:) Friday, November 30, 2007

ပညာသိုက်

ပညာသိုက်

ဆရာတိုက်စိုး၏ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးများကို စုစည်း ထုတ်ဝေလိုက်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ စာအုပ်တွင် ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သော စာကြည့်တိုက် သမိုင်းကြောင်းများ၊ မြန်မာ့စာကြည့်တိုက် ဖြစ်စဉ်သမိုင်းစုံကို တင်ပြရှင်းလင်းထားပါသည်။ နိုင်ငံတစ်နိုင်ငံအတွက် စာစုံရှိသော စာကြည့်တိုက်တို့၏ ဂုဏ်ဝင့်ထည်ပုံကို ထင်သာမြင်သာအောင်ဖော်ပြထားသည်။ ဆရာကြီးဇေယျသည် လမ်းဘေးစာအုပ်ဆိုင်လေးများကို လမ်းဘေးတက္ကသိုလ်ဟု သုံးနှုန်းခဲ့ဖူးသည်။ သို့ဆိုလျှင် စာကြည့်တိုက်ဟူသည် ပြည်သူပြည်သားတို့အတွက် ကျောင်းပြင်ပတက္ကသိုလ်ပင် ဖြစ်လိမ့်မည်။ နိုင်ငံတစ်နိုင်ငံအတွက် ပညာအလင်းသည် အလွန်ပင်အရေးကြီးပါသည်။ အတွေးအခေါ် အမြော်အမြင်ရှိ၍ နိုင်ငံအကျိုးအမှန်ပင်လိုလားသော ခေါင်းဆောင်တိုင်းသည် ပြည့်မျက်လုံးကို ဖွင့်ပေးရာ၏။ ပြည့်မျက်လုံးဟူသည် ပညာပင်ဖြစ်သည်။ ထို ထိုသော ပညာရပ်များစုစည်းရာ ဌာနသည် စာကြည့်တိုက်ပင်ဖြစ်ပါသည်။

မြန်မာ့စာကြည့်တိုက် သမိုင်းကို ပြန်ကြည့်သော် ပုဂံခေတ်ကိုပင် ညွှန်းရမည်ဖြစ်သည်။ အနော်ရထာမင်းစောသည် သထုံကို တိုက်ခိုက်သိမ်းသွင်း၍ ပိဋကတ်အစုံသုံးဆယ်ကို ပုဂံပြည်သို့ ပင့်ဆောင်ခဲ့သည်။ ထိုပင့်ဆောင်ခဲ့သော ပိဋကတ်အစုံကို ရတနာအတိဖြစ်သော ပြသာဒ်ဝယ်ထား၍ အရိယာသံဃာတို့အား သင်ကြားပို့ချရ၏ဟု ရာဇ၀င်၌ လာလေသည်။ ပိဋကတ်တို့ထားရှိရာ ထိုအုတ်တိုက်ကို အနော်ရထာမင်းစော၏ ကောင်းမှုတော်ဟူ၍လည်းကောင်း၊ ပိဋကတ်တိုက်ဟူ၍လည်းကောင်း ခေါ်ခဲ့ကြသည်။ တဖန် ကျန်စစ်သားမင်းလက်ထက်၌ မြကန်သာအနီး တူရွင်းတောင်ခြေတွင် ပိဋကတ်တိုက်တော်ရှိခဲ့သည်ကို သမိုင်းအထောက်ထားများအရ သိရပြန်သည်။ ၁၄၄၂ ခုနှစ်၌ တောင်တွင်းမင်း မင်းသီရိဇေယျသူရမောင်နှံသည် ပုဂံ၌ ကျောင်းဆောက်၍ ကျမ်းပေါင်းလေးရာခန့် လှူဒါန်းခဲ့ကြောင်း သိမှတ်ရသည်။ ပိဋကတ်စာလှူဒါန်းသော၊ ပိဋကတ်တိုက်ထူထောင်သော အစဉ်အလာသည် အင်းဝ၊ ကုန်းဘောင်ခေတ်ဆက်ဆက်တိုင် တည်တံ့ခဲ့လေသည်။

၁၉ ရာစုအကုန်တွင် အင်္ဂလိပ်နှင့်ဒုတိယအကြိမ်စစ်ဖြစ်၍ အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံ ဟူ၍နှစ်ခြမ်းကွဲလေသည်။ ၁၈၈၃ ခု၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ ကော်မရှင်နာလမ်း၊ အစိုးရကျောင်း၌ အမိုးချွန်ချွန်နှင့် သစ်သားအဆောက်အအုံလေးတစ်ခု ပေါ်ပေါက်လာသည်။ ဗားနတ် အခလွတ် ပိဋကတ်တိုက်ဟု ခေါ်တွင်လေသည်။ မဟာဝန်ရှင်တော်မင်းကြီး ချားလ်ဗားနတ်ကို ဂုဏ်ပြုချင်သောကြောင့် ဖြစ်ပေသည်။ အခလွတ်ဟုဆိုခဲ့ခြင်းမှာ ဆင်းရဲချမ်းသာမရွေး ငှားရမ်းသုံးစွဲနိုင်ခြင်းကြောင့်ဖြစ်လေသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မန္တလေးနန်းတော်ကို သိမ်းပိုက်ခဲ့လေသည်။ ထိုမှရရှိသော ပေပုရပိုက်စာစုတို့ကို သုံးစုခွဲ၍ ယိုးဒယားဘုရင်ထံသို့လည်းကောင်း၊ လန်ဒန်မြို့ရှိ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်ရုံး ပိဋကတ်တိုက်သို့ လည်းကောင်း၊ ကျန်တစ်စုသည် ရန်ကုန်မြို့ မဟာဝန်ရှင်တော်မင်းကြီးမှတဆင့် ဗားနတ်ပိဋကတ်တိုက်သို့ လည်းကောင်း ရောက်ရလေသည်။

ဗားနတ်တိုက်သည် ခေတ်ကာလအရ ဦးပေါ်ဦးလျှောက်ထုံးကျမ်းပြု ဆရာအောင်၊ သဘင်ပညာသုတေသီ ဦးနု၊ လေးချိုးကြီး ဆရာလွန်း၊ စာရေးဆရာ ဇေယျ၊ စာရေးဆရာ သိပ္ပံမောင်ဝ စသော မြန်မာမှုလိုက်စားသူများအဖို့ မှီခိုလဲလျောင်းရာဌာနဖြစ်ခဲ့သည်။ သို့သော် ထိုစာကြည့်တိုက် ပိဋကတ်တိုက်မျိုးသည် ၁၉၃၀ ခုနှစ်အထိ ရန်ကုန်တွင် တစ်ခုတည်းသည်ရှိခဲ့သည်။ ၁၉၁၈ ခုနှစ်တစ်ဝိုက်တွင် မြန်မာအများစု၌ ၀ံသာနုရက္ခိတစိတ်များ တိုးပွားလာခဲ့သည်။ အမျိုးဘာသာ၊ သာသနာ၊ ပညာမြှင့်တင်ရန် ၀ိုင်အမ်ဘီအေအသင်းကြီးကို ထူထောင်ခဲ့ကြသည်။ ၁၉၂၈ ခုနှစ်၌ ဒေါက်တာဘခက်၊ ဦးဖာနိဗယ် စသောပုဂ္ဂိုလ်များက မြန်မာပြည် ပညာပြန့်ပွားရေးအသင်း တည်ထောင်၍ မြန်မာဘာသာစာအုပ်များကို လည်းကောင်း၊ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာစာအုပ်များကို လည်းကောင်း လူအများဖတ်ရှုနိုင်စေရန် အမြို့မြို့၌ အများပြည်သူတို့နှင့်ဆိုင်သော ပိဋကတ်စာတိုက်များကို ဖွင့်လှစ်ပေးခဲ့သည်။


စစ်ကြီးအပြီး မြန်မာနုင်ငံလွတ်လပ်ရေးရလာသည့်အခါ စာကြည့်တိုက်များ ပေါများလာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဌာနသစ်တစ်ခု တိုးလာသည်။ ထိုဌာနသည် ဗားနတ်ပိဋကတ်တိုက် အကြွင်းအကျန်ကို သိမ်းယူ၍ အမျိုးသား စာကြည့်တိုက် ထူထောင်ရန် စတင်စီမံလေသည်။ ယဉ်ကျေးမှုဌာနကပင် ယဉ်ကျေးမှု စာကြည့်တိုက်၊ ပြတိုက်များဟူ၍ မော်လမြိုင်၊ ကျောက်ဖြူ၊ ပုသိမ်၊ မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြို့ရွာ ၇၄ ခုတွင် ပြန်ကြားရေး စာကြည့်တိုက်ငယ်များ ထူထောင်နိုင်ခဲ့သည်။ ထို့အတူ စာကြည့်တိုက်ကြီးများ အဖြစ်ဖြင့် ၁၉၅၄ ခုနှစ်တွင် စက်မှုပညာ ဗဟိုပြန်ကြားရေးဌာနစာကြည့်တိုက်၊ ၁၉၅၅ ခုနှစ်တွင် တပ်မတော်မော်ကွန်း စာကြည့်တိုက်နှင့် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်၊ ၁၉၅၆ ခုနှစ်တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်စသည်ဖြင့် သူ့ဌာနနှင့်သူ ထူထောင်ခဲ့ကြပြန်လေသည်။ တက္ကသိုက်အသီးသီးနှင့်အတူ စာကြည့်တိုက်များလည်း ယှဉ်တွဲပေါ်ပေါက်လာခဲ့သည်။ ထို့အတူ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့လေသည်။ ၁၉၇၁ ခုနှစ်တွင် ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်သည် စာကြည့်တိုက်ဌာနသစ်တစ်ခုကို ဖွင့်လှစ်ခဲ့လေသည်။

ယခုအခါ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များလည်း ကျေးရွာ အနှံ့အပြား ပေါ်ပေါက်လာကြသည်။ စာကြည့်တိုက်များပေါများလာခြင်းနှင့်အတူ စာအုပ်လိုအပ်ချက်နှင့် ထောက်ပံ့နိုင်မှုလည်း အားနည်းလာသည်။ ပြန်ကြားရေးစာကြည့်တိုက်များတွင်လည်း ဆွဲခန့်စာကြည့်တိုက်မှူးများကြောင့် စာစု၊ စာပြု၊ စာဖြန့် လုပ်ငန်းများ အားနည်းလာသည်။ မငှားရမ်းသည့်စာအုပ်များ၊ ဖတ်ခွင့်လုံးဝမရသည့် စာအုပ်များပင်ရှိလာသည်။ စာအုပ်ငှားရမ်းချင်သည့်အခါ စာကြည့်တိုက်မှူး လိုက်ရှာနေရသည်ကပင် အလုပ်ကြီးတစ်ခုဖြစ်နေသည်။ ဆိုင်ရာမှလည်း စာကြည့်တိုက်တို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ကို အရေးယူ စုံစမ်းခြင်း မရှိ။ အချင်းချင်း လက်ဝါးရိုက်၍ ပြီးနေခြင်းသည် ပြည်သူတို့အား မျက်လုံးပိတ်ထားခြင်းနှင့်တူပေသည်။ စာကြည့်တိုက်များ ပေါများလာခြင်းသည် ကောင်းသောလက္ခဏာဖြစ်၍ စာကြည့်တိုက်စည်းကမ်း လျော့ရဲလာခြင်းနှင့် စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ မဆောင်ရွက်နိုင်ခြင်းသည် အနုတ်လက္ခဏာပင်ဖြစ်သည်။

ဟိုးယခင် ပုဂံမင်းဆက်မှသည် လွတ်လပ်ရေးရပြီး ခေတ်နောက်ပိုင်းတိုင်အောင် စာကြည့်တိုက်သမိုင်းသည် အစဉ်လာကောင်းခဲ့ပါသည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်၍ သခင်ဘ၀ရောက်အောင် စာကြည့်တိုက်များသည် အလင်းရောင်ပေးခဲ့ပေသည်။ ထိုအလင်းရောင်သည် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူရည်တူဖြစ်အောင်လည်း ပေးစွမ်းနိုင်ပါသည်။ ထိုအလင်းရောင်မီးမှိန်ရခြင်း၊ အားနည်းရခြင်းသည် နိုင်ငံနိမ့်ကျရခြင်း အကြောင်းရင်းပေတည်း။ ထိုသို့ဖြစ်အောင် မည်သူတို့ဖန်တီးသနည်း။ ဘာကြောင့်ထိုသို့ဖန်တီးသနည်း။ စာကြည့်တိုက်သည် ပညာသိုက်ကြီးဖြစ်ပေသည်။ ပညာဟူသည် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းသည်။ ထိုးထွင်းကြံဆနိုင်သည်။ ပညာမျက်လုံး ဖောက်ထုတ်ခြင်းသည် ကိုယ်ပြောသမျှ အမှန်ဖြစ်နေစေလိုခြင်းပင်ဖြစ်သည်။

ဗုဒ္ဓအဆုံးအမအရ အရာရာကို ဝေဖန်ပိုင်းခြားနိုင်ခွင့် ရှိရမည်။ ပြည်သူတို့၏ ဆန္ဒကို အမှန်တိုင်းထုတ်ဖော်ခွင့်ရှိရမည်။ အမှား၊ အမှန်ကို ဝေဖန်နိုင်ခြင်းသည် ပညာအရာဖြစ်ပါသည်။ ယခုလို ပိတ်ဆို့နေသော ခေတ်ကြီး၌ အွန်လိုင်း ပညာသိုက်များ ဟိုဟိုဒီဒီမှ ထွက်ပေါ်လာခြင်းသည် ၀မ်းသာစရာပင်။ ရှိပြီးသော အွန်လိုင်းပညာသိုက်များ ဆက်လက်တည်တံ့နိုင်စေရန်နှင့် အသစ်သစ်သော ပညာသိုက်လေးများ ပေါ်ထွန်းလာစေကြောင်းလည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


မှီငြမ်း။ ။
ဆရာတိုက်စိုး၏ ပညာသိုက်။

ဆရာချစ်ဦးညို၏ ရာဇကုမာရ။


:) Thursday, November 29, 2007

သံဝေဂ ကဗျာ

သံဝေဂ ကဗျာ

ဘယ်စာအုပ်ထဲက ကူးထားမှန်း မသိတော့တဲ့ ကဗျာလေးပါ။ ဘယ်သူရေးထားတာ မှန်းလည်း မသိတော့ပါဘူး။ သဘောကျလို့ တင်ပေးလိုက်ပါတယ်။ ကူးထားတုန်းက ခေါင်းစဉ်မပါ၊ ပါဘူး။ ပို့စ်တင်မယ် ဆိုတော့ ခေါင်းစဉ်ကို ကိုယ့်ဟာကို စဉ်းစားပြီး ပေးလိုက်တာပါ။

၁၊ နုနယ် ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား၊ အိုမင်း နောက်ဆုံး ပါတကား။
၂၊ ဥစ္စာ ဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်း နောက်ဆုံး ပါတကား။
၃၊ ဇီဝိန်ထိန်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်း နောက်ဆုံး ပါတကား။
၎၊ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်း နောက်ဆုံးပါတကား။
၅၊ ချမ်းသာ သုခ၊ ပြည့်စုံကြလည်း၊ ဒုက္ခ နောက်ဆုံး ပါတကား။
၆၊ ပွဲလယ် ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချ နေက်ဆုံး ပါတကား။
၇၊ ခုံမင် ခယ၊ ပျော်ရွှင်ကြလည်း၊ သောက နောက်ဆုံး ပါတကား။
၈၊ ထောင်လွှား တတ်ကြွ၊ မောက်လွန်းကလည်း၊ လျောကျ နောက်ဆုံး ပါတကား။


:) Wednesday, November 28, 2007

သားငယ်လေးရဲ့ ပညာသင် အပြန်

သားငယ်လေးရဲ့ ပညာသင် အပြန်

အမေ...
ပညာသင် အခွင့်အရေး၊ တိုင်းပြည်က ပေးလို့မို့
ဟိုနိုင်ငံ ဒီရပ်ခြား၊ သားသွားရတော့မယ် အမေ။

တကယ့်ကို...
သားဆီက ၀မ်းသာပီတိ၊ အမေ့ဆီ ကူးမိပြီး
ပြုံးကြည့်နေတဲ့ အမေ့မျက်နှာ၊ တောက်ပခဲ့တာ သိသိသာသာပါပဲ။

ဒါပေမယ့်...
ခွဲရတော့မယ် တကယ်ဆိုတော့၊ အမေ့အသည်းက မခိုင်ရှာဘူး။
တရား မရှိတာ တော့မဟုတ်၊ သားဆိုတဲ့ အသိနဲ့မို့ပါ။

အမေကလည်းဗျာ...
မွေးလာတာ သေဖို့၊ တွေ့ဆုံတာ ခွဲဖို့ဆို။
အဲဒီလို နှလုံးသွင်းထားတဲ့ အမေ့တရား၊ ဘယ်ရောက်သွားပြီလဲ။

တကယ်တော့...
သားတို့ခွဲကြတာ၊ တစ်သက်စာမှ မဟုတ်ပဲ
၃ နှစ်ခွဲဆိုတဲ့ကာလ၊ များလှတယ် ဆိုသာလို့လား။

အဖေနဲ့ အမေ...
၃ နှစ်ခွဲ ပြီးစီးလို့၊ ဘွဲ့ကြီးလည်း ရခဲ့ပြီ။
ရင်ခွင်ဆီ သားပြန်လာဖို့က၊ ၇ ရက်ပဲလိုတော့တယ်။
အားတယ်ဆို လေယာဉ်ကွင်းက၊ ဆင်းကြိုကြပါလား။
အမေ့သား အရမ်းမတော်ပေမယ့်၊ ကံကနေ ပင့်ပေးတော့
တစ်ဆင့်မြင့် နောက်တစ်တန်း၊ တတ်လှမ်းဖို့ အခွင့်အရေးတွေလည်း
ရခဲ့သေးတယ်ဗျာ့။

သြော်ငါ့သား...
မင်းတော်တော် ပျော်နေလား။
လေယာဉ်ပေါ် မင်းတတ်မဲ့ရက်က၊ မင်းအဖေအတွက် တလပြည့်ကာလမို့
အမေလာကြိုဖို့ဆိုတာ၊ မဖြစ်နိုင်ပါဘူးသားရာ။
ပင့်သံဃာတွေ ဆွမ်းကျွေးဖို့က၊ အမေပဲ စီစဉ်ရမှာလေ။
ရင်ထဲကလာတဲ့ အမေ့စကား၊ နုတ်ဖျားမှာ ဆွံ့အသွားခဲ့တယ်။

သား...
သားလေးက တော်တာပဲ။
မင်းအဖေ နေမကောင်းလို့၊ အမေလာကြိုဖို့ တော့မဖြစ်နိုင်ဘူး။
အကိုတစ်ယောက်တော့၊ လာနိုင်မှာပါ။
ဘာမှအားမငယ်နဲ့နော်သား၊ မအားကြလို့ပါ။

အမေကလည်း...
အရေးကြီးတာ ကျန်းမာရေးပဲ။
မအားရင်လာမကြိုနဲ့၊ သားဟာသားလည်း လာတတ်ပါတယ်ဗျာ။
ရွာကျမှ အားလုံးနဲ့၊ ပျော်ပျော်ကြီးတွေ့မယ်နော်။

အခါနှောင်းခဲ့တဲ့ သားရဲ့လာခြင်း၊ အဖရင်းကိုတောင် မမြင်လိုက်ရ။
အုတ်ဂူကို ဦးချပြီး၊ မျက်ရည်မကျအောင်ထိန်းခဲ့ရတယ်။
သားမျက်ရည် တွင်တွင်ကျနေလည်း၊ အမေနဲ့ အမပဲ စိတ်ဆင်းရဲကြရဦးမှာလေ။
အဖအတွကတတ်နိုင်တာဆိုလည်း၊ ကုသိုလ်ပြုတာကလွဲလို့ ဘာမှမ မရှိတော့တာ။


:) Sunday, November 25, 2007

ကျွန်တော့်စိတ်ကူးထဲက ထောင်သားအခွင့်အရေး

ကျွန်တော့်စိတ်ကူးထဲက ထောင်သားအခွင့်အရေး

စာပေနဲ့ ယဉ်ကျေးမှု စတာတွေ မတူညီသော လူမျိုးတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံမှာ တိုင်းရင်းသား အခွင့်အရေးဆိုတာ တော်တော်လေး အရေးကြီးပါတယ်။ ကိုးကွယ်မှု ဘာသာတရားတွေ မတူညီသော လူမျိုးတွေ စာပေါင်းနေထိုင်တဲ့ တိုင်းပြည်မှာ ဆိုရင်လည်း ဘာသာရေး လွတ်လပ်ခွင့်က သိပ်ကိုအရေးပါနေမှာပါ။

ကျွန်တော်စဉ်းစားကြည့်တယ် အကြောင်းအမျိုးကြောင့် သွေးနှောပြီး "ဘာလူမျိုးတွေ ဖြစ်တယ်" ဆိုတာ ပြောနေစရာ မလိုတော့လောက်အောင် ပြည်သူတစ်ရပ်လုံးက တစ်သွေးတည်း တစ်သားတည်း ဖြစ်ခဲ့မယ်ဆိုရင်၊ တစ်ခုတည်းသော ဘာသာတရားကိုပဲ ပြည်သူတစ်ရပ်လုံးက တစ်ညီတစ်ညွတ်တည်း ကိုးကွယ်ယုံကြည်လာကြမယ် ဆိုရင် အထက်ကပြောခဲ့တဲ့

၁။ တိုင်းရင်းသား အခွင့်အရေးဆိုတာ ရယ်
၂။ ဘာသာရေး လွတ်လပ်ခွင့်ရယ်က
အရေးမကြီးတော့သလို ဖြစ်ချင်ဖြစ်သွားနိုင်တယ်။

ဒါပေမယ့် နိုင်ငံတော်ဆိုတဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေသမျှ၊ ၊ အစိုးရဆိုတဲ့ အုပ်ချုပ်သူတွေ ရှိနေသမျှ၊ အမှားတို့ကို ကျူးလွန်တတ်တဲ့ လူ့သဘာဝဆိုတာတွေလည်း ပြောက်မသွားသေးသမျှ ထောင်ဆိုတာတွေ လည်းရှိနေမှာပါပဲ။ ထောင်သားဆိုတာတွေကလည်း အခြေအနေ အမျိုးမျိုးပေါ် မူတည်ပြီး အနဲ၊ အများသာ ကွာခြားမယ် ရှိတော့ရှိနေမှာပါပဲ။ ဒီတော့ ကျွန်တော်စဉ်းစားမိတာက...
၃။ ထောင်သားအခွင့်အရေးဆိုတာ
အမြဲတမ်းအရေးပါနေမှာပါ။ ဒါကြောင့် တိကျခိုင်မာစွာ သတ်မှတ်ပေးထားဖို့ လိုအပ်နေမယ့် အချက်တွေလို့ထင်ပါတယ်။ ခတ်ကြောင်ကြောင် နိုင်မလားတော့မသိဘူး။ ကျွန်တော်ကတော့ အဲဒီထောင်သား အခွင့်အရေးဆိုတာ တွေကို ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံတော့ ဖွဲစည်းပုံ အခြေခံဥပဒေလို ခိုင်မာတဲ့ ဥပဒေ တစ်ရပ်ရပ်မှာကိုပဲ အတိအကျ ပြဌာန်းထားသင့်တယ်လို့ ထင်ပါတယ်။

ကျွန်တော်ကတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် စဉ်းစားထားတဲ့ထောင်သား အခွင့်အရေးတွေရှိတယ်။

၁။ ထောင်သားတွေဟာ ထောင်ကိုစရောက်တဲ့ နေ့မှာပဲ ထောင်စည်းကမ်းနဲ့ ထောင်သား အခွင့်အရေးဆိုတာတွေကို လေ့လာသိရှိခွင့်ရှိရမည်။
၂။ ထောင်သား အချင်းချင်းဖြစ်စေ၊ ထောင်ဝန်ထမ်းနှင့် ထောင်သားဖြစ်စေ ခိုက်ရန်ဖြစ်ပွားပါက တရားလိုထောင်သား အနေနှင့် အမှုဖွင့်တိုင်ကြား ပိုင်ခွင့်ရှိရမည်။

ကျန်းမာရေးအတွက် သင့်တော်သော
၃။ အစားအစာ၊ သောက်သုံးရေနှင့် ဆေးဝါး လုံလောက်စွာရရှိရမည်။
( ထောင်မှ ထောက်ပံ့မပေးနိုင်သော ဆေးဝါးမျိုးလိုအပ်နေပါက အဆိုပါထောင်သားကို ဆေးဝါး လက်ခံနိုင်ရန် လိုအပ်သော အထူးထောင်ဝင်စာ တွေ့ခွင့်ကို စီစဉ်ပေးရမည်။)
၎။ အ၀တ်အထည် ရရှိရမည်။
၅။ နေရာထိုင်ခင်းနှင့် အလင်းရောင် ရရှိရမည်။

အလုပ်ကြမ်းဒဏ်နှင့် ပူးတွဲကျခံရသော ထောင်သား များအတွက်
၆။ အလုပ် လုပ်ချိန်နှင့် အနားယူချိန်တို့မှာ အခြားသော အစိုးရ၀န်ထမ်းများနှင့် တန်းတူဖြစ်ရမည်။
၇။ လိုအပ်ချက်အရ အချိန်ပိုခိုင်းစေပါက အချိန်ပိုကြေး အဖြစ် တိကျစွာ သတ်မှတ်ထားသော ထောင်ဒဏ်လျှော့ရက်ကို ခံစားပိုင်ခွင့် ရှိရမည်။
၈။ လုပ်ငန်းခွင် အနေအထားသည် ကျန်းမာရေးနှင့်၊ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါက လိုအပ်သော အကာအကွယ်ပစ္စည်း မျိုးစုံကို ထောင်မှ အလုပ်ရှင်အဖြစ်ဖြင့် တာဝန်ယူဖြည့်ဆည်းပေးရမည်။
၉။ ကျန်းမာရေးမကောင်းသော ထောင်သားသည် ဆရာဝန်ထောက်ခံချက် ရှိလျှင် အခြားသော အစိုရ၀န်ထမ်းများနည်းတူ ဆေးခွင့်ရယူ ပိုင်ခွင့်ရှိရမည်။
၁၀။ လုပ်ငန်းခွင်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်စဉ် အသက်သေဆုံးခဲ့လျှင် နိုင်ငံတော် အသက်လျှော်ကြေး စားရိတ်ကို ကျန်ရစ်သူ မိသားစုမှ ထုတ်ယူခွင့်ရှိရမည်။

၁၁။ မှုခင်းကျဆင်းရေး ကိုကောင်းစွာ ထောက်ပံ့ပေးနိုင်သည့် ပညာရပ်များဖြစ်သော တည်ဆဲဥပဒေ၊ ဥပဒေပညာ၊ အတွေးအခေါ်ပညာ၊ သမိုင်း၊ နှင့် ဘာသာတရားအသီးသီး၏ အဆုံးအမများကို လွတ်လပ်စွာ လေ့လာခွင့်ရှိရမည်။

၁၂။ နှစ်ရှည်ထောင်ဒဏ် ခံစားရပြီး ထောင်တွင်း၌ နေသားကျနေသောကြောင့် လွတ်ရက်စေ့သော်လည်း ဆက်လက်နေထိုင်လိုသူ ထောင်သားများအတွက် ဆက်လက်နေထိုင်ပိုင်ခွင့်ကို စီစဉ်ပေးရမည်။
၁၃။ ထောင်သားတစ်ဦးသည် ထောင်တွင်း၌ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ သေဆုံးခဲ့လျှင် ကျန်ရစ်သူမိသားစုမှ အလောင်းကို လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့်ရှိရမည်။
၁၄။ အထက်ပါ လူသေမှုတွင် တာဝန်ရှိသည်ဟု ယူဆရသူကို ကျန်ရစ်သူ မိသားစုမှ တရားစွဲဆိုပိုင်ခွင့်ရှိရမည်။
၁၅။ အထက်ပါလူသေမှုမှာ ရိုးသားသော လူသေမှုဖြစ်နေလျှင် တရားဝင် ရှင်လင်းကြေငြာချက်တစ်ရပ်ကို ထောင်တာဝန်ရှိသူတို့က အတိအကျ သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ထုတ်ပြန်ကြေငြာပေးရမည်။

(ကျွန်တော်ကတော့ စိတ်ကူးထဲရှိတာတွေ ချရေးလိုက်ပြီ။ မတော်မတရား တောင်းဆိုထားတယ်လို့ ယူဆရတဲ့ အချက်တွေ ပါနေရင် ဆွေးနွေးပေးကြပါဦး။ Prison Break ရုပ်ရှင်ကြည့်ပြီး တွေးမိတာတွေ ချရေးတာ ဒါနဲ့ဆို ၂ ခုရှိသွားဘီ။ ပထမတစ်ခုက ကျွန်တော်နားလည်ထားတဲ့ ထောင်ဆိုတာ ဖြစ်ပါတယ်။ အားရင်ဖတ်ကြည့်ကြပါဦး။)


:) Wednesday, November 21, 2007

သာသနာ ကွယ်ကြောင်း တရားအပေါင်း

သာသနာ ကွယ်ကြောင်း တရားအပေါင်း

ခုတစ်လော သဲကုန်း ဆရာတော်ဘုရားကြီးတရားတော်တွေက ဘလော့ဂ်လောကမှာ ခေတ်စားနေတယ်။ ကျွန်တော်လည်း ဆရာတော်ကြီး တရားတွေ နာဖြစ်ပါတယ်။ အဲဒီနာတရားတွေ ထဲကမှ သာသနာကွယ်ကြောင်းတရား တရားအပေါင်း ဆိုတဲ့အထဲက ကဗျာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ သာသနာ ကွယ်ကြောင်းတရားတွေကို ဘုရားရှင်က ၅ ခုစီ ၃ ပိုင်းခွဲပြီးတော့ ဟောကြားထားပါတယ်။ စုစာပေါင်း ၁၅ ချက်ဖြစ်ပါတယ်။

တရားမနာ
စာပေမသင်
နုတ်တွင်မဆောင်
သိအောင်မပြု
ဓမ္မာနု ဓမ္မပဋိပတ်ခွာ
ဤငါးဖြာသည် ဘုရားသာသနာ ကွယ်ကြောင်းတည်း။

စာသင်ပယ်လျော
ကျယ်မဟောကြား
ကျယ်မချနှင့်
ကျယ်စွာ့မအံ
မကြံမစည်
ဤငါးမည်သည် ဘုရားသာသနာ ကွယ်ကြောင်းတည်း။

အက္ခရာ ပုဒ်ပျက် လေ့ကျက်သင်ချ
ဒုဗ္ဗစမူ
စာချသူရှား
လာဘ်များအောင်ဖန်
ခိုက်ရန်ကွဲပြား
ဤငါးပါးသည် ဘုရားသာသနာ ကွယ်ကြောင်းတည်း။

ဒုဗ္ဗစ ဆိုတာကတော့ သွင်သင်ဆုံးရ မလွယ်ကူတာကို ဆိုလိုတာပါ။


:) Tuesday, November 20, 2007

ဦးဝင်းဦး၏ မှုံရွှေရည်

ဦးဝင်းဦး၏ မှုံရွှေရည်

ပန်းအလှ မှုံရွှေရည်
ဖန်ဆင်းလို့ ထားခဲ့သည်။
သူ့အနုပညာ သူ့ကမ္ဘာ
ထွန်းတောက်လို့ လင်းခဲ့သည်။
စာတတ်ပေတတ် အတွေးကလည်း
ညက်သမို့ သူလျှောက်သည့်လမ်း
သမိုင်းမှတ်တမ်းတွေ ဖြစ်ခဲ့သည်။
လူသာသေ နာမည်မသေ
အနုပညာဝန်တာ ကျေခဲ့သည်။
သူ့စိုက်သည့်ပန်း ခေတ်တွေဖြတ်သန်း
ယနေ့ထက်တိုင် မွှေးပျံ့သည်။


:) Sunday, November 18, 2007

ကျွန်တော်နားလည်ထားတဲ့ ထောင်ဆိုတာ

ကျွန်တော်နားလည်ထားတဲ့ ထောင်ဆိုတာ

အခုတလော Prison Break ရုပ်ရှင်ကြည့်ဖြစ်တယ်။ တစ်ခြား ထောင်ဇာတ်ကားတွေလည်း ၂ ခုလောက်တော့ ကြည့်ဖူးတယ်။ အဲဒါတွေ ကြည့်ပြီး ဒီပို့စ်ကို ရေးဖြစ်သွားတာပါ။ ထောင်ဆိုတာ အစိုးရအဖွဲ့ ၀န်ထမ်းတွေ ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖေါက်ရာ နေရာကြီးလို မြင်လာတယ်။ အမေရိကန်လို လူ့အခွင့်အရေး အကြောင်းကို သိပ်ပြီးတော့ ဦးစားပေး ပြောလေ့ရှိတဲ့ အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမှာတောင် ထောင်တွေက အဲလိုကြီးတွေဆိုတော့ လူ့အခွင့်အရေး သိပ်နိမ့်ကျနေတဲ့ နိုင်ငံတွေက ထောင်တွေ ဆိုရင်တော့ ဘယ်လိုများနေမလဲ။

မြန်မာနိုင်ငံက ထောင်တွေအကြောင်း ရေးထားတဲ့ စာတွေတော့ များများမဖတ်းဖူးဘူး။ လူထုဦးလှ ရေးတဲ့ တစ်အုပ်၊ နောက်ထပ်တစ်အုပ် (ဘယ်သူရေးတာလဲ မမှတ်မိတော့ဘူး။) ဒါပဲဖတ်ဖူးတယ်။ အဲဒီစာအုပ်တွေထဲမှာလည်း ထောင်သား အချင်းချင်း အနိုင်ကျင့်တာတွေ၊ ထောင်ဝန်ထမ်းတွေက အခွင့်အရေး အမျိုးမျိုး ချိုးဖေါက်တာတွေ ပါတယ်။ ၂ အုပ်လုံးက အရင်ခေတ်တွေက မြန်မာထောင်တွေ အကြောင်းရေးပြထားတာပါ။ အခုခေတ် ထောင်တွေ အကြောင်းမဟုတ်ပါဘူး။ အခုခေတ် မြန်မာနိုင်ငံက ထောင်တွေ အကြောင်းကတော့ စာအုပ်မဖတ်ဖူးပေမယ့် ဘလော့ဂ်တွေက စာတွေ ဖတ်ဖူးပါတယ်။

ကျွန်တော့ အမြင်ပြောရရင် .....
လူတစ်ယောက်က မကောင်းတာ တစ်ခုခုလုပ်လိုက်လို့ သူ့ကို ထောင်ချထားသင့်တယ်ဆိုတာ အစိုးရတစ်ရပ် လက်အောက်က တရားစီရင်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပါ။