညာရေးစနစ် (၁)
( ကျွန်တော်တို့နိုင်ငံ လက်ရှိပညာရေး စနစ်က ပေးလိုက်သော ပညာများသည် ကျောင်းဆင်းလူငယ်များအတွက် လက်တွေ့ဘ၀တွင် အသုံးမတည့်လှဘူးထင်၍ (ဈေးကွက်မ၀င်ဘူးထင်၍ ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါသည်။ http://educationinmyanmar.blogspot.com ဘလော့ဂ်မှ အနာဂါတ်အတွက် ရင်သွေးငယ်များ ပို့စ်တွင် ဒီအကြောင်း comment ရေး၍ ဆွေးနွေးဘူးပါသည်။ ဆွေးနွေးခဲ့စဉ်က အခြေခံပညာ အကြောင်းသာပါခဲ့ပါသည်။ အခုဒီပို့စ်တွင် အဆင့်မြင့်ပညာ အကြောင်းအဓိက ထား၍ပြောသွားပါမည်။)
လက်ရှိမြန်မာနိုင်ငံ တက္ကသိုလ်ကြီးများတွင်( အဝေး နှင့် ဒေး ) ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးသည် ကျောင်းသားအရေအတွက်အများဆုံး ဖြစ်မည်ထင်ပါသည်။ ၄င်းတက္ကသိုလ်မှ ဆင်းလာသော ကျောင်းသားမျာသည် B. A. သို့မဟုတ် B. Sc. ဘွဲ့များကိုရရှိကြပါသည်။ ဘွဲ့ရပြီးနောက် အများစုက မိရိုးဖလာ စီးပွာရေး ( ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအ၀ယ်၊ နှင့် စက်ရုံအလုပ်ရုံ စသည်) လုပ်ငန်းတို့ကို လုပ်ကြသူကများပါသည်။ မိမိအဓိကယူခဲ့သော ဘာသာတွဲနှင့် ပတ်သက်သည့် (ပုဂ္ဂလိက၊ အစိုးရ) အလုပ်အကိုင် ရရှိသူလည်းရှိပါသည်။ သိုသော် ကျောင်းဆင်းအရေအတွက်နှင့် စာလျှင် အရမ်းနဲပါသည်။ ထို့ကြောင့် တက္ကသိုလ်ကပေးလိုက်သော ပညာမှာ ဘွဲ့ရအများစုအတွက် အသုံးမတည့်သလို ဖြစ်နေပါသည်။ ကျောင်းသားအများစုအတွက် ငွေကုန်၊ အချိန်ကုန်ခံ ကျောင်းတတ်ခြင်းက အမြီးတပ်လို့ရရုံ၊ ဘွဲ့ဓါတ်ပုံရိုက်လို့ရရုံ လောက်သာဖြစ်နေတယ်လို့ ထင်ပါသည်။
ဘွဲ့ရပုဂ္ဂိုလ်အများအတွက် တက္ကသိုလ်က ပေးလိုက်သော ပညာဟာ အသုံးမ၀င်သလိုဖြစ်လာရင် တက္ကသိုလ်ရှိနေခြင်းကပင် အဓိပ္ပါယ်မရှိနိုင်တော့ဟုထင်ပါသည်။ ထို့ကြောင့်ကျောင်းသားအများစုတတ်သော ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးများကို ဈေးကွက်ဝင်သည့် ပညာတွေပေးနိုင်သော ကျောင်းကြီးတွေအဖြစ် ပြောင်လဲပေးလိုက်နိုင်ရင်ပိုကောင်းလိမ္မည်ဟု ထင်ပါသည်။ ကျောင်းဆင်းအများစု ကျင်လည်ရမယ့် ဘ၀တွေဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ဆိုင်ရာ အသိပညာတို့ကို ပေးလိုက်နိုင်ရင် (ကျောင်းသားများရဲ့ လက်တွေ့ဘ၀မှာ ပိုမိုအသုံးတဲ့နိုင်တာမို့) ပိုမိုတိုးတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ အဲလိုအပြောင်းအလဲ တွေလုပ်မယ်ဆိုရင်တော့ လက်ရှိသုံးစွဲနေတဲ့ ဌာနတို့ ဘွဲ့တို့ရဲ့ အမည်တွေပြောင်းလဲသွားနိုင်ပါတယ်။
ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး စနစ်တွေ အရမ်းကိုမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်ပေမယ့် (တောင်သူလယ်သမားတို့ တတ်မြောက်ထားတဲ့) စိုက်ပျိုးရေး နည်းပညာဟာ မိရိုးဖလာအဆင့် ထက်မသာသေးဘူးထင်ပါတယ်။ ရေဆင်းတက္ကသိုလ် အခြေအနေတော့ မသိပါ။ ကျေးလက်နေလူဦးရေ အရမ်းများပြားသော ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုး၊ မွေးမြူရေး နည်းပညာ နိမ့်ကျမှုကို လစ်လျူရှုပြီး အဆင့်မြင့်သိပ္ပံပညာ နောက်ကို လိုက်နေခြင်းကတော့ ပုဆိုးဖင်ပေါက်ကို မဖါပဲ ပလက်တီနန်ဆွဲကြိုး ၀ယ်လိုသူနဲ့တူနေပါတယ်။ အဲဒီဆွဲကြိုးကြီးအမှန်တကယ် ၀ယ်နိုင်ရင်တောင် မတင့်တယ်နိုင်သေးပါ။

ချစ်သူသို့
အလွမ်းရနံ့ နှင်းတောမှာ
ဘ၀အမောတွေ ပြေစေဖို့
မေတ္တာရေကြည် တစ်ပေါက်နဲ့
လမ်းပျောက်နေတဲ့ ငါ့ကို
အလင်းရောင်ပေးသူ ချစ်သူ။
ငါ့ဘ၀နေရောင် ပျောက်လည်း
မင်းအတွက် အလင်းတစ်ပွင့်ကို
သစ္စာတစ်ခက်နဲ့ မေတ္တာပန္နက်
စိုက်ထူပေးမှာပါ ချစ်သူ။
ဘ၀အမောတွေ ပြေစေဖို့
မေတ္တာရေကြည် တစ်ပေါက်နဲ့
လမ်းပျောက်နေတဲ့ ငါ့ကို
အလင်းရောင်ပေးသူ ချစ်သူ။
ငါ့ဘ၀နေရောင် ပျောက်လည်း
မင်းအတွက် အလင်းတစ်ပွင့်ကို
သစ္စာတစ်ခက်နဲ့ မေတ္တာပန္နက်
စိုက်ထူပေးမှာပါ ချစ်သူ။
Labels:
ကဗျာ,
ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
သင်ခန်းစာယူစရာ သမိုင်းပညာ( ပြည်သူလူထု သို့မဟုတ် အပြစ်မတင်ထိုက်သော)

