:) Tuesday, October 30, 2007

မြင့်မြတ်သော ပေးဆပ်ခြင်း (၁)

မြင့်မြတ်သော ပေးဆပ်ခြင်း (၁)

  • ကိုယ့်အကျိုးကိုယ့် စီးပွားအတွက်သာမက
  • သူတစ်ပါးအကျိုး
  • သူတစ်ပါးစီးပွားအတွက်ပါ
  • အလုပ်လုပ်နေတဲ့သူကတော့
  • မြင့်မြတ်တဲ့ ပေးဆပ်ခြင်းနဲ့
  • ဘ၀ကို ပေးဆပ်နေရတဲ့သူတွေ ဖြစ်ပါတယ်။

(၁)

'ပေး 'ဆိုတဲ့စကားလုံးကို တစ်ခြားစကားလုံးတွေနဲ့ တွဲဖက်ပြီး ' ပေးကမ်း' တယ်၊ 'ပေးဝေ' တယ်၊ 'ပေးစား ' တယ်၊ 'ပေးအပ် ' တယ်၊ 'ပေးဆပ် ' တယ်၊ စသည်ဖြင့် အခြေအနေ အဖြစ်အပျက်တွေ ပေါ်မူတည်ပြီး အမျိုးမျိုး သုံးနှုန်းကြပါတယ်။

ကိုယ့်လက်ထဲက ပစ္စည်းသူတစ်ပါးလက်ထဲထည့်ပေးတာကို ပေးကမ်းတယ်လို့ ခေါ်ပါတယ်။ တစ်ဖက်သား ကာင်းကျိုးရစေချင်တဲ့ စေတနာသက်သက်နဲ့ ပေးကမ်းတာမျိုးရှိသလို ကိုယ့်အကျိုးအတွက် အခွင့်အရေးတုံ့ပြန်မှုကို မျှော်လင့်ပြီး ပေးကမ်းတာမျိုးလည်း ရှိပါတယ်။ စေတနာ သန့်သန့်နဲ့ ပေးကမ်းတာကို ဒါနကုသိုလ်လို့ ခေါ်ပြီး၊ ကိုယ်ကျိုး မျှော်လင့်ချက်နဲ့ ပေးတာကိုတော့ လာဘ်ထိုးတယ်လို့ ခေါ်ပါတယ်။

ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို ကိုယ်တစ်ယောက်တည်း စွဲဆုပ်သိမ်းပိုက် မထားပဲ သူတစ်ပါးကို မျှဝေပေးတာကိုတော့ 'ပေးဝေ' တယ်လို့ ခေါ်ပါတယ်။ ကိုယ်နဲ့ ဆွေမျိုးသွေးသား လုံးဝမတော်စပ်သူကို သနား ဂရုနာစိတ်နဲ့ ပေးဝေတာမျိုးရှိသလို ကိုယ့်ဆွေမျိုး ကိုယ့်သွေးသားကို ချီးမြှောက်ထောက်ပံ့တဲ့ အနေနဲ့ ပေးဝေတာမျိုးလည်းရှိပါတယ်။ ဘာတုံ့ပြန်မှုကိုမှ မမျှော်လင့်ရင် ကုသိုလ်စိတ်ဖြစ်ပြီး တစ်စုံတစ်ခုတုံ့ပြန်မှုကို မျှော်လင့်ရင်တော့ အကုသိုလ်ရောနှောနေပါတယ်။ ကိုယ့်သားကိုယ့်သမီးကို သူတစ်ပါးသား သူတစ်ပါးသမီးနဲ့ ထိမ်းမြားလက်ထပ်ပေးတာကို 'ပေစား' တယ်လို့ ခေါ်ပြီး၊ တစ်စုံတစ်ယောက်ကို တာဝန်တစ်ခုခု ဒါမှမဟုတ် အခွင့်အရေးတစ်ခုခု ဒါမှမဟုတ် ကောင်းကျိုးရလဒ်တစ်ခုခု ပေးလိုက်တာကိုတော့ 'ပေးအပ်' တယ်လို့ခေါ်ပါတယ်။

ကိုယ့်ကြွေးရှင်ကို ကိုယ်ယူထားတဲ့ ကြွေးပြန်ပေးတာ၊ ကိုယ့်ကျေးဇူးရှင်ကို ကိုယ်ရဖူးတဲ့ ကျေးဇူးအတွက် ကျေးဇူးအသစ်တစ်မျိုး တုံ့ပြန်တာကို 'ပေးဆပ်' တယ်လို့ ခေါ်ပါတယ်။ အတိပ်ဘ၀တွေက ကိုယ်ပြုခဲ့တဲ့ မကောင်းမှုအကုသိုလ်ရဲ့ ဆိုကျိုးကို ကိုယ်ကိုယ်တိုင် ပြန်ခံစားနေရတာကိုလည်း 'ပေးဆပ်' တယ်လို့ ခေါ်ပါတယ်။

(၂)

ကုသိုလ်ကံတွေ အကုသိုလ်ကံတွေဆိုတာ တကယ်တော့ 'ကြွေး' တွေပါပဲ။ ကုသိုလ်ကံကြောင့် သုဂတိဘုံမှာ လူ၊ နတ် ဖြစ်နေတာလည်း ကြွေးဆပ်နေရတာပါပဲ။ အကုသိုလ်ကံကြောင့် ဒုဂ္ဂတိဘုံတွေမှာ ငရဲ၊ တိရိစ္ဆာန်ဖြစ်နေရတာလည်း ကြွေးဆပ်နေရတာပါပဲ။ ရုပ်နာမ်ခန္ဓာပိုင်ရှင်သတ္တ၀ါမှန်သမျှ ကြွေးဆပ်နေရသူတွေ ချည်းပါပဲ။ 'ကြွေးဆပ်' နေရတာကိုပဲ 'ပေးဆပ်' နေရတယ်လို့ ယာဉ်ယာဉ်ကျေးကျေး သုံးနှုန်းကြပါတယ်။

အတိတ်ကံကြောင့် ရလာတဲ့ ရုပ်နာမ်ခန္ဓာကို ပြုစုစောင့်ရှောက်နေရတာဟာ 'ပေးဆပ်' နေရတာပါ။ ခန္ဓာစားဖို့၊ ခန္ဓာဝတ်ဖို့ ၊ ခန္ဓာနေဖို့ ခန္ဓာကျန်းမာဖို့၊ ခန္ဓာချမ်းသာဖို့ နည်းအမျိုးမျိုးနဲ့ ရုံန်းကန်လှုပ်ရှားနေရတာဟာ 'ပေးဆပ်' နေရတာပါ။

ရထားတဲ့ခန္ဓာလေးတည်မြဲနေအောင်၊ ရထားတဲ့ ဘ၀လေးရှင်သန်နေအောင် ပုံစံအမျိုးမျိုးနဲ့ ပြုပြင်ဖန်တီးပေး နေရတာဟာ ကိုယ့်ကံကြွေးကြောင့် ကိုယ်ရလာတဲ့ ဘ၀ခန္ဓာအတွက် ကိုယ်ကိုယ်တိုင် ပေးဆပ်နေရတာပါပဲ။ ကိုယ့်ကံက သူတစ်ပါးကို ထိခိုက်ပျက်စီးအောင်လုပ်ခဲ့တဲ့ အကုသိုလ်ကံဆိုရင်တော့ သာမန်ပေးဆပ်နေရသူတွေထက် အဆပေါင်းများစွာ အပင်ပန်းအဆင်းရဲခံပြီး ပေးဆပ်ရမှာပေါ့။

'ခန္ဓာဝန်' ကို ပင်ပန်းဆင်းရဲစွာ ထမ်းဆောင်ရင်း (ကုသိုလ်ကံ အားကြီးသူတွေ အတွက်တော့ 'ပင်ပန်းချမ်းသာစွားထမ်းဆောင်ရင်း' လို့ ပြောလို့ရမယ်ထင်ပါရဲ့၊ ပင်ပန်းတာကတော့ ပင်ပန်းတာပါပဲ။) ပေးဆပ်နေရတာချင်းအတူတူ တချို့က ကိုယ့်ခန္ဓာဝန်ကိုပဲ ကိုယ်ထမ်းပြီး အမြင်ကျဉ်းမြောင်းစွာ ပေးဆပ်နေကြသလို တချို့ကတော့ သူတစ်ပါး ခန္ဓာဝန်ကိုပါ ကူထမ်းပေးပြီး အမြင်ကျယ်ပြန့်စွာ ပေးဆပ်ကြတယ်။

ကိုယ့်အကျိုး၊ ကိုယ့်စီးပွား တစ်ခုတည်းအတွက်ပဲ အလုပ်လုပ်နေတဲ့သူဟာ 'နိမ့်ကျတဲ့ ပေးဆပ်ခြင်း' နဲ့ ဘ၀ကို ပေးဆပ်နေရတဲ့သူပါ။ ကိုယ့်အကျိုးကိုယ့်စီးပွား အတွက်သာမက သူတစ်ပါးအကျိုး၊ သူတစ်ပါးစီးပွားအတွက်ပါ အလုပ်လုပ်နေတဲ့သူကတော့ 'မြင့်မြတ်သော ပေးဆပ်ခြင်း' နဲ့ ဘ၀ကို ပေးဆပ်နေရတဲ့သူ ဖြစ်ပါတယ်။

ဘ၀ရှိသူတိုင်း ပေးဆပ်နေသူတွေချည်းမို့ ပေးဆပ်နေရတာ ချင်းအတူတူ မြင့်မြတ်တဲ့ ပေးဆပ်ခြင်းနဲ့ ပေးဆပ်နေရတဲ့သူတွေဟာ အတိတ်ကံအကြွေးကြောင့် ရလာတဲ့ ဘ၀ခန္ဓာကို ထိုက်ထိုက်တန်တန် အသုံးချရာရောက်တဲ့ အတွက် သူတို့ကို 'လူဖြစ်ကျိုးနပ်သူတွေ' လို့ သတ်မှတ်နိုင်သလို 'လောကကို အလှဆင်သူတွေ' လို့လည်း ဂုဏ်ပြုနိုင်ပါတယ်။

(၃)

သံသရာမှာ ဆွေမျိုးသွေးသား မတော်စပ်ခဲ့ဖူးတဲ့သူရယ်လို့ တစ်ဦးတစ်ယောက်မှ မရှိတဲ့အတွက် ကိုယ်နဲ့ထိတွေ့ ပတ်သက်လာသမျှ လူသားတိုင်းဟာ ကိုယ့်ရဲ့ ဆွေမျိုးသွေးသားတွေ ချည်းပါပဲ။ အဲဒီဆွေမျိုးသွေးသားတွေက ကိုယ့်အပေါ် ဘ၀တစ်ခုခုမှာ ကျေးဇူးတစ်ခုခုတော့ အနည်းဆုံးပြုခဲ့ကြဖူးမှာဖြစ်လို့ မြင်မြင်သမျှ လူသားတိုင်းဟာ ကိုယ့်ရဲ့ ကျေးဇူးရှင်တွေ ချည်းလည်း ဖြစ်နေပြန်ပါတယ်။

သူတော်ကောင်းစိတ်ဓာတ် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဟာ ဒီဘ၀ ကျေးဇူးရှင်တွေကို သာမက သံသရာ ဘ၀အဆက်ဆက်က ကျေးဇူးရှင်တွေကိုပါ 'ကျေးဇူးရှင်' လို့သတ်မှတ်ပြီး ကျေးဇူးသိလေ့ ကျေးဇူးဆပ်လေ့ ရှိပါတယ်။

ဒီဘ၀ကိုယ့်အပေါ် တိုက်ရိုက်ကျေးဇူးပြုသူတွေရဲ့ အကျိုးစီးပွားကို ရွက်ဆောင်ပေးတဲ့အပြင် ကိုယ်နဲ့ ကျေးဇူးခံ ကျေးဇူးစား လုံးဝမပတ်သက်တဲ့သူတွေရဲ့ အကျိုးစီးပွားကိုလည်း ရွက်ဆောင်ပေးပါတယ်။

ကြုံတွေ့လာသမျှ လူသားတိုင်းရဲ့ အကျိုးစီးပွားကို ကိုယ်စွမ်းနိုင်သမျှ မေတ္တာစေတနာ အပြည့်နဲ့ ကူညီရွက်ဆောင်ပေးတာကိုပဲ ဒီဘ၀ကျေးဇူရှင်၊ သံသရာကျေးဇူးရှင်တွေကို တွေကို ကျေးဇူးတုံ့ပြန်နေတာမို့ 'ကျေးဇူးဆပ်တယ်' လို့ ခေါ်ပါတယ်။ မျက်မှောက်မျက်ကွယ် ကျေးဇူးရှင်တွေကို 'ကျေးဇူးဆပ်' နေတာကိုပဲ ' ပေးဆပ်' နေရတယ်လို့ ပေါ့ပေါ့ပါးပါး သုံးနှုန်းကြပါတယ်။

ကျေးဇူးတရားကို သိနားလည်တဲ့ သူတော်ကောင်းမှန်သမျှ ကိုယ်နဲ့ ကိုယ်နဲ့ ထိတွေ့ပတ်သက်လာသူတွေရဲ့ အကျိုးစီးပွားကို ကိုယ်စွမ်းနိုင်တဲ့ဘက်က သို့မဟုတ် ကိုယ်စိတ်ဝင်စားတဲ့ အခန်းကဏ္ဍက အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးရင်း ကျေးဇူးတရားကို တုံ့ပြန်ပေးဆပ်နေကြတာမို့ လောကအတွက် ပေးဆပ်နေကြတဲ့အတွက် ပရဟိတ သူတော်ကောင်းတိုင်းကို 'မြင့်မြတ်စွာပေးဆပ် နေသူများ' လို့ ကမ္ပည်းထိုးနိုင်ပါတယ်။

(၄)

ကြွေးဆပ်တဲ့ အနေနဲ့ပဲ ပေးဆပ်ပေးဆပ်၊ 'ကျေးဇူးဆပ်' တဲ့အနေနဲ့ပဲ ပေးဆပ်ပေးဆပ်၊ အများအကျိုးပြု ပရဟိတအလုပ်တစ်ခုခု၊ သို့မဟုတ် တစ်ခုထက်များစွာနဲ့ လောကကို ပေးဆပ်နေသူ မှန်သမျှ စိတ်ဓာတ်အဆင့်အတန်းမြင့်မားတဲ့ သူတော်ကောင်း၊ သူမြတ်လောင်း တွေချည်းပါပဲ။ 'သူမြတ်လောင်း' ဆိုတဲ့နေရာမှာ ဗုဒ္ဓလောင်းလျာ၊ ပစ္စေကဗုဒ္ဓါလောင်းလျာ အထိပါဝင်ပါတယ်။

အမျာအကျိုးပြု ပရဟိတ အလုပ်တွေ အများကြီးရှိတဲ့ အထဲမှာ ဒကာကျောသူ (အကယ်ဒမီ ကျော်သူ) တို့ အဓိကလုပ်နေတဲ့ အလုပ်က နာရေးဒုက္ခ ကြုံတွေ့နေရသူတွေကို ကူညီပေးတဲ့ 'နာရေးကူညီမှု' အလုပ်ဖြစ်ပါတယ်။

အတိအကျပြောရရင်တော့ 'သေရေးကူညီမှု' အလုပ်ပါ။ ဒါပေမဲ့ 'သာရေးနာရေး' လို့ ကာရန်ကိုက်အောင်၊ ဒါမှမဟုတ် အများနားခံသာအောင် အစဉ်အဆက် သုံနှုန်းခဲ့ကြတဲ့အတွက် 'သေရေးကူညီမှု' ကိုပဲ 'နာရေးကူညီမှု' လို့ ရှေးထုံးဝေါဟာရအတိုင်း ကင်ပွန်းတပ်ထားရပါတယ်။

သေဆုံးသွားသူနဲ့ ပတ်သက်တဲ့ ကျန်ရစ်သူတွေရဲ့ ပူပင်သောက များစွာနဲ့ စိတ်နှစ်လုံးနာကျင် ညှိုးနွမ်းမှု (စိတ်အနာ) ကို အနာသက်သာအောင် ကူညီပေးတာလို့ အဓိပ္ပာယ်ဖွင့်ရင်တော့ 'နာရေးကူညီမှု' ဟာစကားလုံးလှပအောင် သုံးနှုန်းထားတာမဟုတ်တော့ဘဲ တိုက်ရိုက်အဓိပ္ပာယ်အနေနဲ့ သုံးနှုန်းထားတာ ဖြစ်သွားပါတယ်။

'နာရေး' က 'မသေခင်နာရေး' နဲ့ 'သေပြီးနာရေး' လို့ နှစ်မျိုးရှိပါတယ်။ 'မသေခင်နာရေး' ကို သေမယ့်သူ ကာယကံရှင်ကိုယ်တိုင်ရော ပတ်သက်ဆက်စပ်သူတွေပါ ခံစားရပြီး 'သေပြီးနာရေး' ကိုတော့ ကျန်ရစ်သူတွေသာ ခံစားရပါတယ်။

'မသေခင်နာရေး' ရဲ့ ဆင်းရဲဒုက္ခကို အဓိကခံစားရသူက သေမယ့်သူကိုယ်တိုင်ပါ။ သေမယ့်သူက ရောဂါဝေဒနာ စွဲကပ်နေသူဆိုရင် ရောဂါဝေဒနာ ဒဏ်ကိုလည်းခံရပါတယ်။ ( ရောဂါဝေဒနာ သက်သာစေမယ့် ဆေးဝါးဓာတ်စာ မတတ်နိုင်ဘူးဆိုရင် အခြေအနေ ပိုဆိုးပါတယ်။) သေရတော့မှာလား ဆိုတဲ့အသိကြောင့် လည်း(တရားမရှိရင်) စိတ်ဆင်းရဲရပါတယ်။

(ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ဒုတိယ နှစ်ပတ်လည်း အထိမ်းအမှတ် အဖြစ် ထုတ်ဝေသော ပေးဆပ်သူများ စာအုပ်အတွက် ဆရာတော် အရှင်ဆန္ဒာဓိက ရေသားသော "မြင့်မြတ်သော ပေးဆပ်ခြင်း" အမှာစာ ဖြစ်ပါတယ်။ စာရိုက်ရင်း မျက်စေ့ပင်ပန်းလာလို့ ၂ ပိုင်းခွဲပြီးတင်ပေးပါ့မယ်။ ဒုတိယပိုင်းမှာတော့ ဆရာတော်က ကိုကျော်သူနဲ့ နာမည်ရော၊ လုပ်ရပ်ပါ ဆင်တူနေတဲ့ ယသသူဌေးသား ပုံဝတ္ထုကို ပြောပြထားပါတယ်။ ဆက်တင်ပေးပါ့မယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ )


:) Sunday, October 28, 2007

မိတ်ဆွေဝတ် ၅ ပါး

မိတ်ဆွေဝတ် ၅ ပါး

ပေးကမ်းချီးမြှင့်
ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက်
နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ
ဝတ်ငါးထွေ
ကျင့်လေ မိတ်သဟာ။

(ကျွန်တော်လည်း စာတွေ တော်တော်လေး ရေးချင်ပါတယ်။ တစ်ခါတစ်ခါ ရေးစရာ အကြောင်းအရာက လည်းတော်တော် လေးကိုပဲ ရှားရှားပါးပါး ဖြစ်နေတတ်ပါတယ်။ လောလောဆယ်တော့ ရေးစရာ idea လေးတွေ နဲနဲ ရှိနေသေးပါတယ်။ ချရေးလိုက်တိုင်း စာမချောတာရယ်၊ ကျောင်းစာတွေ များနေလို့ အချိန် သိပ်မပေးနိုင်တာရယ် ကြောင့် ချချ ရေးပြီးမှ typing မလုပ်ဖြစ်၊ လုပ်ဖြစ်ပြန်တော့လည်း မတင်နိုင် ဖြစ်နေပါတယ်။ ကျွန်တော့ ဘလော့ကို သေချာလာလည်တဲ့ လူတွေရော၊ မျက်စေ့လည် မလမ်းမှားပြီး ရောက်လာတဲ့ လူတွေရော၊ သူတို့ တစ်တွေ ချေရာချသွားတာ တွေ့ပါရက်နဲ့ ကိုယ်က အသစ်တင်မထားနိုင်ရင် ကိုယ့်ကိုကိုယ် တာဝန်မကျေသလို ခံစားရပါတယ်။
အဲဒါကြောင့် ဒီနေ့တော့ (ကျွန်တော့ ထုံးစံအတိုင်း ဘယ်တုန်းက၊ ဘယ်စာအုပ်ထဲက ကူးချထားမှန်း မမှတ်မိတော့တဲ့) မိတ်ဆွေဝတ် ၅ ပါးကို မျှဝေပေး လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။)


:) Friday, October 26, 2007

ဗုဒ္ဓဘာသာဝင် ၅ မျိုး

ဗုဒ္ဓဘာသာဝင် ၅ မျိုး

နာဖူးတဲ့ တရားလေးတစ်ပုဒ်ကို ပြန်ချရေးလိုက်တာပါ။ တကယ်တော့ နာခဲ့ဖူးတာကလည်း တော်တော်လေးကို ကြာခဲ့ပါပြီ။ စာသားအတိအကျတွေတော့ မမှတ်မိတော့ပါဘူး။ မှတ်မိသလောက်ကို ကြိုးစားပြီးရေးလိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင်လို့ ဆိုရာမှာ အောက်ပါအတိုင်း ၅ မျိုးရှိပါတယ်။

၁။ လာဘ ဗုဒ္ဓဘာသာဝင်

အဲဒီပုဂ္ဂိုလ်တွေဟာ တရားဓမ္မကို ကောင်းစွာလေ့လာ လိုက်စားခြင်းမရှိပဲ၊ လာဘ်လာဘ တွေကိုရချင်လို့ ဗုဒ္ဓဘာသာဝင်အဖြစ်ကို ခံယူထားကြသူတွေ ဖြစ်ပါတယ်။

ဒီဘုရားသွားရင် ဆုတောင်းပြည့်တယ်။ ဒီဂါထာရွတ်ရင် လာဘ်ရွှင်တယ်။ ဒီဆရာတော်ဆီသွားရင် ဂဏန်းရနိုင်တယ်။ ဒီဆင်းတုတော်ကို ဆောင်ရင် ကျန်းမာတယ်။ စတဲ့သတင်း စကားတွေကို အဆုံးအမ တရားတော်တွေထက် ပိုစိတ်ဝင်စားတတ်ကြပါတယ်။ သူတို့ဟာ ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကျေးဇူးတို့ကို နုတ်ကရွတ်ရင် ရွတ်နေမယ် နားလည်ခြင်းလည်း မရှိ၊ နားလည်ဖို့လည်း မကြိုးစားပဲ၊ ရတနာ သုံးပါးကို ငွေကြေးတွေ၊ ရာထူးတိုးတွေ၊ ကျန်းမာမှုတွေ စတဲ့ လာဘ်လာဘတွေ ရရှိရေး သက်သက်အတွက်ပဲ အားကိုးကြသူတွေ ဖြစ်ပါတယ်။

၂။ ဘယ ဗုဒ္ဓဘာသာဝင်

အဲဒီပုဂ္ဂိုလ်တွေဟာ တရားဓမ္မကို ကောင်းစွာလေ့လာ လိုက်စားခြင်းမရှိပဲ၊ ဘေးအန္တရာယ် အမျိုးမျိုးတို့မှ ကင်းဝေးချင်လို့ ဗုဒ္ဓဘာသာဝင်အဖြစ်ကို ခံယူထားကြသူတွေ ဖြစ်ပါတယ်။

တစ္ဆေကြောက်လို့၊ မြွေကြောက်လို့၊ မီး၊ မင်း စတဲ့ ရန်သူမျိုးတွေကို ကြောက်လို့ ဘာသာတရားကို အားကိုးရှာကြသူတွေပါ။ သူတို့ကလည်း ဘုရားဟော ဓမ္မ ထက် အန္တရာယ်ကင်း ဂါထာ ဆိုတာတွေကို ပိုပြီးစိတ်ဝင်စား တတ်ကြပါတယ်။ တစ်ယောက်ယောက်က လာပေးရင် နားလဲ မလည်ပဲ အချိန်ကုန်ခံ ရွတ်ဖတ်တတ်ကြပါတယ်။ ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကျေးဇူးတို့ကို နုတ်ကရွတ်ရင် ရွတ်နေမယ်၊ နားလည်ခြင်းလည်း မရှိ၊ နားလည်ဖို့လည်း မကြိုးစားပဲ၊ ရတနာ သုံးပါးကို အန္တရာယ် အမျိုးမျိုးတို့မှ အရန်အတား တစ်ခုအဖြစ် သက်သက်သာ အားကိုးနေကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။

၃။ ကုလ ဗုဒ္ဓဘာသာဝင်

အဲဒီလူတွေကတော့ လာဘ်လာဘ လိုချင်သောကြောင့်လည်းမဟုတ်၊ ဘေးအန္တရာယ်တွေကို ကြောက်လို့လည်းမဟုတ်၊ ဘာမှ မယ်မယ်ရရ ရည်ရွယ်ချက်မရှိပဲ၊ တရားဓမ္မတို့ကို စိတ်ဝင်စားခြင်းလဲမရှိ အမိ၊ အဖ အစရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးက ဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ မိမိကိုယ်မိမိလည်း ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူထားသူတွေ ဖြစ်ပါတယ်။

သူတို့ကတော့ ဗုဒ္ဓဘာသာဝင်ရယ်လို့ အမည်ခံထားပြီး ရတနာ သုံးပါးကို ကိုးကွယ်၊ ဆည်းကပ် မှုတွေ ပုံမှန်လုပ်နေပေမဲ့ ဘာမှ မယ်မယ်ရ ရည်ရွယ်ချက်မရှိသူတွေပါ။


၎။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဝင်

အဲဒီလူတွေကတော့ ဘုရာကိုဘုရားမှန်း၊
တရားကို တရားမှန်း၊
သံဃာကို သံဃာမှန်း သိတယ်။
ရတနာ သုံးပါးရဲ့ ဂုဏ်ကျေးဇူးတော်တို့ကိုလည်း ကောင်းစွာနားလည်တယ်။
ယုံကြည်တဲ့ သဒ္ဓါတရာနဲ့လည်းပြည့်စုံတယ်။
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ဆိုတဲ့ ကံနဲ့ ကံရဲ့ အကျိုးတရားကို ယုံကြည်တဲ့ အသိဉာဏ်လည်းရှိတယ်။
အဲဒီလို ယုံကြည်မှုတွေ အပေါ်မှာ အခြေခံပြီး မိမိကိုယ်မိမိ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူထားသူတွေ ဖြစ်ကြတယ်။

သူတို့ကအထက်က ပြောခဲ့တာတွေကို သိထား၊ နားလည်ထား ကြပေမယ့်၊ တကယ့် ဗုဒ္ဓရဲ့ အနှစ်သာရတရားဖြစ်တဲ့ သစ္စာလေးပါး တရားတို့ကို လေ့လာမှုလည်းမရှိကြဘူး။ ခန္ဓာ ၅ ပါးတရားတို့ဟာ ဒုက္ခသစ္စာ ဖြစ်တယ်ဆိုတာကို ကြားဖူးနားဝနဲ့ လက်ခံသလိုလို ရှိပေမယ့်၊ ဒုက္ခရဲ့ အကြောင်းရင်းကို ရှာရကောင်းမှန်း မသိကြ၊ ဒုက္ခရဲ့ ငြိမ်းရာ ငြိမ်းကြောင်းလမ်းကို လိုက်ရကောင်းမှန်းမသိကြ၊ ငါတို့တစ်တွေဟာ ကောင်းတာတွေ လုပ်နေလေတော့ ကောင်းကျိုးတွေ ရမှာပဲဆိုတာလောက်နဲ့ လမ်းဆုံးနေကြတယ်။ ဒါန၊ သီလ၊ နဲ့ အမြင့်ဆုံး ဘာဝနာ အလုပ်လောက်နဲ့ ပဲအချိန်ကုန်တတ်ကြတယ်။ ကံသမား သက်သက်တွေဖြစ်ကြတယ်။ နိဗ္ဗာန်ချမ်းသာကို ရရှိဖို့ လုံလောက်တဲ့ အသိ၊ လုံလောက်တဲ့ ဉာဏ်ပညာမပါကြသူတွေသာ ဖြစ်ကြပါတယ်။

(ဗေဒင် ယတယာ တို့ကို အလွန်အမင်း အားကိုး ယုံကြည်ခြင်းက ကံနဲ့ ကံရဲ့ အကျိုးကို ယုံကြည်တဲ့ ဉာဏ်ကို ထိခိုက်စေတတ်ပါတယ်။
" ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်၊ မကောင်းတာလုပ်ရင်မကောင်းတာ ဖြစ်တယ် "ဆိုတဲ့ အဆုံးအမဟာ ဗုဒ္ဓဘာသာမှာမှ မဟုတ်ပဲ တစ်ခြားဘာသာ၊ သာသနာတွေမှာလည်း တစ်ထပ်တည်းမဟုတ်ရင်တောင် ဆင်တူတဲ့ အဆုံးအမတို့ ရှိကြတယ်။ အဲလိုအဆုံးအမမျိုးကို သာသနာရဲ့ ပြင်ပမှာလည်း ဆည်းပူးရင် ရနိုင်တာကြောင့် သာသနာပ တရားတွေလို့ ခေါ်တယ်။ သာသနာတွင်း တရားသက်သက်မဟုတ် သေးလို့ ဒီဗဟုသုတ လောက်နဲ့တော့ " ငါဟာ ဗုဒ္ဓဘာသာဝင် ဖြစ်တယ်။ " ဆိုတာကို ဂုဏ်ယူလို့ မဖြစ်နိုင်သေးပါဘူး။)

၅။ ပညာဓိက ဗုဒ္ဓဘာသာဝင်

အဲဒီလူတွေကတော့ ဘုရာကိုဘုရားမှန်း၊
တရားကို တရားမှန်း၊
သံဃာကို သံဃာမှန်း သိတယ်။
ရတနာ သုံးပါးရဲ့ ဂုဏ်ကျေးဇူးတော်တို့ကိုလည်း ကောင်းစွာနားလည်တယ်။
ယုံကြည်တဲ့ သဒ္ဓါတရာနဲ့လည်းပြည့်စုံတယ်။
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ဆိုတဲ့ ကံနဲ့ ကံရဲ့ အကျိုးတရားကို ယုံကြည်တဲ့ အသိဉာဏ်လည်းရှိတယ်။
အဲဒါတွေအပြင် ခန္ဓာ ၅ ပါးတရားတို့ဟာ ဒုက္ခသစ္စာ ဖြစ်တယ်၊
သမုဒယသစ္စာ ဟာဒုက္ခအပေါင်းတို့ရဲ့ အကြောင်းဖြစ်တယ်၊
အဲဒီဒုက္ခအပေါင်းက လွတ်အောင် မဂ္ဂင် ၈ ပါးတည်းဟူသော မဂ္ဂသစ္စာ အလုပ်ကိုလုပ်မှ ဖြစ်မယ်၊
သို့မှသာ နိရောဓသစ္စာ တည်းဟူသော နိဗ္ဗာန်ချမ်းသာကို ရနိုင်မယ်ဆိုတာကို ကောင်းစွာလက်ခံတယ်။
သစ္စာကို သိသောအသိ ဉာဏ်ရှိတယ်။
အဲဒီလို ယုံကြည်မှုတွေ၊ နားလည်သဘောပေါက်မှုတွေနဲ့ မိမိကိုယ်မိမိ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူထားသူတွေ ဖြစ်ကြတယ်။

သူတို့ကတော့ သတ္တ၀ါဆိုတာ ခန္ဓာ ၅ ပါးအစု ဖြစ်တယ်၊
ရုပ်တရားနဲ့ နာမ်တရား အစုဖြစ်တယ်၊
ဓါတ်ကြီး ၄ ပါး အစုဖြစ်တယ်၊
အားလုံးဟာ အမြဲတဲ့သဘော၊ ဆင်းရဲတဲ့ သဘောရှိတယ် ဆိုတာကို အနိမ့်ဆုံးအနေနဲ့ သဘောတရားအားဖြင့် လက်ခံပြီးသားဖြစ်တယ်။
လက်တွေ့အားဖြင့်လည်း အခွင့်ရရင် ရသလို ကြိုးစားတတ်တယ်။
သစ္စာလေးပါး တရားတော်တို့ကို ကောင်းစွာလေ့လာပြီး စဉ်းစာဆင်ချင်တတ်တယ်။
ဆွေးနွေးတိုင်ပင်တတ်တယ်။ ရှင်းလင်းပြောကြားတတ်တယ်။

(ခန္ဓာ၊ အာယတန၊ ဓါတ်၊ ရုပ်တရာ နာမ်တရားတို့ အကြောင်းကို အခါအားလျှော်စွာ စဉ်းစား၊ ဆွေးနွေး၊ တိုင်ပင်၊ နာကြား၊ ပြောပြ တတ်သူကို ကလျာဏ ပုထုဇဉ်လို့ ခေါ်ပါတယ်။
အဲဒီတရားတို့ နဲ့ လုံးဝ ကင်းကွာနေသူကိုတော့ အန္ဓ ပုထုဇဉ် လို့ ခေါ်ပါတယ်။
သစ္စာလေးပါးတရားတော်ဟာ ဘယ်ဘာသာ ဘယ်အယူဝါဒမှာမှ မရှိတဲ့၊ သာသနာတွင်းမှာသာ လေ့လာလို့ရနိုင်တဲ့ တရာတော်ဖြစ်တယ်။ ဘရားရှင်သာသနာနဲ့ ကြုံကြိုက်မှသာ လေ့လာနိုင်တဲ့ သာသနာတွင်း တရားစစ်စစ်ဖြစ်တယ်။ အဲဒီသစ္စာတရားကို ကောင်းစွာနားလည်ကြမှသာ "ငါဟာ ဗုဒ္ဓ ဘာသာဝင်ဖြစ်တယ် " ဆိုတာကို ကောင်းစွာ ဂုဏ်ယူနိုင်ကြမှာဖြစ်ပါတယ်။)

အားလုံးကို သီးတင်းကျွတ်လပြည့်ကာလမှာ နာဖူးတဲ့ တရားလေးတစ်ပုဒ် မျှဝေလိုက်ပါတယ်။ နာထားတာ ကြာပြီဖြစ်လို့ နားလည်သလိုချရေးလိုက်ရတာက များပါတယ်။ ဆရာတော်ရဲ့စကားလုံး အတိကျတွေကို မမှတ်မိတော့ပါဘူး။
အားလုံးသော ဗုဒ္ဓဘာသာဝင်တွေကို ကိုယ်ပိုင် တကယ့် အနစ်သာရဖြစ်သော၊ သာသနာတွင်းတရားစစ်စစ်ဖြစ်သော တရားဓမ္မကို ကောင်းစွာ နားလည်သဘောပေါက်ပြီး မိမိအယူ ၀ါဒအတွက် ဂုဏ်ယူနိုင်ကြပါစေ၊ ကလျာဏ ဖြစ်သော အဆင့်အမြင့်ဆုံးသော ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါစေ၊ လို့ဆုတောင်းပေးလိုက်ပါတယ်။


:) Wednesday, October 24, 2007

မီး ၁၁ ပါး ဆောင်ပုဒ်

မီး ၁၁ ပါး ဆောင်ပုဒ်

*သူသူငါငါ၊ ဖြစ်လေရာဝယ်၊ ဦးစွာကြိုဆီး၊ ဇာတိမီးက၊ အပြီးပုံသေ၊ လောင်မြိုက်လေ၏။
မသွေတစ်သီး၊ ဇရာမီးလည်း၊ အပြီးနောက်မှာ၊ ကပ်လျှက်ပါ၏။
မကွာစေရ၊ မရဏဟု၊ တစ်ဘ၀ဖျက်ဆီး၊ လောင်သည့်မီးလည်း၊ ငြီးငြီးပြောင်ပြောင်၊ အမြဲလောင်၏။

*လောင်ပုံလောင်အား၊ မထင်ရှားလည်း၊ နုထွားပျိုမျစ်၊ အရွယ်ဖြစ်သော်၊ အချစ်ရာဂ၊ မီးတွေထ၍၊ ဒေါသထန်ပြင်း၊ မောဟညှဉ်း၏။

*မကင်းနိုင်အောင်၊ ထို့နောက်နောင်လည်း၊ တောက်လောင်ဖိစီး၊ သောကမီးကြောင့်၊ ၀မ်းနည်းဖွယ်တွေ၊ အထွေထွေနှင့်၊ ပရိဒေ၀၊ ငိုကြွေးရလျှက်၊

*ဒုက္ခလည်းထပ်၊ ဒေါမနသ်နှင့်၊ ဆက်စပ်မကွာ၊ ဥပယာသ၊ လွန်ပြင်းပြ၍၊ သက်မျှမရှူ၊ တတ်အောင်ပူသည်။

ဆူဆူမီးတောက် (တစ်)ဆယ်တစ်တည်း။

(အရှင်ဇနကာ ဘိဝံသ)

(ကျွန်တော် ငယ်ငယ်က အိမ်နီးချင်း အဒေါ်ကြီးတစ်ယောက် ပြောတဲ့
"" မီး ၁၁ ပါးငြိမ်းအောင်လို့ မုန့် ၁၁ ခု ဘုရားလှူတယ်။""
""မီး ၁၁ ပါးငြိမ်းအောင်လို့ ပန်း ၁၁ ခု ဘုရားလှူတယ်။ ""
ဆိုတဲ့စကား ကိုကြားကြား နေလို့ ""မီး ၁၁ ပါးက ဘာတွေလည်း"" လို့မေးဖူးတယ်။
သူက အဲလိုတော့ မပြောတတ်ဘူးတဲ့။ ကြားဖူးတာပဲ ရှိတာတဲ့။
ဘယ်စာအုပ်ထဲကလဲ မမှတ်မိတော့ဘူး အရှင်ဇနကာ ဘိဝံသ ရေးတဲ့အထက်က ဆောင်ပုဒ်လေးတွေ့လို့ ချရေးထားတာ။ ကျွန်တော် လိုစိတ် ၀င်စားတဲ့ လူတွေရှိရင် မှတ်သားရအောင်ဆိုပြီး တင်ပေးလိုက်ပါတယ်။)


:) Tuesday, October 23, 2007

ချမ်းသာခြင်း ၇ မျိုး

ချမ်းသာခြင်း ၇ မျိုး

အာဏာနဲ့ စီးပွား
ရရှိဖို့ ကြိုးစားပြီး
လောဘမီး အတန်တန်
ဘယ်လိုပင် လောင်မြိုက် ခံပေမယ့်
ရလိုက်တဲ့ ချမ်းသာခြင်း
လောကတွင်း အနိမ့်ဆုံး။
သံသရာ အကျိုးပေးမှာလည်း
မတွေးရဲစရာ အဆိုးဆုံး။

တစ်ဆင့်မြင့် ချမ်းသာ
နတ်ရွာသို့ လားချင်ရင်
လိုအပ်တဲ့ ဒါန အမှု
ပြုစုမှ ဖြစ်မှာပေါ့။
လိုအပ်တဲ့ အကျင့်သီလ
ထိန်းကြမှ ရမှာပေါ့။

နောက်တစ်ဆင့် ဈန်ချမ်းသာ
ရရှိရန် အဖို့ မှာလည်း
ခိုင်မြဲတဲ့ သမာဓိအားနဲ့
ဘာဝနာ တရားများကို
ပွားများဖို့ လိုမှာပေါ့။

ရထားတဲ့ ဈန်ချမ်းသာ
ကိလေသာ ဖယ်ခွါရန်
ပညာဉာဏ် မပါပြန်တော့
မက်မောဖွယ် ကာမဂုဏ်
အာရုံနဲ့ ကြုံရရင်
ချက်ချင်းပင် ဈန်ကျလို့
ဆင်းရဲရ ပြန်သတဲ့။

လောကီတွင် အသာဆုံး
ဝိပဿနာ ချမ်းသာ
ရောက်ရှိရာ နေရာတိုင်းတွင်
နှစ်လုံးသွင်း ဆင်ခြင်နိုင်လို့
အားထုတ်ဖို့ အလွယ်ဆုံး။

လိုအပ်တဲ့ သဘာဝ ဓမ္မအစု
လေ့လာမှု ပြုပြီးရင်
သတိပဌာန်ဝင် ဒီအလုပ်ကို
ကြိုးကုတ်လို့ရပြီဆိုပဲ။

ဝိပဿနာဉာဏ်နဲ့ သတိပဌာန်အလုပ်
အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ
လောကုတ္တရာ ချမ်းသာ သုံးလီ
ရရှိဖို့ လမ်းမှန်ဆီလည်း
တတ်လှမ်းလို့ ပြီးပြီတဲ့။
**************************
*******************************

လောကီချမ်းသာ ၄ မျိုး
၁၊ လူ့ကာမဂုဏ် ချမ်းသာ။
၂၊ နတ်ကာမဂုဏ် ချမ်းသာ။
၃၊ ဈန်ချမ်းသာ။
၎၊ ၀ိပဿနာချမ်းသာ။

လောကုတ္တရာချမ်းသာ ၃ မျိုး
၅၊ မဂ်ချမ်းသာ။
၆၊ ဖိုချမ်းသာ။
၇၊ နိဗ္ဗာန်ချမ်းသာ။

ပထမ ၂ မျိုးကတော့ ကာမဂုဏ်နဲ့ ဆက်စပ်တဲ့ ချမ်းသာခြင်တွေဖြစ်လိုသူတော်ကောင်းများ ရွံမုန်းကြတယ်။ လူမိုက်များသာ မက်မောတဲ၊့ နိမ့်ကျသော မတည်မြဲသော ချမ်းသာခြင်းတွေဖြစ်တယ်တဲ့။

တတိယချမ်းသာဖြစ်တဲ့ ဈန်ချမ်းသာကတော့ သူတော်ကောင်းတရားတို့ကို သမာဓိအားကောင်းကောင်းနဲ့ ကျင့်ကြံအားထုတ်သူတွေသာ ရနိုင်တဲ့ ချမ်းသာဖြစ်တယ်။ ကာမဂုဏ်နဲ့ ဆက်စပ်ခြင်းမရှိလို့ ရွံရှာဖွယ် ချမ်းသာခြင်မျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် တဏှာ၊ လောဘ အစရှိတဲ့ ကိလေသာတွေကို ပယ်သတ်နိုင်တဲ့ဉာဏ်မပါလို့ ခိုင်မြဲခြင်းမရှိဘူး။ မက်မောဖွယ် ကာမဂုဏ်တရားတို့နဲ့ တွေ့ရင် အချိန်မရွေး ဈန်လျှောနိုင်တယ်တဲ့။

ဝိပဿနာချမ်းသာကတော့ "ကာမဂုဏ်ချမ်းသာတွေဟာ မက်မောစရာမရှိဘူး၊ မမြဲသောချမ်းသာခြင်းတွေသာဖြစ်တယ်၊" ဆိုတာကို မြင်အောင်ကြည့်တဲ့ ဉာဏ်ပါတယ်။ ကာမဂုဏ်ချမ်းသာ အမျိုးမျိုးတို့ကို လိုလား တောင့်တတတ်တဲ့ တဏှာ၊ လောဘ စတဲ့ကိလေသာတွေကို နည်နိုင်သမျှနည်းအောင် (နောက်ဆုံးကိလေသာအားလုံး ကုန်ခန်းအောင်) သတိနဲ့ နေခြင်းက ၀ိပဿနာ အလုပ်ကို လုပ်ကိုင်နေခြင်းပဲ ဖြစ်ပါတယ်။ ၀ိပဿနာအလုပ်ကို လုပ်နေသူတွေသာ ၀ိပဿနာချမ်းသာကို ခံစားနိုင်ပါတယ်။

လောကုတ္တရာ ချမ်းသာ ၃ မျိုးကတော့ ရှင်းပြဖို့တော်တော်လေးကို ခက်ခဲပါလိမ္မယ်။ ဒါပေမယ့် အဲဒီချမ်းသာတွေဟာ ၀ိပဿနာအလုပ် လုပ်မှသာရနိုင်တဲ့ ချမ်းသာခြင်းတွေဖြစ်ပါတယ်။


:) Monday, October 22, 2007

ဗုဒ္ဓနှင့် ဒေ၀ဒတ် တို့၏ နိုင်ငံရေး သဘောထားများ

ဗုဒ္ဓနှင့် ဒေ၀ဒတ် တို့၏ နိုင်ငံရေး သဘောထားများ

ဗုဒ္ဓဘုရားရှင်၏ နိုင်ငံရေး သဘောထားအနေနှင့် ရာဇောဝါဒ သုတ္တန်လာ မင်းကျင့်တရား ၁၀ မှာ လူသိများထင်ရှား ပြီးသား ဖြစ်ပါသည်။ ထို ၁၀ ချက်အပြင် မဟာပရိနိဗ္ဗာနသုတ္တလာ ဒီမိုကရေစီနိုင်ငံတော်၏ မရှူံးနိမ့်ကြောင်း အပရိဟာနိယတရား (၇) ပါး ကိုလည်း ဖေါ်ပြလိုက်ပါသည်။

မင်းကျင့်တရား (၁၀) ပါး
၁) စွန့်ကြဲ၊ ပေးကမ်း၊ လှူဒါန်းခြင်း။
၂) ငါးပါး၊ ဆယ်ပါး စသော သီလဆောက်တည်ခြင်း။
၃) အမှုထမ်းတို့အား ထိုက်သင့်သလို ပေးကမ်း ကြည့်ရှုခြင်း။
၎) ကောက်ကျစ်စဉ်းလဲခြင်းမရှိ၊ ရိုးသားဖြောင့်မတ်ခြင်း။
၅) အမူအရာ အပြောအဆို နူးညံ့သိမ်မွေ့ခြင်း။
၆) ကောင်းမြတ်သောအကျင့်ကို ကျင့်ကြံခြင်း။
၇) သတ္တ၀ါအပေါင်းကို ရန်ငြိုးအမျက်မရှိ ချမ်းသာစေခြင်း။
၈) သတ္တ၀ါအပေါင်းကို နှိပ်စက်ခြင်းမပြုဘဲ သနားညှာတာခြင်း။
၉) ကိုယ်နှုတ်တို့ဖြင့် မရိုမသေလွန်ကျူးသည်ကို သည်းခံခြင်း။
၁၀) ရဟန်း၊ ရှင်၊ လူ၊ မှူးမတ်၊ ပြည်သူတို့နှင့် ဆန့်ကျင်သည်ကို မပြုခြင်း။
(ရာဇောဝါဒ သုတ္တန်)

ဒီမိုကရေစီနိုင်ငံတော်၏ မရှူံးနိမ့်ကြောင်း အပရိဟာနိယတရား (၇) ပါး
၁။ မပြတ်မလပ်စည်းဝေး၍ စုပေါင်းဆုံးဖြတ်ချက်ချခြင်း။
၂။ (ဆုံးဖြတ်ချက်နှင့်အညီ) ကိစ္စကို တစ်ပေါင်းတည်းဆောင်ရွက်ခြင်း။
၃။ စံနစ် ( ဥပဒေ ၊ စည်းမျဉ်း )ကို စောင့်ရှောက်ခြင်း။
၎။ လူကြီး သူမများအား အရိုအသေပြုခြင်း။
၅။ အမျိုးသမီးများအား အနိုင်အထက် မနှိပ်ကွပ်ခြင်း။
၆။ လူမျိုးဆိုင်ရာ ဓလေ့ထုံးစံကို စောင့်ရှောက်ခြင်း။
၇။ ရဟန်း ၊ သံဃာများကို ရိုသေကိုင်းရှိုင်းခြင်း။
( ဒီဃနိကာယ ၂ ၊ ၃ ၊ မဟာပရိနိဗ္ဗာနသုတ္တ )

အထက်က ဖေါ်ပြခဲ့တဲ့ အချက် ၁၇ ချက်ကိုကြည့်ရင် ဗုဒ္ဓဘုရားရှင်ရဲ့ နိုင်ငံရေး သဘောထားတွေဟာ ဒီနေ့ ကမ္ဘာမှာ ခေတ်စားနေတဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ အောက်မနိမ့်ဘူးဆိုတာ တွေ့ရပါသည်။

ဒေ၀ဒတ်ရဲ့ နိုင်ငံရေး သဘောထားတွေ အနေနဲ့တော့ အချက်အလက်တွေ နဲ့ အသေအခြာ မတွေ့ဖူးပါ။ သို့သော် အဇာတသတ် ဘုရင်ကို မင်းသားဘ၀ မှာရော ဘုရင်ဘ၀မှာပါ သူပြောဖူးသော စကားတချို့ကို ကြည့်မည်ဆိုလျှင် သူ့ရဲ့ နိုင်ငံရေး သဘောထားတွေကို တွေ့မြင်နိုင်ပါသည်။

"အပင်ပေါ်က သူ့အလိုလို ပြုတ်ကျလာတဲ့ သစ်သီး ကောက်ယူစားသူဟာ ယောက်ျားကောင်းမဟုတ်ဘူး၊ အပင်ထက်တတ်ပြီး စိတ်ကြိုက်ဆွတ်ခူးကိုက်ဝါး စားသောက်နိုင်မှ ယောက်ျားကောင်း၊ အဲဒီလိုဆွတ်စားရတဲ့ အသီးသာလျှင် အကောင်းဆုံးအချိုမြိန်ဆုံး အသီး။"

မင်းစည်းစိမ်နဲ့ အာဏာကို အရသာခံ၊ ကာမဂုဏ်မှီဝဲစရာ သစ်သီးလိုသဘောထား၊
တာဝန်ယူစိတ်လုံးဝ မပါ၊
တိုင်းပြည်ကို တိုင်းပြည်လိုမမြင်၊
ပြည်သူကို လူလိုမမြင်၊
ယောက်ျားကောင်းဆိုတဲ့ အဓိပ္ပယ် သတ်မှတ်ချက်ကို တစ်ကိုယ်ကောင်းဆောင်ရွက်ခြင်း သက်သက်ပေါ်မှာဂုဏ်ယူ
အများကျိုး ဆောင်ရရွက်လိုစိတ် အလျဉ်းမရှိတဲ့ ပညာမဲ့ ၀ါဒ

"ပကတိ အခြေအနေဆိုတာက ကျန်းမာသန်စွမ်းနေတဲ့ သင့်ခမည်းတော်ကြီးဟာ နောက်ထပ် နှစ်ပေါင်းများစွာ မဂဓရဲ့ မကိုဋ်သရဖူကို ဆင်မြန်းထားဦးမယ်။ အသက်အရွယ်အတိုင်း သင့်ခမည်းတော်ကြီးကွယ်လွန်တော့မှ ရာဇ၀ံသအတိုင်း ထီးမွေ ဆက်ခံရမယ့် အချိန်မှာ သင်ကိုယ်တိုင် အသက်ကြီးရင့်နေပြီ။ ထီးနန်းစည်းစိမ်ဆိုတာ ပျိုရွယ်မှုနဲ့ ပေါင်းစပ်မှသာ အပြည့်အ၀ အရသာ ပေါ်လွန်ပေတာ ကလား။ သွားတွေ မကောင်းတော့မှ ကြံချိုချိုတစ်ချောင်း လာပေးတယ် ဆိုတာမျိုးကတော့ ပြက်ရယ်ပြုခြင်းခံရတာပဲ မဟုတ်လား။"

"သင်လုပ်ရမှာကတော့ သင့်ခမည်းတော်ကို လုပ်ကြံပြီး မဂဓထီးနန်း ပုလ္လင်ထက် တတ်လိုက်ဖို့ပဲ အဇာတသတ်။"

မရသေးတဲ့ အာဏာကို ဖြတ်လမ်းနည်းနဲ့ အမြန်ရယူလိုပြီး
လက်ရှိအာဏာပိုင်ကို လက်နက်အားကိုးနဲ့ လုပ်ကြံရမယ် ဆိုတဲ့ အာဏာရူး ၀ါဒ

"ဒီမှာ မဂဓဘုရင်လေး မဂဓတိုင်းသား ပြည်သူတွေဆိုတာ လက်အုပ်ချီဖို့၊ ဒူးထောက်ဦး ညွက်ဖို့၊ အမိန့်နာခံဖို့ အတွက် အကျင့်ပါနေပြီးသား။ ဒါကို ဆက်ပြီး အကျင့်စွဲနေအောင် လုပ်သွားဖို့ပဲရှိတယ်။ သူတို့လက်အုပ်တွေ ဆက်လက်ပူးကပ်နေကြပါစေ။ သူတို့ဒူးဆစ်တွေ ဆက်လက်ထေက်နေကြပါစေ။ သူတို့ ဦးခေါင်းတွေ ဆက်လက်ညွက်နေကြပါစေ။ လူတွေရဲ့ အကြောက်တရားကိုသာ ပိုမိုကြီးထွားအောင်လုပ်ပါ။ ရာဇာပုလ္လင်ဆိုတာ တိုင်းသား ပြည်သူတွေရဲ့ အကြောက်တရားနဲ့ ထုလုပ်ထားတဲ့ ထိုင်ခုံဖြစ်တယ်။"

"ရှင်းရှင်းလေးပါ အဇာတသတ် ဘုရင်မင်းမြတ် ဟောဒီ ရာဇဂြိုဟ် နန်းတော်ထဲမှာ သင့်ကိုရော ငါ့ကိုပါမလိုလားသူတွေ ရှိနေတယ် သူတို့ကို ဗိမ္ဗိသာရက ရာထူးက နှုတ်ပယ်လိုက်တယ် ဆိုပေမယ့် မုချငါတို့ အပေါ်မှာ အငြိုးအာဃာတ ထားကြမှာပဲ။"

"ဗိမ္ဗိသာရဘုရင်ကြီး ဆိုတဲ့ အမြစ်ဟာ သင့်ရဲ့ ရာဇာပုလ္လင်ထဲကို ထွင်းဖေါက်ကုပ်တွယ်လာ လိမ္မယ်။ သင့်ရဲ့ ရာဇာပုလ္လင်ဟာ တစ်စတစ်စ ကွဲအက်ပျက်စီးသွားလိမ္မယ်။ အက်ကြောင်းတွေ ထင်လာတဲ့ သင့်ရာဇာပုလ္လင်ကို အမှုန့်ဖြစ်အောင် ထုရိုက်ဖျက်ဆီးမယ့် သူ့နောက်လိုက် သစ္စာခံ မူးမတ်တွေ ကလည်း တူးရွင်း၊ ငန်းပြား၊ ပေါက်တူး၊ ဆောက်ပုတ်တွေ နဲ့ အသင့်စောင့်နေကြတယ်။ ရာဇာပုလ္လင်နဲ့အတူ သင့်အသက်ဇီဝိန်လည်း ပျက်စီးလိမ္မယ်။"

"ဗိမ္ဗိသာရဘုရင် ကိုသစ္စာခံတဲ့ သူတွေအားလုံးကို အရာက နုတ်ပယ်လိုက်၊ မိမိယုံကြည်စိတ်ချရမယ့် သူတွေကို သစ္စာရေ သောက်ခိုင်း၊ ကျိန်စာအဆိုခိုင်းပြီး အမှုတော်ထမ်း အသစ်တွေ ခန့်ပစ်။ အရေးကြီးဆုံးက ဇီဝကပဲ သင်းဟာ ပညာထက်သလောက် ဉာဏ်နီ ဉာဏ်နက်များတယ်။ သမားတော်လည်း ဖြစ်တယ်။ သူဆေးကုပေးထားတဲ့ သူတွေကလည်း အရေးဆိုရင် သူခိုင်းသမျှ လုပ်ပေးမယ့် နောက်လိုက်တပည့်တွေ ဖြစ်တယ်။ ဇီဝကဟာ အန္တရာယ် အကြီးဆုံးရန်သူပဲ။"

"သင့်လက်တစ်ကမ်းမှာ သင့်လက်ထဲမှာ သန်လျှက်ကို အမြဲမကွာထား။ အဇာတသတ်ဟာ လူတွေ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ ခံညားရတဲ့ ဘုရင်ဖြစ်တယ်ဆိုတာ နန်းတော အတွင်းအပြင် လူတွေအားလုံး စွဲစွဲမြဲမြဲ သိနေပါစေ။"

ပည်သူလူထုရဲ့ ရိုးသားစွာ ချစ်ခင်လေးစားမှုကို ရဖို့မကြိုးစာပဲ၊
အကြောက်တရား တစ်မျိုးတည်းနဲ့ အုပ်ချုပ်လိုတဲ့ စနစ်။
မတရားတဲ့ နည်းနဲ့ အာဏာကို ရယူထားမိလေတော့ မိမိအပေါ် အာဃာတ ထားရှိသူတွေရဲ့ အန္တရာယ်ကို ကြေက်
မတရားသဖြင့်မင်းအာဏာနဲ့ နိုင်ထက်ပြုကျင့် အကျဉ်းချထားပေမယ့် ပြည်သူလူထုက ချစ်ခင်လေးစားမှန်း သိနေလေတော့ ဘယ်သူနဲ့ မှ တွေ့ခွင့်မရရှာတဲ့ အကျဉ်းသားရဲ့ အရှိန်အ၀ါကို ကြောက်
သူဟာသူ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ လူမူရေး ကူညီလုပ်ဆောင်မှုတွေကြောင့် လူထုရဲ့ ချစ်ခင်လေး စားမှုကို ရရှိထားတဲ့ ပရဟိတ သမားတို့ရဲ့ အရှိန်အ၀ါကို ကြောက်
လက်ရှိအာဏာလေး လက်လွတ်သွားမှာ ကြောက်လို့ လက်နက်ပစ္စည်းကို ကိုယ်နဲ့မကွာထားပြီး အမြဲ ကာကွယ်နေရတဲ့
ပြည်သူလူထုရော မိမိကိုယ်တိုင်ပါ အကြောက်တရားကြောင့် လွတ်လပ်မှု ကင်းတဲ့ ၀ါဒ

"အကျဉ်းကျ နေတဲ့ နန်းစွန့် ဘုရင်ဟောင်းကို သုတ်သင် ပစ်လိုက်တော့။"

မိမိရရှိထားတဲ့ အာဏာမှာ ယစ်မူးပြီး အဆုံးရှုံး မခံနိုင်လို့ အာဏာမြဲရင် ပြီးရောဆိုတဲ့ သဘောနဲ့ ကျေးဇူးရှင်ကို လိုအပ်ရင် ပင်သတ်ပစ်ရမယ် ဆိုတဲ့ အာဏာမူး ၀ါဒ

( ဒီနေရာ စကားစပ်မိလို့ အဇာတသတ် ဘုရင်ရဲ့ နိုင်ငံရေး သဘောထား လေးလည်းပြောချင်ပါတယ်။
အကျဉ်းကျ ခံနေရတဲ့ ခမည်းတော် ဗိမ္ဗိသာရဘုရင်ကြီး နဲ့ မင်းကြီးကို လာပြီး တွေ့တဲ့ မယ်တော် မိဖရား ကြီးတို့ကို
""ခမည်းတော်၊ နဲ့ မယ်တော်"" ဆိုတဲ့ အသုံးကို လုံးဝမသုံးစေရန်၊
"" အကျဉ်းသား နဲ့ မိဖရားကြီး"" လို့သာ သုံးစွဲစေရန် အမိန့်ထုတ်ပြန်ထားပါသည်။

အမှန်တရားဆိုလျှင် အခေါ်အဝေါ် များကိုပင် ရင်မဆိုင်ရဲသော ၀ါဒ မျိုး ဖြစ်ပါသည်။ )

ဒေ၀ဒတ်ရဲ့ နိုင်ငံရေး သဘောထားတွေကိုတော့ ကျွန်တော့ စိတ်ကူးနဲ့ ကျွန်တော် ပညာမဲ့ ၀ါဒ၊ အာဏာရူး ၀ါဒ၊ လွတ်လပ်မှု ကင်းတဲ့ ၀ါဒ၊ အာဏာမူး ၀ါဒ၊ ဆိုပြီး အမည်တွေ ပေးလိုက်ပါသည်။

ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် အုပ်ချုပ်သူ အာဏာပိုင်တွေဟာ ကျွန်တော်တို့ ရဲ့ဘာသာရေး စာပေတွေကို လေ့လာဖူးသည်ဖြစ်စေ၊ မလေ့လာဖူးသည်ဖြစ်စေ၊ ဗုဒ္ဓသဘောထား ဆင်တူနိုင်ငံရေး ၀ါဒများ ထွန်းကားလျှင် ပြည်သူလူထုမှာ ကံကောင်းကြပြီး၊ ဒေ၀ဒတ်၊ အဇာတသတ် သဘောထားဆင်တူ နိုင်ငံရေး ၀ါဒများ ထွန်းကားနေလျှင် ပြည်သူလူထုကံဆိုးနေသော ကာလများပင်ဖြစ်ပါသည်။

ထိုသို့မဟုတ်ပါပဲ
သားပြုသော အမှုအတွက် အပြစ်မဲ့သော အဖအား
အမိပြုသော အမှုအတွက် အပြစ်မဲ့သော သမီးအား စသဖြင့်
လူတစ်ဦး ပြုသော အမှုအတွက် အပြစ်မဲ့သော ဆွေမျိုးနီးစပ် တစ်ယောက်ယောက်အား
အပြစ်ဒဏ် ပေးတတ်သော ဖက်ဆစ်စနစ် ဆင်တူ နိုင်ငံရေး ၀ါဒများ
ထွန်းကားနေလျှင်တော့ ""ပြည်သူလူထု ကံဆိုးနေသည်"" ဟူသော စကားသည် မလုံလောက်တော့။ "" တစ်နိုင်ငံလုံး ကျိန်စာသင့်နေသည် "" ဟုပင်ဆိုချင်ပါတော့သည်။


:) Sunday, October 21, 2007

၃ ကြိမ်မြောက်လုပ်ကြံမှုကြီး အပြီးတွင်

၃ ကြိမ်မြောက်လုပ်ကြံမှုကြီး အပြီးတွင်

အားလုံးသိကြတဲ့အတိုင်း ဒေ၀ဒတ်ဟာ ဘုရားရှင်ကို ၃ ကြိမ်တိုင်တိုင် လုပ်ကြံခဲ့ပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ အတော်ဆုံးလေးသည်တော် ၃၁ ယောက်ကို အဇာတသတ် ဘုရင်ဆီက တောင်းယူပြီး ၅ သုတ်ခွဲခြား စီစဉ်ခဲ့ပါတယ်။ ဘုရားရှင်ကို ကိုယ်ထိလက်ရောက် ပစ်ခတ်ခဲ့သူ လေးသည်တော်ကို ဒုတိယသုတ် လေးသည်တော် ၂ ယောက်က ပစ်၊ ဒုတိယသုတ် လေးသည်တော် ၂ ယောက်ကို တတိယသုတ် လေးသည်တော် ၄ ယောက်ကပစ်၊ စသည်ဖြင့် တရားခံရှာမရအောင် လက်စပြောက် အသေအခြာ အကွက်ချ စီစဉ်ခဲ့ပါတယ်။ မိမိအာဏာ ရရင် ပြီးရော လူတွေဘယ်လောက်သေသေ တန်ဖိုးထားမနေတော့ပဲ။ ထင်ရာကိုစိုင်း စိတ်ထင်တိုင်းလုပ် ခဲ့ပါတယ်။ ဘယ်လိုပင် ကြိုးစားပေမယ့် လေးသည်တော်တွေဟာ ဘုရားရှင်ကို ဖူးတွေ့လိုက်ရတဲ့ အချိန်မှာ ကြည်ညိုစိတ်တွေ ပွားပြီး သက်ထက်ဆုံး သရဏဂုံတည်ကာ ဘုရားရှင်ရဲ့ တပည့်အဖြစ်ကို ခံယူသွားကြပါတော့တယ်။

ဒုတိယအကြိမ်မှာတော့ ဒေ၀ဒတ်ဟာ ဂိဇ္ဈကူဋတောင် ပေါ်ကနေ ကျောက်တုံးကြီး လိမ့်ချပြီး တောင်ခြေမှာ စင်္ကြံကြွတော်မူနေတဲ့ ဘုရားရှင်ကို လုပ်ကြံခဲ့ပါတယ်။တောင်ထွတ်ကျောက် ၂ ချပ်က တားဆီးခံထားလို့ ကျောက်တုံးဟာ ဘုရားရှင်ထံကို မရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ပဲ့စင်ထွက်လာတဲ့ ကျောက်လွှာထိပြီး ဘုရားရှင်ချေတော်မှာ သွေးစိမ်းတည်ခဲ့ရပါတယ်။

ဘုရား၊ တရား၊ သံဃာကို စော်ကားစေချင်ရင် သာမန်ူလူတွေကို သုံးလို့မရနိုင်ဘူး။ အသိဉာဏ်မဲ့တဲ့ တိရိစ္ဆာန်တွေကို သုံးတာအကောင်းဆုံးဖြစ်လိမ္မယ်လို့ ဒေ၀ဒတ် တွေးမိလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တတိယ အကြိမ်မှာတော့ အဇာတသတ် ဘုရင်ဆီကနေ အကြမ်းဆုံး အရိုင်းဆုံး ဖြစ်တဲ့၊ နာဠာဂီရိ အမည်ရသော ဆင်ကြီးကို ပုံမှန်တိုက်ကျွေးနေကျ သေရည် ၈ အိုးအစား ၁၆ အိုးကို တိုက်ကျွေးစေခဲ့ပါတယ်။ အဇာတသတ်မင်းကိုလည်း ဘုရားရှင်ဆွမ်းခံ ကြွချိန် မြို့သူ မြို့သားတွေ လမ်းပေါ်မထွက်ကြဖို့ အမိန့်ထုတ်ခိုင်းထားပါတယ်။ ( ကာဖြူးနဲ့ တူမလား တော့မသိပါ။ ) သံဃာကို အုပ်ချုပ်ပိုင်ခွင့်နဲ့ ဗုဒ္ဒအဖြစ် ခံယူပိုင်ခွင့်ကို မင်းအာဏာနဲ့ လက်နက်ကို အားကိုးပြီး ရယူဖို့ကြိုးစား ခဲ့ပါတယ်။

ဘယ်လောက်ပဲ ကြိုးစားပေမဲ့၊ သူ့ရဲ့လုပ်ကြံမှုတွေကို ဘုရင်က ဘယ်လိုပဲ ကူညီပေမဲ့ နောက်ဆုံးမှာတော့ ကြမ်းလှ ရိုင်းလှပါတယ်ဆိုတဲ့ နာဠာဂီရိ ဆင်ကြီးဟာ ဘုရားရှင်ရဲ့ မေတ္တာတရားကို နားလည်ပြီး ဆင်လိမ္မာကြီးဖြစ်သွားခဲ့ပါတယ်။ မေတ္တာလက်နက်ကို ကိုင်စွဲပြီး ကျွန်တော်တို့ ဘုရားရှင်ဟာ ဆင်မိုက်ကြီးကို ကောင်းစွာ အောင်မြင်ခဲ့ပါတယ်။ ဆင်မိုက်ကြီးကို ဆုံးမလို့ အပြီးမှာ ဘုရားရှင်က ဓနပါလ အမည်သစ်ကိုလည်း တွင်စေခဲ့ပါတယ်။

အဲဒီလို လုပ်ကြံမှုကြီးတွေ အပြီးမှာတော့ ရာဇဂြိုဟ် မြို့သူ မြို့သားတွေဟာ အောက်ပါအတိုင်း ကြွေးကြော်သံတွေကို အုတ်အုတ်ကျက်ကျက် အောင်ဟစ်ကြပြီး အဇာတသတ်ဘုရင် ကြားအောင် မိမိတို့ စိတ်ထဲရှိရာတွေကို သတ္တိရှိရှိ ထုတ်ဖေါ်ကြပါတော့တယ်။

ဒေ၀ဒတ်ဆိုတာ ဘာလဲဟေ့ ဗိမ္ဗိသာရ မင်းကြီးကို သတ်ခိုင်သူ။
ဒေ၀ဒတ်ဆိုတာ ဘာလဲဟေ့ လေးသည်ကျော် လူသတ်သမားတွေ စေလွှတ်သူ။
ဒေ၀ဒတ်ဆိုတာ ဘာလဲဟေ့ ဂိဇ္ဈကူဋ လုပ်ကြံမှုရဲ့ တရားခံ အစစ်။
ဒေ၀ဒတ်ဆိုတာ ဘာလဲဟေ့ နာဠာဂီရိဆင်ကြီး လွှတ်ပြီးသတ်ခိုင်းသူ။
ဒေ၀ဒတ် လူသတ်သမား။

နာဠာဂီရိအမြင်မှန်ရ ဓနပါလ ခေါ်ဆိုကြစို့။
လူသတ်သမားကို ဆရာတင် ငါတို့ဘုရင် အဇာတသတ်။
တို့ဘုရင်ရဲ့ မင်းဆရာ ဒေ၀ဒတ်ဟာ လူသတ်သမား။
လူသတ်သမားကို ဆရာတင် ငါတို့ဘုရင် အဇာတသတ်။

"နက်ဖြန်ကစပြီး ဂယာသီသကျောင်းကို ပို့နေတဲ့ ဆွမ်းအုပ် ၅၀၀ ရုပ်သိမ်းလိုက်တော့။"
ဒီအမိန်တော်ဟာ မဂဒဘုရင်ရဲ့ နှုတ်မှ ထွက်ပေါ်လာသော်လည်း တကယ်တမ်း ဒီအမိန့် ပေါက်ဖွားလာသည့် အရင်းအမြစ်မှာ ရာဇဂြိုဟ် မြို့သူမြို့သားတို့၏ မထုတ်ဖေါ်သော တောင်းဆိုချက်ဖြစ်ကြောင်း မိမိဘာသာလည်း သိလိုက်သည်။ ( ထုတ်ဖေါ်မပြောရသေးသော တိုင်းသူပြည်သားတို့၏ တောင်းဆိုချက်ကို ပင်လေးစားပေးသော အဇာတသတ်ဘုရင် ကဒီတစ်ချက်တော့ ကျေးဇူးတင်စရာပင်။)

သူတစ်ပါးနှင့်မသက်ဆိုင်ပဲ မိမိတစ်ဦးတည်းနှင့်သာ သက်ဆိုင်းသော အမိန်တော်တစ်ခုကိုလည်းထုတ်ပြန်လိုက်သေး၏။
"အခုချိန်က စပြီး ဂယာသီသ ကျောင်းနဲ့ ဆရာ ဒေ၀ဒတ်ဆီကို ငါဘယ်တော့မှ မသွားတော့ဘူး"

*** အဇာတသတ်မင်းတို့၏ အဆက်အနွယ်၌ ငါးဆက်တိုင်တိုင် သားက အဖကို သတ်ခဲ့သည်ဟု ကျမ်းများက ပြဆိုထားပေသည်။
(၁) အဇာတသတ်မင်းသားသည် ခမည်းတော် ဗိမ္ဗိသာရမင်းကို
(၂) ဥဒယဘဒ္ဒမင်းသားသည် ခမည်းတော် အဇာတသတ်ကို
(၃) မဟာမုဏ္ဍိကမင်းသားသည် ခမည်းတော် ဥဒယဘဒ္ဒကို
(၄) အနုရုဒ္ဓမင်းသားသည် ခမည်းတော် မဟာမုဏ္ဍိကကို
(၅) နာဂဒါသမင်းသားသည် ခမည်းတော် အနုရုဒ္ဓကို
သတ်သည်။

နောက်ဆုံးတွင်ကား ဤမင်းတို့သည် ရာဇ၀င် အနွယ်အဆက်ကို ဖြတ်တောက်သော မင်းတို့ ဖြစ်ကုန်သည်။ ဤမင်းတို့ဖြင့် အဘယ်မှာ အကျိုးရှိအံ့နည်း ဟု တိုင်ပင်ညီညွတ်ကာ တိုင်းသူပြည်သားတို့က နာဂဒါသ (နောက်ဆုံးမင်း)ကို သတ်ဖြတ်ဖျောက်ဖျက်ကြလေသည်။ (လက်နက်အားကိုဖြင့် ရှေ့ဘုရင်ကို လုပ်ကြံပြီ၊ တိုင်းပြည်အာဏာကို သိမ်းယူကာ အဆက်ဆက် မင်းလုပ်ကြသော အကျိုးမဲ့ ကျက်သရေတုန်း မင်းဆက်ကို ပြည်သူတို့၏ ညီညွတ်ခြင်း အင်အားနဲ့ပင် အဆုံးသတ်ခဲ့ရသည်။) ***


:) Friday, October 19, 2007

ပကာသနီယကံ နှင့် စပ်လျဉ်း၍

ပကာသနီယကံ နှင့် စပ်လျဉ်း၍

ပတ္တနိက္ကုဇ္ဇနကံ နှင့် စပ်လျဉ်း၍ ဟူသောခေါင်းစဉ်နှင့် ပို့စ်တစ်ခုရေးသားခဲ့ဖူးပါသည်။ ဆရာချစ်ဦးညို ရေးသားသော ၀ိဇိတာဝီ စာအုပ်တွင် ဒေ၀ဒတ်ကို ဗုဒ္ဓဘုရားရှင်၊ အရှင်သာရိပုတ္တရာ အပါအ၀င် သံဃာထုတစ်ရပ်လုံးက ပကာသနီယကံ ပြုခြင်းကို ဖတ်လိုက်ရပါသည်။ ယခင်ပို့စ်နှင့် နာမည်ဆင်တူစေရန် ပကာသနီယကံ နှင့် စပ်လျဉ်း၍ ဟုသုံးထားသော်လည်း ၄င်းကံနှင့်ပတ်သက်၍ ကျွန်တော် ခံစားနားလည်သမျှကို ချရေးထားခြင်းသာ ဖြစ်ပါသည်။ အကျယ်တ၀င့် မလေ့လာဖူးပါ။

ပကာသနီယကံပြုခြင်း ဆိုသည်မှာ သံဃာ့ကိစ္စ သက်သက်သာဖြစ်ပါသည်။ ရဟန်းတစ်ပါးသည် ကိုယ်အားဖြင့် ရဟန်းတို့ မပြုသင့်သော အရာကို ပြုသောအခါ၊ နှုတ်အားဖြင့် ရဟန်းတို့ မပြောသင့်သော စကားကို ပြောသောအခါ၊ ထို့အပြင် သူ၏အပြုအမူ၊ အပြောအဆိုကြောင့် သူတစ်ပါးတည်းကို သာမက သံဃာထု၏ ဂုဏ်သိက္ခာကို ထိခိုက်စရာဖြစ်လာခဲ့လျှင် ၄င်းရဟန်းကို သံဃာထုမှ ပကာသနီယကံ ပြုရာ၏ ဟုနားလည် သဘောပေါက် ထားပါသည်။ ကံပြုပုံ နည်းလမ်းနှင့် ပတ်သက်၍ အောက်ပါ စကားပြောခန်းကို ဖတ်ခြင်းဖြင့် သဘောပေါက်နိုင်ပါသည်။

အဇာတသတ်။ ။ ဟောဟိုမှာ လက်ျာရံ အဂ္ဂသာဝက ကြီးပါလား။ ရဟန်းသံဃာတွေ ခြံရံလို့ မုခ်တံတိုင်းနားမှာ ဘာအတွက်များ စုဝေးလာကြပါလိမ့်။

အရှင်သာရိပုတ္တရာ။ ။ ရှေးအခါက ဒေ၀ဒတ်၏ အမူအကျင့်သည် တစ်မျိုးဖြစ်၏။ ယခုအခါ ဒေ၀ဒတ်၏ အမူအကျင့်သည် တစ်မျိုးဖြစ်ခဲ့ပြီ။ အကြင်အခါ၌ အကြင်အမှုကို ဒေ၀ဒတ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင်လည်းကောင်း ပြုရာ၏။ ဒေ၀ဒတ်ပြုသော ထိုအမှုတို့ဖြင့် မြတ်စွာဘုရားဟူ၍ လည်းကောင်း၊ တရားတော်ဟူ၍ လည်းကောင်း၊ သံဃာဟူ၍ လည်းကောင်း မမှတ်ယူအပ်။ ဒေ၀ဒတ်ဟူ၍ မှတ်ယူရမည်။ (ရှင်သာရိပုတ္တရာသည် ရဟန်းတော်များ ခြံရံလျက် တစ်နေရာသို့ ထွက်ခွါသွားလေသည်။)

အဇာတသတ်။ ။ ဘာသဘောလဲ ဆရာဇီဝက။ ( ဇီဝကမျက်နှာမှာ အားတောင့် အားနာအသွင်ရှိနေသည်။) ရှင်သာရိပုတ္တရာနှင့် သံဃာတွေဟာ ရာဇဂြိုဟ်မြို့တွင်း တစ်နေရာက တစ်နေရာ လှည့်လည်ပြီး ဒီလိုရွတ်ဆိုနေကြသလား။

ဇီဝက။ ။ မြတ်စွာဘုရားရှင်ဟာ ရဟန်းတို့ကို လာဉ တ္တိဒုတိယကမ္မ၀ါမနဲ့ ရာဇဂြိုဟ်မှာ အရှင်ဒေ၀ဒတ်ကို ပကာသနီယကံ ပြုစေပါတယ်။ သံဃာက ပကာသနီယ ကံပြုပြီးလို့ အရှင်သာရိပုတ္တရာ မထေရ် မြတ်ကြီးကို သမ္မုတိပေးပြီး ထင်ရှားအောင်ပြတော်မူခြင်းပါပဲ အရှင့်သား။

အဇာတသတ်။ ။ ကျွန်ုတ်နားလည်အောင် ရှင်းရှင်းပြောစမ်းပါ ဆရာဇီဝက။

ဇီဝက။ ။ ပကာသနီယကံ ပြုမှုဆိုတာ ၀ိနည်းကိစ္စပါပဲ အရှင့်သား။ ၀ိနယ အမှုပါ။ ကံပြုခံရတဲ့ ရဟန်းရဲ့ ပြောသမျှ၊ ပြုသမျှဟာ ဘုရားရှင်၊ တရားတော်၊ သံဃာနဲ့ မဆိုင်၊ သူ့သဘောအတိုင်းသာဖြစ်တယ်လို့ ထင်ရှားအောင်ပြခြင်း ဖြစ်ပါတယ်။

အဇာတသတ်။ ။ ဆရာအရှင် ဒေ၀ဒတ်ကို သံဃာကနေ ထုတ်ပယ်လိုက်တဲ့ သဘောလား။

ဇီဝက။ ။ မြတ်စွာဘုရား၊ တရားတော်၊ သံဃာတော်နဲ့ အရှင်ဒေ၀ဒတ် ရဲ့ပြုမူပြောဆိုမှုများ ဘယ်လိုမှမသက်ဆိုင်တော့ဘူးလို့ ထင်ရှားအောင်ပြလိုက်တာ ပါပဲ အရှင့်သား။

( မယ်တော်ကြီးကတော့ ကိုယ်ကိုးကွယ်နေတဲ့ ဆရာတစ်ပါး အတွက် နာကျင်တဲ့ ခံစားမှုနဲ့ ဘုရားရှင်အပေါ်၊ သံဃာထုအပေါ် အပြစ်မတင်စေရန် သတိပေးနေသည်။ ဗုဒ္ဓနဲ့ ဗုဒ္ဓရဲ့သာဝကကြီးတွေဟာ ဘယ်တော့မှ သူတစ်ပါးကျိုး ဆုတ်ယုတ်အောင် နစ်နာအောင် လုပ်ကြမှာမဟုတ်ကြောင်းကို လည်းအသေအချာ ရှင်းပြနေသည်။

ဇီဝက။ ။ ဒီပကာသနိယ ကံရဲ့အကျိုးဆက် ဘာတွေ ဖြစ်ပေါ်လာသလဲဆိုတာတော့ ကာယကံရှင် ဆရာဒေ၀ဒတ် ဘာလုပ်မလဲ ဆိုတဲ့အခြေအနေကို စောင့်ကြည့်ဖို့ပဲ ရှိသည်။

(အဇာတသတ် အနေနှင့် မည်သူ့ကိုမှစကား မပြောချင်တော့။ မည်သူ၏မှတ်ချက်ကိုမှလည်း နားမထောင်ချင်တော့။ မယ်တော်၏လက်ထဲမှ ရုန်းထွက်ကာ ခြေလှမ်းကြဲများဖြင့် နန်းဆောင်ထဲမှ ထွက်လာခဲ့တော့သည်။ ဆရာဒေ၀ဒတ်နှင့်သာ အမြန်ဆုံးတွေ့ ချင်နေတော့သည်။)

ဗုဒ္ဓ၀င်တွင် အရှင်ဒေ၀ဒတ်သည် မိမိကိုယ်ကျိုးအတွက်၊ အာဏာအတွက်၊ ကျော်ဇောမှုအတွက် ဘုရားရှင်ထံမှ သံဃာအား အုပ်ချုပ်ခွင့်၊ ဗုဒ္ဓအဖြစ်ခံယူခွင့်တို့ကို တောင်းဆိုခဲ့သည်။ ရဟန်းတပါးအနေဖြင့် မပြုသင့်သည်ကို ပြုခဲ့သည်။ မတောင်းသင့်သည်ကို တောင်းခဲ့သည်။ ထို့ကြောင့် သံဃာမှသူ့အား ပကာသနီယကံ ပြုခဲ့သည်။

ထိုသို့ပြုခဲ့ခြင်းသည်ပင် သင့်မြတ်လှ၏။ အဘယ်ကြောင့်ဆိုသော် အရှင်ဒေ၀ဒတ်သည် နောင်အခါ၌ မိမိအားကိုးကွယ် ဆည်းကပ်သူ တပည့်သာဝက ဖြစ်သော အဇာတသတ် မင်းသားအား မင်းစည်းစိမ် အာဏာ ရရှိစေရန်/ တည်မြဲစေရန် နည်းပေးလမ်းပြ လုပ်ခဲ့လေရာ ကျေးဇူးကြီးမားလှသော ခမည်းတော် ဘုရင်ကြီးကို သတ်ဖြတ်ခိုင်းသည်ထိ ဖြစ်လာခဲ့သည်။ ဘုရားရှင်အား လေးသည်တော်များ သုံး၍လည်းကောင်း၊ ဂိဇ္ဈကူဋ တောင်ပေါ်မှ ကျောက်တုံးဖြင့် လိမ့်ချ၍လည်းကောင်း၊ ဆင်ရိုင်းကြီးနှင့် တိုက်၍လည်းကောင်း သေချာစွာ အကွက်ချ၍ လုပ်ကြံခဲ့သော ရာဇ၀တ်မှုကြီးတို့ကို ကိုယ်တိုင် ကြိုးကိုင်ခဲ့သော တရားခံလည်းဖြစ်ခဲ့သေးသည်။ အခုဖေါ်ပြခဲ့သော အမှုကိစ္စ အားလုံးတို့သည် ကံပြုပြီးနောက်ပိုင်းမှ ဖြစ်ခဲ့သောကြောင့် သံဃာ၌၀န်လေးခြင်း အလျှင်းမရှိတော့ အားလုံးသော အပြုအမူ၊ အပြောအဆိုတို့သည် ဘုရားရှင်နှင့်၊ တရားတော်နှင့်၊ သံဃာနှင့် လုံးဝမပတ်သက်တော့၊ ဒေ၀ဒတ်တစ်ဦးတည်း တွင်သာတာဝန်ရှိတော့သည်။

ရဟန်းတော်တို့သည် ကျွန်တော်နားလည်သမျှ...
၁။ မိမိကိုယ်မိမိ အကျင့်သီလ ဖြူစင်စေရန် စောင့်ထိမ်းခြင်း
၂။ သူတစ်ပါးအား အကျင့်သီလ ဖြူစင်စေရန် ဆုံးမခြင်း
၃။ မိမိကိုယ်မိမိ သမာဓိ တည်ကြည်စေရန် အားထုတ်ခြင်း
၎။ သူတစ်ပါးအား သမာဓိ တည်ကြည်စေရန်း နည်းလမ်း ပေးခြင်း
၅။ မိမိကိုယ်မိမိ ပညာဉာဏ် ရင့်သန်စေရန် ဆင်ခြင်ခြင်း
၆။ သူတစ်ပါးအား ပညာဉာဏ် ရင့်ကျက်စေရန် သတိပေးခြင်း
၇။ မိမိဘ၀ကိုမိမိ အေးငြိမ်းသော ဘ၀ဖြစ်စေရန်လေ့ကျင့်နေထိုင်ခြင်း
၈။ သူတပါး၏ (သတ္တ၀ါအားလုံးတို့၏) ဘ၀အေးငြိမ်း စေရန် ဆုတောင်းမေတ္တာ ပို့သပေးခြင်း
အမှုတို့ကိုသာ ပြုရန်ရှိသည်။

ဘုရားရှင်၏ အဆုံးအမ သာသနာတော် ၃ ရပ်ဖြစ်သော သီလ၊ သမာဓိ၊ ပညာတို့မှ ကျော်လွန်၍၊ ဗုဒ္ဓဘာသာ၏ အမြတ်ဆုံးပန်းတိုင်ဖြစ်သော အေးငြိမ်းခြင်းမှ သွေဖီ၍ မည်သည့်အမှုကိုမှ မပြုသင့်၊ မည်သည့်စကားကိုမှ မပြောသင့် ဟုယူဆပါသည်။

အကယ်၍ ရဟန်းတော်တပါးသည်
မိမိကိုယ်ကျိုးကိုကြည့်၍၊
မိမိအားကိုးကွယ်ဆည်းကပ်သော တပည့်သာဝက၏ ကိုယ်ကျိုးကို ကြည့်၍
( မိမိတွင်ဖြစ်စေ၊ မိမိ၏ တပည့်သာဝကတွင်ဖြစ်စေ စည်းစိမ်ဥစ္စာများ ရရှိ/တည်မြဲစေရန်၊ တန်ခိုးအာဏာများ ရရှိ/တည်မြဲစေရန် ရည်ရွယ်၍)
မပြုသင့်သော အမှုကို ပြုမိသည်၊ မပြောသင့်သော စကားကို ပြောမိသည်ဆိုပါစို့။
ထိုအမှုကို ပြုခြင်း၊ ထိုစကားကို ပြောခြင်းသည်
ဘုရားရှင်၏ အဆုံးအမသုံးရပ်မှ တစ်ခုခုနှင့် ဖီလာဆန့်ကျင်နေပြီး
တိုင်းသိပြည်သိ ဖြစ်ခဲ့ပြီ ဆိုကြပါဦးစို့။
အဘယ်သို ကျွန်တော်တို့ တွေးတောကြမည်နည်း။


:) Saturday, October 13, 2007

ရှောင်လေဝေးဝေး

သူငယ်ချင်း ...
မင်းရောငါပါ ပညာရှာခိုက်
ဆရာဆုံးမ သြ၀ါဒမှာ
ဘ၀ဆက်ဆံ လောကဓံဝယ်
မမှန်တာကို မလုပ်နှင့်
မဟုတ်တာကို မပြောနှင့်
သဘောစိတ်ထား မသေးနှင့် ... တဲ့။

သူငယ်ချင်း ...
မင်းလည်းဒီစိတ် ငါလည်းဒီစိတ်
တို့အတိတ်မှာ စွဲမြဲလာခဲ့
သြဇာကြီးမား တချို့ လူများမှာ
မှားတာကို မှန်၊ မှန်တာကို မှား
ဟုတ်တာကို မဟုတ်
မဟုတ်တာကို အဟုတ်
စိတ်သဘောထား သေးနုပ်
လူများအပေါ် အနိုင်လုပ်
တရားဥပဒေကို ရုပ်
မတရားဥပဒေကို ထုတ်
လုပ်ချင်သလို လုပ်တော့
ဇာတ်ရှုပ်တဲ့ သည်ကာလ
ရှောင်နိုင်မှ တော်ကာကျမယ်
နောက်ဘ၀ တူစုံတွဲ
အ၀ီစိအောက် ငရဲမှာ
ပျော်ပွဲစား မလိုက်နိုင်ဘူး သူငယ်ချင်း။

စာရေးဆရာ နန်းညွှန့်ဆွေ ရေးစပ်သည်။

My Little Blog