(ဦးနာအောက်နဲ့ ပတ်သက်ပြီး ပို့စ်တစ်ခုရေးခဲ့တုန်းက ရန်လိုတယ်ဒေါသကြီးတယ်ဆိုပြီး စွပ်စွဲခံလိုက်ရတယ်။ ပြီးတော့ ကိုရွက်ဝါ အသေးအဖွဲလေးတွေအတွက် အချိန်ကုန်ခံမနေပါနဲ့ လို့လဲပြေသွားသေးတယ်။ ကျွန်တော်အတွက်တော့ သမိုင်းကိုပြန်သုံးသပ်ပြီး သင်ခန်းစာယူတဲ့အလုပ်ကို အသေးအဖွဲလို့ မမြင်။ အဲလိုသုံးသပ်တဲ့နေရာမှာလည်း ဘယ်သူ့မျက်နှာမှ မထောက်ပဲ သုံးသပ်ပါမှ ရိုးသားတယ်။ အဖြေမှန်ကိုရောက်နိုင်တယ်လို့ ထင်တာပဲ။ နောက်တော့ ပြည်သူလူထုဆိုတာ အပြစ်တင်ကောင်သော အရာမဟုတ်လို့လည်း ပြောခြင်တယ်။ အဲဒါကြောင့် ဒီပိုစ်ကိုရေးလိုက်ရတာပါ။)
သမိုင်းဆိုတာကို ရှေ့ကလူတွေရေးထားသမျှကို ဖတ်ထားမှတ်ထားရုံနဲ့ အကျိုးကျေးဇူးသိပ်မရှိနိုင်ပါဘူး။ တိမ်မြုတ်နေသေးတဲ့ အချက်အလက်တွေရှာရမယ်။ (ဒါကတော့ သမိုင်သုတေသီတွေနဲ့ ပိုဆိုင်ပါလိမ္မယ်။) လက်လှမ်းမီသမျှ အချက်အလက်တွေကို သုံးသပ်သင်ခန်းစာယူရမယ်။ ( ဒါကတော့ လူတိုင်းလုပ်သင့်တဲ့ အလုပ်လို့ထင်ပါတယ်။ ) ခုနှစ်တွေ လူနာမည်တွေကို အလွတ်ကျက်မှတ်ရုံနဲ့ သမိုင်းလေ့လာတယ်ဆိုတဲ့ အလုပ်ကပြီးပြီလား။ စာမေးပွဲပြီးရင်အားလုံးမေ့ပစ်လိုက်တာများပါတယ်။ သမိုင်းဖြစ်စဉ်တွေကနေ သုံးသပ်ပညာယူတာတွေမလုပ်နိုင်ရင် ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ မအအောင်လို့ ဆိုတဲ့ရည်ရွယ်ချက်ကလည်း ပြည့်ဝနိုင်ပါ့မလား။ ကလေးတွေကိုသမိုင်းသင်တာမှာ ဒီလိုဖြစ်ပါသည်လို့ သင်မပေးသင့်ဘူးထင်တယ်။ အဲဒါကသမိုင်း သင်တာမဟုတ်ပဲ အယူအဆတွေ ရိုက်သွင်းပေးတာနဲ့တူတယ်။ အချက်အလက်တွေအားလုံးကို ချပြပြီး ဘယ်လိုဖြစ်နိုင်လဲဆိုတာကို ဆုံးဖြတ်ခိုင်းရင် သူတို့ရဲ့ ဉာဏ်ရည်ကိုလည်း မြေတောင်မြှေက်ပေးရာရောက်ပြီး ပညာရေးစနစ်ရဲ့ ရိုးသားမှုလဲရှိသွားတာပေါ့။
မြန်မာ့သမိုင်းကိုကြည့်ရင် ကိုလိုနီခေတ်က အရှည်ကြီးပါ။ အဲဒီကာလ အရှည်ကြီးမှာ လွတ်လပ်ရေးရလိုစိတ်ဓါတ်တွေက တလျှေက်လုံးနိုးကြားနေခဲ့ကြလို့လား။ တိမ်မြုတ်အားနည်းနေတဲ့ ကာလတွေလည်းရှိမှာပါ။ အဲဒီအချိန်မှာရှိနေတဲ့လူတွေကို ကျွန်ဘွဲ့ခံလိုသူတွေဆိုပြီး အပြစ်တင်ကြမှာလား။ ပြည်သူတို့စိတ်ဓါတ်ဆိုတာ အခြေအနေတွေ အများကြီးအပေါ်မူတည်ပါတယ်။ အုပ်ချုပ်မှု ယန္တရားက ဖိနှိပ်မှုက အရမ်းအားကြီးလွန်းရင် ပြည်သူတွေဟာ မျက်စေ့နားတွေပိတ်ပြီး မိမိအခွင့်အရေး မိမိနားမလည် တောင်းဆိုရကောင်းမှန်းလည်းမသိလောက်အောင် အနေ ကြောက်နေတတ်ပါတယ်။ အဲဒါဖိနှိပ်သူရဲ့ အဆိုကြောင့်ဖြစ်တာ ပြည်သူ့အပြစ်မှမဟုတ်တာ။ နောက်တော့ ခေတ်အလိုက်ပေါ်ပေါက်လာတဲ့ စာပေ၊ စာနယ်ဇင်း၊ အနု ပညာရှင်တို့ရဲ့ လွှမ်းမိုးမှု။ ဒါကြောင့်လည်း သခင်ကိုတော်မှိုင်းလို ပုဂ္ဂိုလ်မျိုးကို စာပေနဲ့ ပြည်သူ့ကိုအလင်းဆောင်ပေးသူ၊ ကလောင်လက်နက်နဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ၊ စသဖြင့်ခေါ်ကြတာပေါ့။ အဲလိုပုဂ္ဂိုလ်မျိုး ထွန်းကားတဲ့ခေတ်မှာ ပြည်သူတွေက အတွေးအခေါ်ပိုင်းမှာ ပိုတော်နေတတ်ကြပါတယ်။ အဲလိုပုဂ္ဂိုလ်မျိုးမထွန်းကားလို့ ပြည်သူတွေအနေကြရတာဆိုရင်ရော အကြောင်းရင်းက ရှင်နေပြီးသားမို့ ပြည်သူအပြစ်မရှိပါ။ နောက်ဆုံး ကျွန်တော်စဉ်းစားမိတာတစ်ခုက ခေတ်အလိုက်ပေါ်ပေါက်လာတတ်တဲ့ ခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုပါ။ လူထုခေါင်းဆောင်တွေ စည်းရုံးရေးအရည်အချင်းရှိရင်ရှိသလို ပြည်သူလူထုက စည်းလုံးညီညွတ်ကြပြီး ညံ့ရင်ညံ့သလို ပြည်သူ့စည်းရုံးရေး ပြိုကွဲတတ်ပါတယ်။ တချို့သော အုပ်ချုပ်သူတွေက သူတို့အာဏာတည်မြဲအောင် အသေအချာ သွေးခွဲအုပ်ချုပ်တတ်ပါတယ်။ အင်္ဂလိပ်အစိုးရက သွေးခွဲအုပ်ချုပ်ခဲ့လို့ တောင်ပေါ်သားနဲ့ မြေပြန့်သား မယုံမကြည်းသွေးကွဲခဲ့ဘူးပါတယ်။ ဒါပေမယ့်ရိုးသားပြီး စည်းရုံးရေးအရည်အချင်ရှိတဲ့ သခင်အောင်ဆန်းလို ခေါင်းဆောင်မျိုးပေါ်လာတော့ အမှန်တကယ်စည်းလုံးချင်း မှတ်တိုင်တွေ စိုက်ထူပြီး လွတ်လပ်ရေးကို အတူတကွယူ နိုင်ခဲ့ပါတယ်။ အဲဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေကို အခုတစ်မျိုး တော်ကြာတစ်မျိုးဆို ပြီးအပြစ်တင်မှာလား။ မတင်သင့်ပါဘူး။ သွေးကွဲခဲ့ရတဲ့ အကြောင်းရင်း ပြန်လည်စည်းလုံးမှုတည်ဆောက်နိုင်ခဲ့ရတဲ့ အကြောင်းရင်း အားလုံးကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာယူဖို့သာရှိပါတယ်။
ပြည်သူတစ်ရပ်လုံးအနေနဲ့ ပြောလာမယ်ဆိုရင် သူတို့ရဲ့အရည်အချင်းတွေ၊ အတွေးအခေါ်တွေ၊ သဘောထားတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အုပ်ချုပ်ရေးစနစ်၊ တစ်ခေတ်တည်းပေါ်ပေါက်ခဲ့တဲ့ စာပေ၊ အနု ပညာရှင်တို့ရဲ့ လွှမ်းမိုးမှု၊ လူထုခေါင်းဆောင်တို့ရဲ့ အရည်အချင်းတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ တစ်ခြားကျွန်တော်မစဉ်းစားမိတဲ့ အချက်တွေလည်းအများကြီးရှိနေနိုင်သေးပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတစ်ရပ်လုံးအနေနဲ့ အရမ်းအနေရင် (ဥပမာ ..မွေးရာပါ မိမိအခွင့် အရေးတောင်နားမလည်ရင်)၊ အရမ်းဆိုးနေရင် (ဥပမာ ..မူးရစ်ဆေးတွေ ၀ယ်လိုအားကောင်းနေရင်)၊ အရမ်းခိုက်ရန်ဒေါသတွေပွားပြီး စည်းလုံးမှုပြိုကွဲနေရင် (ဥပမာ ..ပြည်တွင်စစ်တွေဖြစ်နေရင်) တစ်ခုခုတော့ မှားနေပြီ။ အထက်ကပြောခဲ့တဲ့ အကြောင်းတွေ ဘာတွေအားကောင်းပြီး ဘာတွေအားနည်းနေလဲ။ နောက်ထပ်ရောဘာအကြောင်းတွေရှိနိုင်သေးလဲ။ ဒါကိုပဲစဉ်းစားအဖြေရှာသင့်ပါတယ်။ ပြည်သူကိုအပြစ်မတင်သင့်ပါ။
လက်ရှိပြည်သူတွေကို အပြစ်တင်ခြင်တဲ့လူရှိရင်လည်း ကိုယ့်ကိုကိုယ် မေးကြည့်စေချင်ပါတယ်။ တို့ပြည်သူတွေမအအောင်၊ မဆိုးအောင်၊ စည်းလုံးညီညွတ်အောင် အသင်ဘယ်လောက်လုပ်ပြီးပါပြီလဲ။ ဘယ်လောက်ကြိုးပန်းအားထုတ်ခဲ့ပါသလဲ။ လုပ်ပိုင်ခွင့်ရောဘယ်လောက်ရှိခဲ့ပါသလဲ။ အခုပြောခဲ့တာတွေ တစ်ခုခုအားနည်းနေခဲ့ရင် ဘာကြောင့်လည်းဆိုတဲ့ အကြောင်းရင်းကိုရှာကြည့်ပါ။ ပြည်သူလူထုမှာအပြစ် မရှိတာထင်ရှားသွားပါလိမ္မယ်။
(ဦးနာအောက်ကျရှုံးရတာ ပြည်သူကအာမပေးလို့ပါလို့ ဆိုချင်လည်းဆိုကြပါ။ ကျွန်တော်ကတော့ ဟုတ်မယ်မထင်ပါ။ ဟုတ်တယ်လို့ ဆိုရင်လည်း ပြည်သူကို အပြစ်တင်ရင်တော့ အဲဒီခေတ်က ပြည်သူတွေဘက်က ရှေ့နေလိုက်ရပါလိမ္မယ်။ အဲဒီခေတ်က တိုင်းရင်းသားကိုအားပေးရေး နယ်ချဲ့နိုင်ငံခြားသားကိုအားမပေးရေး (ဆိုတဲ့ ၀ံသာနု) စိတ်ဓါတ်ကို လှုံ့ဆော်ပေးမယ့် ပုဂ္ဂိုလ်မပေါ်ခဲ့ လို့နေမှာပါ။ အဲဒီလိုပုဂ္ဂိုလ် ရှိခဲ့ရင်လည်း နယ်ချဲ့အစိုးရက ဖိနှိပ်ထားခဲ့လို့ ပြည်သူကြားမှာဝံသာနုစိတ် အားနည်းခဲ့တာဖြစ်ရပါမယ်။)
:) Monday, August 6, 2007
ဘ၀အမော
သံယောဇဉ် ပင့်ကူမျှင်ရယ်
ငြိမိလျှင် တွယ်ကပ်
ရုန်းရန်ခက်။
ရင်ထဲလှိုက်ဆူ
ပူလိုပူ အေးလိုအေး
ရောက်မှန်းမသိ
အမှောင်ကမ္ဘာထဲ
တ၀ဲလည်လည်
ရုန်းရန်ကြိုးစား
အားမျှမရှိ ခက်ပါဘိ။
မခေါ်ပဲ ၀င်ရောက်
ဘ၀တစ်ခုလုံး မွှေနှောက်
မနှင်ဘဲလည်း
ကွယ်ပျောက်တတ်သမို့
ရုန်းရင်း ငြိ
ငြိရင်းရုန်းနဲ့
သြော် ... မောလိုက်ပါဘိ။
ငြိမိလျှင် တွယ်ကပ်
ရုန်းရန်ခက်။
ရင်ထဲလှိုက်ဆူ
ပူလိုပူ အေးလိုအေး
ရောက်မှန်းမသိ
အမှောင်ကမ္ဘာထဲ
တ၀ဲလည်လည်
ရုန်းရန်ကြိုးစား
အားမျှမရှိ ခက်ပါဘိ။
မခေါ်ပဲ ၀င်ရောက်
ဘ၀တစ်ခုလုံး မွှေနှောက်
မနှင်ဘဲလည်း
ကွယ်ပျောက်တတ်သမို့
ရုန်းရင်း ငြိ
ငြိရင်းရုန်းနဲ့
သြော် ... မောလိုက်ပါဘိ။
Labels:
ကဗျာ,
ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
:) Sunday, August 5, 2007
ဦးနာအောက် ကျရှုံးမှု နှင့် တိုင်ရင်းသားများ၏ မျိုးချစ်စိတ်

ဦးနာအောက်ကျရှုံးတာ
အကြောင်းရှာသူတို့ပြောတာက
အမျိုးမချစ်ကြတို့ပြည်သူ
ထောက်ပံ့မှုနည်းတာကြောင့်ဆိုပဲ။
သမိုင်းကိုသေချာလှန်
အမှန်ကိုပြန်စစ်တော့
ဖြစ်နိုင်တဲ့ကျရှုံးခြင်း
အကြောင်းရင်းက ၂ ခုတည်း။
အခမဲ့ဝန်ဆောင်မှု၊ ဒို့ပြည်သူ့ရရန်
ရည်ရွယ်ပြန် သူ့စိတ်ကူးဆိုရင်ဖြင့်
ကိုပြောခြင် သူရှုံးရတာက
တွေးခေါ်မှု အမှားကြောင့်။
လက်ဝါးကြီးအုပ်လို
စီးပွါးဆိုငါတစ်ဦးတည်း၊ စွဲမြဲပြီးလုပ်ချင်
စိတ်ကူးသူ့တွင် ရှိခဲ့ရင်ဖြင့်
မပြောခြင် ဒီတခွန်းတော့
ကြက်ဥနဲ့ အုတ်နံရံ
ရိုက်ခွဲရန်သူစိတ်ကူးတာကြောင့်
ရှုံးရတာ ဒီတိုက်ပွဲမှာလား
အားမမျှလို့။
တစ်နေ့က Ye-Mon's Personal (http://yemon.blogspot.com/) ဘလောဂ်မှာ U Nar Auk's Ship စဥ့်ကူးမင်း သင်္ဘော ဆိုတဲ့ပိုစ်ကို ဖတ်ခဲ့ပါတယ်။ comment မှာဝင်ရောက် ဆွေးနွေးသွားတာတွေကိုလည်း ဖတ်ခဲ့ပါတယ်။ joy ကပြောသွားတာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
joy said...
In that competitation bet U nar out and british gov, I think that he lost due to our ppl's behaviour. He is great man for our burmese ppl but our ppl do not support him as our burmese ppl. If ppl take his ship, he won't lost in this battle. I felt sad for him. As u know most of ppl doesn't have မျိုးချစ်စိတ်၊ အမျိုးကို စောင့်ရှောက်သောစိတ်.
August 3, 2007 12:56 AM
ကျွန်တော်နားလည် လိုက်တာကတော့ " တိုင်ရင်းသားတွေက ဦးနာအောက်ကို မထောက်ပံ့ကြဘူး။ သူ့သင်္ဘောကို မစီးကြလို့သာ ဦးနာအောက် ကျရှုံးခဲ့ရတယ်။ တိုင်းရင်းသားတွေမှာ မျိုးချစ်စိတ် အမျိုကိုစောင့်လိုသောစိတ် မရှိကြဘူး။ " လို့အပြစ်တင်ထားသလားလို့ပဲ။ ဦးနာအောက် ကျရှုံးရတာ တိုင်းရင်သားတို့ရဲ့ မျိုးချစ်စိတ်မဲ့မှုကြောင့် မဟုတ်ပါ။ သူရဲ့လုပ်ဆောင်ချက် အမှားကြောင့်သာ ဖြစ်ပါတယ်။ အဲဒီအမှားကလည်း ဘာပေါ်မှာအခြေခံလည်းဆိုတာ စဉ်းကြည့်ရင် ဖြစ်နိုင်ချေက ၂ ခုရှိပါတယ်။
၁။ သူ့ရဲ့အတွေးအခေါ် မှားယွင်းမှု
၂။ သူ့ရဲ့စီးပွားရေးလုပ်ငန်း လက်ဝါးကြီးအုပ်လိုမှု
သင်္ဘောစီးလိုတဲ့သူ ကူးတို့ခတော့ပေးရမှာပါ။ ကားစီးခြင်တဲ့သူ ကားခတော့ပေးရမှာပါ။ အခကြေးငွေက များလွန်းပြီး အမြတ်ကြီးစားဆောင်ရွက်လာရင်တော့ မဖြစ်သင့်ဘူးပေါ့။ ဦးနာအောက်က တိုင်းရင်းသားတွေအပေါ် အမြတ်ကြီးစား နေတဲ့ စီးပွားရေးသမားတွေကို မကျေနပ်လို့ ယှဉ်ပြိုင်ဆောင်ရွက်တာဆိုရင် သူထားသင့်တဲ့ ရည်ရွယ်ချက်က တိုင်းရင်းသားအားလုံး သင့်တင့်လျှောက်ပတ်တဲ့ ၀န်ဆောင်စားရိတ်ပေးပြီး သင်္ဘောစီးခွင့်ရရှိရေးကို ဦးတည်သင့်ပါတယ်။ အခမဲ့စီးခွင့်ရအောင်၊ သဘောင်္စီးလို့ လက်ဆောင်ရအောင် ဆိုတဲ့အနေအထားမျိုးထိ လိုခြင်လို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီနေရာမှာ သူသာအတွေးအခေါ် မှန်ခဲ့ရင် သင့်တင့်လျှေက်ပတ်တဲ့ ဈေးနှုံးနဲ့ ပုံမှန်ပြေးဆွဲပေးခဲ့မှာပါ။ ဘယ်သူမှလဲ အမြတ်ကြီးစားလို့ ရမှာမဟုတ်တော့ပါဘူး။ နိုင်ငံခြားသား ကုမ္ပဏီက အရှုံးခံပြေးဆွဲလာရင် ဦးနာအောက်က ကိုယ့်သင်္ဘောကိုယ်ရပ်ပြီး ထိုင်ကြည့်နေလို့ရပါတယ်။ ကို့တိုင်းရင်းသားတွေကို နိုင်ငံခြားသားတွေက အရှုံးခံ ၀န်ဆောင်မှုပေးနေတာဖြစ်လို့ ဘာမှမခံမရပ်နိုင် တိုက်ပွဲဝင်နေစရာ မလိုပါဘူး။ ကြာကြာပြေးဆွဲပေးလေ ကောင်းလေပါ။ သူတို့က မတတ်နိုင်တော့လို့ ဈေးတင်လာတဲ့အခါ၊ သင့်တော်တဲ့အနေအထားရောက်ရင် (အနည်းဆုံး လောင်စာဖိုးရလာပြီ ဆိုရင်) ကိုယ့်သင်္ဘောပြန် ပြေးဆွဲလိုက်ပါ။ အဲလိုလုပ်ခဲ့ရင် ဘယ်သူမှ မိမိလူမျိုးကို အမြတ်ကြီးစားလို့ မရတော့ပါဘူး။
သင်္ဘောစီးတဲ့သူ ကူးတို့ခတော့ပေးရမယ်။ ကားစီးတဲ့သူ ကားခတော့ပေးရမယ်။ ဆိုတာကိုသူသဘောပေါက်ပြီး ရည်ရွယ်ချက်မှန်မှန်နဲ့ တိုက်ပွဲဝင်ခဲ့မယ်ဆိုရင် သူ့လုပ်ဆောင်ချက်တွေလည်း မှားမှာမဟုတ်သလို ဘယ်တော့မှလည်းကျရှုံးမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူကျရှုံးရတာဟာ ( နံပါတ် ၁ အကြောင်း) တွေးခေါ်မှု အမှားကြောင့် ဖြစ်နိုင်ပါတယ်။
ကူးတို့ခ ကိုဈေးလျော့ယူလာလိုက်တာ နောက်ဆုံးမှာ အခမဲ့ပြေးဆွဲပေးခြင်း၊ လက်ဆောင်ပေးခြင်း၊ ထမင်းကြွေးခြင်း ဆိုတဲ့အနေအထားထိ ရောက်လာပါတယ်။ အဲဒီအခြေအနေထိ ရောက်နေမှ တိုင်ရင်းသားတွေက မျိုးချစ်စိတ်ကြီး လက်ကိုင်ထားပြီး သူ့သင်္ဘောကိုစီးလို့ သူ့ကိုကူညီရာ မရောက်နိုင်တော့ပါဘူး။ သူ့ကိုမြန်မြန် ကျရှုံးအောင် လုပ်ပေးသလိုပဲ ဖြစ်နေတော့ခဲ့မှာပါ။ ဒါကြောင့် သူ့ရဲ့ကျရှုံးခြင်းဟာ တိုင်ရင်သားတို့ရဲ့ မျိုးချစ်စိတ်(အမျိုးကိုစောင့်ရှောက်လိုစိတ်)မဲ့မှုကြောင့်လို့ ပြောလို့မရနိုင်ပါဘူး။ (သူ့ကိုပြည်သူက မကျရှုံးစေချင်ရင် ဦးနာအောက် ထောက်ပံ့ရေး ရံပုံငွေ အဖွဲ့တွေ ဖွဲ့စည်းပေးမှပဲ ဖြစ်နိုင်တော့မယ့် အခြေအနေပါ။)
သူကျရှုံးခဲ့ရတဲ့ နောက်ထပ်ဖြစ်နိုင်တဲ့ အကြောင်းတစ်ခုကတော့ သူ့ရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်လိုမှု (လောဘကြီးမှု) ပါ။ သူဟာစီးပွားရေးလုပ်ငန်းတစ်ခုကို လက်ဝါးကြီးအုပ်လိုမှုနဲ့ ပြိုင်ဘက်ကုမ္ပဏီကို အပြုတ်တိုက်ခဲ့ပြီး၊ အဲဒီမှာ တဖက်ကုမ္ပဲဏီက မပြုတ်ပဲ သူပဲကျရှုံးခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။ သူကျရှုံးပြီးတဲ့ နောက်ပိုင်းမှာ ပြိုင်ဘက်ကင်းဖြစ်သွားတဲ့ အဲဒီကုမ္ပဏီက ယှဉ်ပြိုင်စဉ်က သူရှုံးခဲ့တဲ့ငွေ၊ ပေးခဲ့ရတဲ့ လက်ဆောင်ဖိုး၊ ကြွေးခဲ့ရတဲ့ ထမင်းဖိုး ဘယ်သူဆီကတောင်းမလဲ။ ခရီးသွားပြည်သူတွေဆီကပဲ ပြန်ယူရမှာပေါ့။ သေချာပါတယ် ပြည်သူတွေဟာ ပုံမှန်အမြတ်ကြီးစား ခံနေရပါတယ် ဆိုတာထက် ပိုများတဲ့အခကြေးငွေကိုပေး ကြရတော့မှာပါ။
စဉ်းစားစရာရှိတာတစ်ခုက အကယ်၍ တဖက်ကုမ္ပဏီကျရှုံးပြီး ဦးနာအောက်သာ ပြိုင်ဘက်ကင်း စီးပွားရေးသမားတစ်ဦး ဖြစ်လာခဲ့ရင်ရော၊ သူရှုံးခဲ့တဲ့ငွေကြေးကို ဘယ်သူဆီက သူပြန်ယူမလဲ။ ခရီးသွားပြည်သူတွေဆီကပဲ ပြန်ယူစရာရှိပါတယ်။ ပြန်မယူဘူးလို့ပဲထားလိုက်ပါဦး။ ယှဉ်ပြိုင်နေရတုန်းကလို လက်ဆောင်ပေး ထမင်းကြွေးပြီး အခမဲ့ပြေးဆွဲမပေးတော့မှာတော့ သေချာပါတယ်။
ပြိုင်ဘက်ရဲ့အင်အားကို သေချာမသိပဲ လောဘနဲ့ တိုက်တဲ့တိုက်ပွဲ လုပ်ဆောင်ချက်ကလည်း လွဲလိုက်တော့ နောက်ဆုံးတော့ ကျရှုံးရပေါ့။ အဲဒါကြောင့် သူကျရှုံးရတာဟာ ( နံပါတ်၂ အကြောင်း) စီးပွားရေးလုပ်ငန်း လက်ဝါးကြီးအုပ်လိုမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သူသာတွေးအခေါ်မှန်မှန်နဲ့ ( ပြိုင်ဘက်အပေါ်မှာရော ပြည်သူ့အပေါ်မှာပါ) စိတ်စေတနာကောင်းကောင်းနဲ့ အေးအေးဆေးဆေး ပုံမှန်လေးပြေးဆွဲပေးခဲ့ရင် မျိုးချစ်စိတ်နဲ့ ပြည်သူကအားပေးလာသမျှလည်း သူ့အတွက်အကျိုးဖြစ်ထွန်းပြီးတော့ ကိုလိုနီခေတ်ကတည်းက ပြည်သူကို အမြတ်ကြီးစား တိုင်းတပါးက စီးပွားရေးသမားတို့ရန်က ကာကွယ်ပေးခဲ့တဲ့ ဦးနာအောက်ရဲ့ ကုမ္ပဏီက ဒီနေ့ထိဂုဏ်ယူစရာ ဆက်လက်တည်ရှိချင်ရှိနေမှာပါ။

:) Saturday, August 4, 2007
ပညာရေး နှင့် မြို့နေတောနေ လူတန်းစားကွာဟမှု (၃)
ပညာရေး နှင့် မြို့နေတောနေ လူတန်းစားကွာဟမှု (၃ )
ကျွန်တော်တို့မြို့လေးရဲ့ အရှေ့မြောက်ဘက် မိုင်၂၀ လောက်မှာ ခရိုင်မြို့ကြီးတစ်ခု ရှိပါတယ်။ ကျွန်တော်တို့မြို့လေးက သေးသေးလေးဆိုပေမယ့် ကျောထောက်နောက်ခံ ကျေးရွာတွေ တော်တော်များပါတယ်။ အဲဒီရွာတွေအားလုံးက ကျွန်တော်တို့ မြို့လေးမှာရှိတဲ အထက ကျောင်းလေးကိုပဲ အားကိုးနေကြရပါတယ်။ တွဲဖက်အထက်တန်ကျောင်း ရှိတဲ့ရွာလေးတွေလည်း ၂ ရွာလောက်တော့ ရှိပါတယ်။ လေ့လာမှုအားနည်းခဲ့လို့ အနီးအနားကရွာတွေအကြောင်းကို သိပ်မသိခဲ့ပါဘူး။ အနောက်မြောက်ဘက် ၄ မိုင်အကွာလောက်က ရွာလေးအကြေင်းတော့ သိပါတယ်။ ဒါတောင် ဆွေမျိုးတော်စပ်သူ တော်တော်များများ အဲဒီရွာမှာရှိနေသေးလို့ပါ။
၁၉၉၉ ခုနှစ်ဝန်းကျင်လောက်က အဲဒီရွာလေးမှာ ဆရာမငယ်ငယ်လေး ၂ ယောက် တာဝန်ကျလာပါတယ်။ သူတို့ကတော့ ခရိုင်မြို့ကြီးပေါ်က မြို့သူတွေပါ။ တာဝန်ကျရာရွာကနေ မြို့ပေါ်ကိုပြန်ရင် လမ်းမှာတင် တစ်နေကုန်သပါတယ်။ ရွာကနေလှည်းနဲ့လာပြီး ကျွန်တော်တို့ မြို့ကနေ ကားပြောင်းစီးမှ ခရိုင်မြို့ကြီးကိုရောက်တာပါ။ ကားအဆင်မပြေရင် ကျွန်တော်တို့ မြို့လေးမှာ ညအိပ်ရတတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျေင်းပိတ်ရက် အိမ်ပြန်အနားယူနိုင်ဖို့ သောကြာနေ့နံနက် ကတည်းက ပြန်ကြရပါတယ်။ တနင်္လာနေ့နံနက်ကျမှ ပြန်လာကြတော့ အင်္ဂါနေ့ရောက်မှ စာစသင်နိုင်ပါတယ်။ အဲတာကအပတ်စဉ် ဖြစ်နေတာဆိုတော့ ကလေးတွေက တစ်ပတ်ကို ၄ ရက်အနားယူ နေရပါတယ်။ သောကြာနဲ့ တနင်္လာနေ့တွေကိုမှ မယူရင်လည်း သူတို့ရဲ့ တစ်ပတ်စာအတွက် အနားယူချိန်က ခရီးသွားရင်း အချိန်ကုန်ရတော့မယ့် အနေအထားဖြစ်နေတယ်။သူတို့ထဲကတစ်ယောက်က တာဝန်ခံကျောင်းအုပ်ပါ။ ကျောင်းရှိ အစိုရ၀န်ထမ်းကလည်း အဲဒါအကုန်ပါပဲ။ တစ်ခြားလိုအပ်တာရှိရင် ရွာကိုအကူအညီတောင်ပါတယ်။ ရွာကလူကြီးလူငယ်တွေက လိုအပ်သလို အကူအညီပေးကြရပါတယ်။ ( မင်္ဂလာပါ ရုပ်ရှင်ကားထဲကလိုပါပဲ)
ဒီရွာကကလေးတွေရဲ့ ပညာရေးကံကြမ္မာက မြို့ကလာတဲ့ဆရာမတွေ လက်ထဲရောကနေသလို ဖြစ်သွားတယ်။ သူတို့ရှိရင်စာသင်ရတယ်။ သူတို့မရှိရင်စာသင်ခွင့် မရကြတော့ဘူး။ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပြောပြောနေတဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေးဆိုတဲ့ ကိစ္စ ကိုအရမ်းကြီးတော့ နားမလည်ပါ။ ဒါပေမယ့် ဉာဏ်မီသလောက် စဉ်းစားကြည့်ရရင် ကိုယ့်ဒေသအတွက်လိုအပ်တဲ့ ကျောင်းဆရာ၊ ဆရာဝန်အစရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေကိုမှ ဒေသတွင်နေထိုသူတွေထဲက မမွေးထုတ်နိုင်ရင် အဲဒီဒေသမှာနေတဲ့လူတွေဟာ ကိုယ်ကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတာက ဘယ်လိုမှရနိုင်မှာမဟုတ်ဘူးလို့ ထင်တယ်။
ကျွန်တော်တို့မြိုပေါ်က အခြေခံပညာကျောင်းတွေကိုလည်း မြို့ကြီးတွေက ဆရာ၊ဆရာမတွေ တာဝန်ကျတတ်ပါတယ်။ များသောအားဖြင့်တော့ လူငယ်လေးတွေပါ။ အတွေအကြုံက မရှိသေးတော့ ဒေသခံ ဆရာမကြီးတစ်ယောက်ပြောတတ်တဲ့ စကားက “ ဒို့ နယ်ကျောင်းတွေကတော့ အစမ်းသပ်ခံလေးတွေပါ။ အတွေ့အကြုံရှိလို့ အသင်အပြကောင်း လာပြီဆိုရင် မြို့ပေါ်ကိုပြောင်းသွားကြတော့တာပဲ။ “တဲ့။ ဆေးရုံမှာလည်းအတူတူပါပဲ။ ကျွန်တော်တို့မြို့က တိုက်နယ်ဆေးရုံလေးမှာလည်း ဆရာဝန် မမြဲတာက ပုံမှန်ကြီးလိုဖြစ်နေတဲ့ ပြဿနာပါ။
ပိုဆိုးတာက တွဲဖက်ကျောင်းတွေ ကိစ္စ။ တွဲဖက်အထက်တန်ကျောင်း ဆိုတာတွေက အစိုးရအထက်တန်ကျောင်း (အထက) တစ်ခုခုနဲ့တွဲပြီး အလုပ်လုပ်ကြရတယ်။ သူတိုဆီမှာ ၉ တန်း ၁၀ တန်း တွေသာဖွင့်ထားတာ အထက်တန်ပြဆရာရယ်လို့ အစိုးရက တစ်ယောက်မှ တာဝန်ချပေး မထားတော့ ဆရာ၊ဆရာမ ခန့်ထားရေးကို ရွာကပဲ လုံးဝတာဝန်ယူရတယ်။ များသောအားဖြင့်တော့ ရွာကတက္ကသိုလ်ကျောင်းသူလေးတွေက ၀င်လုပ်တတ်ကြတယ်။ လခကလည်းရွာကပေးတာ မက်လောက်အောင်လည်းမများတော့ လုပ်ချင်သူလည်းအရမ်းနည်းတယ်။ တွဲဖက်ကျောင်း ဆရာခန့်ထားရေးနဲ့ပတ်သက်ပြီး၊ ကျောင်းတွင်းအုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ကမောက်ကမ ဖြစ်တတ်တာတွေပြောရရင် ပြောလို့ပြီးမှာမဟုတ်တော့ဘူး။
အခုပြောခဲ့တာတွေကိုကြည့်ရင် ရွာဘက်တွေမှာ အစိုးရပညာရေး ယန္တရားက ( အမှတ် ၂ တုန်းကပြောခဲ့သလို ) ဆရာအင်အား၊ သင်ထောက်ကူပစ္စည်းအင်အား အားနည်းရုံတင်မဟုတ်ပဲ။ ဆရာ၊ဆရာမ အရည်အချင်းက အာမလခံချက်မရှိဘူး။ စာသင်ချိန်ကလည်း ပြည့်မီချင်မှ မီတယ်။ ကျွန်တော်အထင်ပြောရရင် အစိုးရပညာရေး စနစ်အောက်မှာ ဆရာအရည်အချင်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထားရှိပြီး မြို့ပေါ်မှာရော တောရွာတွေမှာပါ၊ တွဲဖက်ကျောင်းပဲဖြစ်ဖြစ် အစိုးရကျောင်းပဲဖြစ်ဖြစ် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံမှ တာဝန် ထမ်းဆောင်ခွင့် ပေးသင့်ပါတယ်။
မြို့နေတောနေ လူတန်းစားတွေဆိုတာကတော့ ရှိနေမှာပါ။ တောရွာတွေမှာ ၀န်ထမ်းမပြည့်စုံမှု အပါအ၀င် အခြားပြဿနာတွေ လျော့နည်းသွားအောင် ပညာရေးစနစ်ကောင်းရှိဖို့က အရေးကြီးလှပါတယ်။ တက္ကသိုလ်ဝင်ခွင့် စနစ်အပါအ၀င် ပညာရေးစနစ်ကြီးက ညံ့ဖျင်းနေဦးမယ်ဆိုရင်တော့ တောနေပြည်သူတွေရဲ့ (ကျန်မာရေး၊ ပညာရေး စောင့်ရှောက်မှု အပါအ၀င် ) ဘ၀ကကြမ္မာတစ်ခုလုံးက တပါးသူကိုအားကိုးနေရလို့ ကမောက်ကမ အခြေအနေတွေနဲ့ အမြဲတွေ့နေရဦးမှာပါပဲ။
(မင်္ဂလာပါ ရုပ်ရှင်ကားထဲက မြိုသားကျောင်းဆရာ ၂ ယောက် ရွာကနေအပြီးပြန် တော့မယ်ဆိုတာသိလိုက်ရလို့ ရွာသားတွေ ငိုနေကြတဲ့ ဇတ်ဝင်ခန်းကို ခုထိမှတ်မိနေသေးတယ်။ ရွာခံကျောင်းဆရာ မရှိလေတော့ မြိုကရောက်လာတဲ့ ဆရာ ၂ ယောက် အပေါ်မှာ ကလေးတွေရဲ့ပညာရေးကို ပုံအပ်ထားရတယ်။ သူတို့ရှိရင်ပညာရေးရှိတယ်။ သူတို့မရှိရင် ပညာရေးမရှိတော့ဘူး လို့ပြောရလောက်အောင်ကို အခြေအနေက ဆိုးနေတာတွေရတယ်။)

မောင့်ကတိ
မောင့်ကတိ
တစ်နှစ်ပြီးစီး ချစ်ခရီးတွင်
ရူးမူး အသဲစွဲ အချစ်မကဲလည်း
ထားခဲ့သစ္စာ မောင့်မေတ္တာသည်
အများတကာထက်မလျော့ခဲ့။
အိမ်ထောင်ရှင်ဘ၀ တို့ရကြရင်
ဇီးဖြူ၊ ဖန်းခါး မတင်စား(တင်ဇား)လည်း
တစ်သက်မခွဲ တွဲလက်မြဲအောင်
ဒီမောင်ကြိုးစားပြပါ့မယ်။
ဘ၀အဆက်ဆက် အတူပေါင်းဖက်လို
နုတ်ကဖွင့်ဆို တောင်းဆုမပိုလည်း
ကုသိုလ်အစုစု အတူပြုရင်း
ရေစက်လက်ဆုံချကြမယ်။
ချစ်သူခင်ပွန်း အသည်းနှင်း၍
နေခြင်းကာလ ရှည်သမျှတွင်
ကြုံရအခက်ခဲ အတူလက်တွဲကာ
ဖြိုခွဲနိုင်ရန် ထိုအားမာန်အပြင်
ကြီးမားမေတ္တာ ခိုင်သစ္စာနှင့်
ရိုးသားဖြောင့်မတ်ပေါင်းပါ့မယ်။
ကတိပြုပါတယ် မောင့်ချစ်ရယ်။
တစ်နှစ်ပြီးစီး ချစ်ခရီးတွင်
ရူးမူး အသဲစွဲ အချစ်မကဲလည်း
ထားခဲ့သစ္စာ မောင့်မေတ္တာသည်
အများတကာထက်မလျော့ခဲ့။
အိမ်ထောင်ရှင်ဘ၀ တို့ရကြရင်
ဇီးဖြူ၊ ဖန်းခါး မတင်စား(တင်ဇား)လည်း
တစ်သက်မခွဲ တွဲလက်မြဲအောင်
ဒီမောင်ကြိုးစားပြပါ့မယ်။
ဘ၀အဆက်ဆက် အတူပေါင်းဖက်လို
နုတ်ကဖွင့်ဆို တောင်းဆုမပိုလည်း
ကုသိုလ်အစုစု အတူပြုရင်း
ရေစက်လက်ဆုံချကြမယ်။
ချစ်သူခင်ပွန်း အသည်းနှင်း၍
နေခြင်းကာလ ရှည်သမျှတွင်
ကြုံရအခက်ခဲ အတူလက်တွဲကာ
ဖြိုခွဲနိုင်ရန် ထိုအားမာန်အပြင်
ကြီးမားမေတ္တာ ခိုင်သစ္စာနှင့်
ရိုးသားဖြောင့်မတ်ပေါင်းပါ့မယ်။
ကတိပြုပါတယ် မောင့်ချစ်ရယ်။
Labels:
ကဗျာ,
ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
:) Friday, August 3, 2007
ပညာရေး နှင့် မြို့နေတောနေ လူတန်းစားကွာဟမှု (၂)
ပညာရေး နှင့် မြို့နေတောနေ လူတန်းစားကွာဟမှု (၂ )
အစိုးရပညာရေး စနစ်အောက်မှာ ကျောင်းတွေအတွက် အနည်းဆုံးလိုအပ်ချက်ကို ( အနည်းဆုံးလိုအပ်ချက်ကို) သတ်မှတ်ပေးတဲ့ အဖွဲ့တစ်ခုတော့ ထားရှိဖို့လိုမယ်ထင်တယ်။ ကျောင်းသားအရေအတွက်တွေများလို့ ကျောင်ဆရာအင်အား သင်ထောက်ကူပစ္စည်းအင်အားတွေ တိုးချဲ့တာကလည်းလုပ်ရမှာပါ။ ဒါပေမယ့် ကျောင်းသားအရေအတွက်နည်းလို့ဆိုပြီး လိုအပ်ချက်တွေအားလုံးကို အချိုးကျလိုက်ပြီးလျော့ချလို့တော့ ဘယ်ဖြစ်မလဲ။ ကျောင်းသားအရေအတွက်က ၅ ယောက်တောင်မပြည့်ဘူးဆိုပေမယ့် ဘာသာရပ်တွေက ၉ ခု ၁၀ ခု ရှိနေရင်၊ ဘာသာရပ်အားလုံးကို သင်ယူရာမှာအဆင်ပြေအောင် အနည်းဆုံးလိုအပ်တဲ့ ဆရာအင်အားက ကျောင်သားအရေအတွက်ထက် များချင်များနေမှာပေါ့။ ဒါပေမယ့် ဒီအနေအထားက အနည်းဆုံးလိုအပ်ချက် ဖြစ်နေပြီဆိုရင် လျော့ချလို့မသင့်တော့ဘူးပေါ့။ သင်ထောက်ကူပစ္စည်း ဆိုတာကလည်း ကျောင်းသားအရေအတွက် ဘယ်လောက်နည်းတဲ့ ကျောင်းပဲဖြစ်ဖြစ် အနည်းဆုံးလိုအပ်ချက် ထက်တော့မလျော့နည်းသင့်ဘူးပေါ့။
မြို့ပေါ်ကျောင်းတွေနဲ့ ကျေးရွာကကျောင်းတွေကို အောင်ချက်ရာနှုံးတို့ ဂုဏ်ထူးထွက်ရှိမှုတို့ ယှဉ်ကြည့်မယ်ဆိုရင်လည်း မြို့ပေါ်ကျောင်းတွေက သာလွန်ကောင်းမွန်တာတွေ့ရပါတယ်။ ကျွန်တော်တို့ကျောင်းလေးမှာ တန်းခွဲတစ်ခုကို လူ (၅၀-၆၀) လောက်ရှိတဲ့ ၁၀တန်း တန်းခွဲ ၃ ခု ( ၁၉၉၄-၁၉၉၇ ၀န်းကျင်လောက်က) ရှိခဲ့ပါတယ်။ ကျောင်းသားအရေအတွက် (၁၅၀-၁၈၀) ၀န်းကျင်လောက်ရှိခဲ့တဲ့ နှစ်တွေမှာ ဆေးတက္ကသိုလ် ၀င်တဲ့ကျောင်းသားက တစ်နှစ်တစ်ယောက်တောင် ပုံမှန်မပါဘူး။ အောင်ချက်ရာနှုံးကတော့ ဆရာတွေရဲ့ ကြိုး ပန်းမှုကြောင့် အမြဲတမ်း ပတ်ဝန်းကျင်ကျောင်တွေထက် သာခဲ့ပါတယ်။ (လက်ရှိအနေအထားတော့ မသိတော့ပါ။ အစိုးရပညာရေး ၀န်ကြီးဌာနက မြို့ပြနဲ့ ကျေးလက် ပညာရည်အဆင့်အတန်း တပြေးညီ ဖြစ်စေရေး စီမန်ကိန်းတွေချမှတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြောင်းလဲမှု တစ်ချို့လည်း ဖြစ်ချင်ဖြစ်နေလောက်ပါပြီ)
ပြီးခဲ့တဲ့နှစ်က မန္တလေးမြို့က နာမည်ကျော် ဘော်ဒါကြီးတစ်ခုအကြောင်း ညီလေးတစ်ယောက်ကပြောပြတယ်။ အဲဒီဘော်ဒါမှာ လူ ၁၂၀ လောက်ရှိတဲ့ ၁၀ တန်း တန်းခွဲလေးခုလောက်ရှိတယ်တဲ့။ ပထမတန်းခွဲမှာ နေရာရနေတဲ့ ကျောင်းသားတွေက အားလုံးဆေးတက္ကသိုလ် ၀င်ဖို့သေချာတယ်ဆိုပဲ။ ဒုတိယတန်းခွဲကကျောင်းသားတွေလည်း အနည်းငယ်တော့ ၀င်တာရှိတယ်တဲ့။ ၂၅% ကျော်လောက် ဆရာဝန်ဖြစ်လာနိုင်တဲ့သဘောပေါ့။
လက်ရှိတက္ကသိုလ် ၀င်ခွင့်စနစ်ကလည်း ၁၀ တန်းအောင်မှတ်ကို အခြေခံထားတော့ ဆေးတက္ကသိုလ်လိုကျောင်း မျိုးတွေကို ၀င်သွားတဲ့ လူတွေကြည့်ရင် မြို့ပေါ်ကကလေးတွေ ဖြစ်နေတာများတယ်ထင်တယ်။ တောရွာတွေကနေ မြို့ပေါ်က ဘော်ဒါတွေမှာလာနေပြီး ဆေးတက္ကသိုလ်ဝင်သွားတဲ့ လူတွေလည်းရှိပါတယ်လို့ ဆိုရင်လည်း ဒီကလေးက မြိုပြကိုလက်လှမ်းမီတဲ့ ကလေးလို့တော့ ပြောရမှာပါပဲ။ မြန်မာနိုင်ငံမှာ အဲဒီလိုလက်လှမ်းမမီတဲ့ ကလေးတွေက တော်တော်များများ ရှိမှာပါ။ အဲဒီကလေးတွေထဲက အဆင့်မြင့်တက္ကသိုလ် ၀င်ခွင့်ရသူ မရှိဘူးလို့ ပြောမရပေမယ့် မြို့ပေါ်က ကလေးတွေ ( မြို့ပြကိုလက်လှမ်းမီတဲ့ ကလေးတွေ) နဲ့စာရင် အရေအတွက်အားဖြင့် အရမ်းနည်းနေမှာပါ။ အဲဒီမှာ မေးစရာရှိတာက အစိုးရနဲ့ ပုဂ္ဂလိက ပညာရေး ယန္တရား ၂ ခုလုံး (အမှတ် ၁ တုန်းကပြောခဲ့ သလို) ထောက်ပံ့မှု အားနည်းတဲ့ ဒေသမှာနေရလို့ အမှတ်မကောင်းတဲ့ ကျောင်းသားတွေကို အဆင့်မြင့်ပညာရေးနဲ့ မထိုက်တန်ဘူး၊ ဥာဏ်ရည်မမီဘူး၊ လို့ဆိုရင်မှန်နိုင်ပါ့မလား။ တစ်ခြားပိုမိုသင့်တော်ကောင်းမွန်တဲ့ တက္ကသိုလ် ၀င်ခွင့်စနစ်တစ်ခုကိုရော ဖေါ်ဆောင်ပေးလို့ မရနိုင်တော့ဘူးလား။
အခုလိုတက္ကသိုလ် ၀င်ခွင့်စနစ်ကြောင့် ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေကလည်း ရှိသေးတယ်။ ဆရာဝန်ဖြစ်ဖို့ဆိုတာ မြို့ပေါ်က လူတွေသာ ရနိုင်တဲ့ အခွင့်အရေးလိုဖြစ်လာတယ်။ ဖြစ်လာတဲဆရာဝန်တွေကလည်း မြို့တွေပေါ်မှာပဲနေချင်နေခြင်ကြတယ်။ တောရွာတွေဆီ တာဝန်ချလိုက်ရင် စိတ်ဆင်းရဲစွာနဲ့ တာဝန်ထမ်းဆောင်နေကြပြီး မြို့ပေါ်ပြန်လာခွင့် ရဖို့ကိုအမျိုးမျိုး ကြိုးစားနေကြတယ်။ သူတို့ကိုအပြစ်တင်ချင်လို့ ပြောနေတာမဟုတ်ပါဘူး။ သူတို့က မြို့ပေါ်မှာကျင်လည်ခဲ့တော့ မြို့ပေါ်မှာပဲနေချင်ကြတယ် ဆိုတာ သဘာဝကျပါတယ်။ မြို့ပြဆိုတာ မျက်စေ့နား ပိုပွင့်ပြီး၊ ဘ၀တတ်လမ်း အတွက်လည်းပိုကောင်းတာကို။ အခုလိုဝန်ထမ်းတွေ တောရွာတွေမှာ တာဝန်ထမ်းရမှာကြောက်နေကြတဲ့ ပြဿနာက ကျန်းမာရေးဌာန တစ်ခုတည်းမှာ ဖြစ်နေတဲ့ ပြဿနာမဟုတ်ပါဘူး။ အစိုးရဌာန အများစုမှာ ကြုံတွေ့နေရတဲ့ပြဿနာပါ။
အဲဒီပြဿနာကြီးက အားနည်းတဲ့ ပညာရေးစနစ်(တက္ကသိုလ်ဝင်ခွင့်စနစ်)ရဲ့ အထောက်အပံ့လည်းရလိုက်တော့ ပိုမိုအားကောင်းလာပြီး၊ မြို့နေတောနေ လူတန်းစားကွာဟမှု ကလည်းပိုဆိုးလာတောတာပေါ့။

ချစ်မာရသွန်
အချိန်ဆိုတဲ့ နံရံတံတိုင်းကိုကျော်လွန်
မင်းအနားကို မာရသွန်ပြေးပြီး
လာချင်ပါရဲ့ ချစ်သူ။
အမောပြေရေချမ်း မေကမ်းလို့ပေးရင်ဖြင့်
မင်းရင်ခွင်မှာ ထာဝရ
ပန်းဝင်ချင်တယ် ချစ်သူ။
မင်းအနားကို မာရသွန်ပြေးပြီး
လာချင်ပါရဲ့ ချစ်သူ။
အမောပြေရေချမ်း မေကမ်းလို့ပေးရင်ဖြင့်
မင်းရင်ခွင်မှာ ထာဝရ
ပန်းဝင်ချင်တယ် ချစ်သူ။
Labels:
ကဗျာ,
ပေါ့ပေါ့ပါးပါး ရေးထားတာလေးတွေ..
:) Thursday, August 2, 2007
ပညာရေး နှင့် မြို့နေတောနေ လူတန်းစားကွာဟမှု (၁)

ဟာသသရုပ်ဆောင် ဇာဂနာ ပါဝင်တဲ့ မင်္ဂလာပါ ရုပ်ရှင်ကားကို ကြည့်ပြီး ဒီစာကိုရေးမိတာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက်က ဖြစ်လာခဲ့တဲ့ တောရွာတွေမှာ အစိုးရ၀န်ထမ်း မပြည့်စုံတဲ့ ပြဿနာဟာ အခုထက်ထိလည်း မပြေနိုင်သေးတာ တွေ့ရပါတယ်။ စာသင်ကျောင်းတွေမှာလည်း တောရွာတွေက ကျောင်းတွေမှာ ဆရာအင်အား မလုံလောက်တာများပါတယ်။
ကျွန်တော်တို့ ဇာတိမြို့လေးဟာ အရမ်းဝေးလံခေါင်သီလှတယ်တော့ မဟုတ်ပါ။ တောမြို့လေးတစ်မြို့ ဖြစ်ပါတယ်။ အထကကျောင်းလေး တစ်ကျောင်း ရှိပါတယ်။ အဲဒီကျောင်းလေးမှာပဲ အခြေခံပညာ ပြီးစီးအောင် ကျွန်တော် တတ်ခဲ့ပါတယ်။ ငွေကြေးတတ်နိုင်သူ တစ်ချို့ကတော့ သားသမီးတွေ ၉ တန်း ၁၀ တန်း ရောက်ရင် မြို့ပေါ်ကဘော်ဒါကြီးတွေမှာ ထားတတ်ကြပါတယ်။ နိုင်ငံအတော်များများမှာ မြို့ပြတွေက ကျန်မာရေး၊ ပညာရေး စောင့်ရှောက်မှုဟာ ကျေးရွာတွေမှာ ထက်စာရင် ပိုမိုပြည့်စုံကောင်းမွန်ကြမှာပါ။ ဒါပေမယ့် ကွာဟမှုပမာဏ အရမ်းကြီးလာပြီး၊ ကျေးရွာတွေဟာ မနေထိုက်တဲ့ အရပ်တွေ ဖြစ်လာရင်တော့ အစိုးရတွေက ဖြေရှင်းပေးရမယ့် ပြဿနာကြီးတစ်ခု ဖြစ်တယ်လို့ထင်မိတယ်။
ကျွန်တော်တို့တတွေ ၉ တန်း ၁၀ တန်း တုန်းက ၉ တန်း နဲ့ ၁၀ တန်း တန်းခွဲတွေက ၃ ခုစီ ရှိခဲ့ကြတော့ အထက်တန်းအဆင့် စာသင်ခန်း အရေအတွက်က ၆ ခန်းပေါ့။ အထက်တန်းပြ ဆရာအရေအတွက်က မလုံလောက်ခဲ့ပါဘူး။ ဓါတုဗေဒနဲ့ ရူပဗေဒ ၂ ဘာသာကို အလယ်တန်းပြ ဆရာတစ်ယောက်က တတ်သင်ပေးခဲ့ရတာကို ဆရာနဲ့လည်း ရင်းနှီးတော့ ခုထိကောင်းကောင်း မှတ်မိနေပါတယ်။ တခြားဘာသာရပ်အချို့မှာလည်း အလားတူပြဿနာတွေ ရှိခဲ့ပါတယ်။ သေချာတော့ မမှတ်မိတော့ပါ။
မြို့ကလေးက မဖြစ်စလောက်ဆိုတော့ ဘော်ဒါလုံးဝမရှိပါ။ ၁၀ တန်းကျူရှင်ဆိုရင်လည်း တစ်ခုတည်းသာကြီးကြီးမားမား ရှိပါသည်။ တစ်ခုတည်းရှိတဲ့ အဲဒီကျူရှင်မှာ ဆရာတစ်ယောက်တည်းက အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ နှင့် ဓါတုဗေဒ လေးဘာသာ ပို့ချပါသည်။ ဇီဝဗေဒ၊ ၀ိဇ္ဖာတွဲ နှင့် မြန်မာစာ လိုဘာသာရပ်မျိုးတွေသင်တဲ့ ကျူရှင်လုံးဝမရှိပါ။ ပြောချင်တာက အဲဒီမြို့လေးမှာ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် ပညာရေးယန္တရား ၂ ခုလုံးအားနည်းနေတဲ့အကြောင်းပါ။ ကျောင်းမှာရှိတဲ့ ဆရာအများစုကတော့ စေတနာထားပြီး ကြိုးကြိုးစားစား သင်ပေးကြပါတယ်။ ကျောင်းသားအားလုံးကလည်း စာမေးပွဲအောင်မြင်စွာဖြေနိုင်ဖို့ ကျောင်းကိုပဲ အဓိက အားကိုးကြရပါသည်။ ကျောင်းအနေအထားကတော့ ကျောင်းသားအရေအတွက်ကလွဲပြီး အစစ အားနည်းတယ်ပဲ ဆိုရမှာပါ။
ကျွန်တော်နဲ့ရွယ်တူ ညီကိုဝမ်းကွဲတစ်ယောက် ရန်ကုန်မှာရှိပါတယ်။ ကြုံလို့ရှိရင်သူပြောပြတတ်တဲ့ အကြောင်းတွေက ကျွန်တော်တို့ဆီကအနေအထားနဲ့ အရမ်းကွာနေပါတယ်။ သူတို့က ကျူရှင်တွေကို အရမ်းအားကိုးကြပါတယ်။ ကျောင်းဆိုရင်တော့ မသွားတာများတယ်တဲ့။ သူတို့က နွေရာသီ ကျောင်းပိတ်ရက်ကတည်းက ကျူရှင်ပေါင်စုံလျှောက်တတ်ကြတယ်။ ဇီဝဗေဒလိုဘာသာမျိုးကို ကျောင်းမဖွင့်ခင်ကတည်းက အစကနေအ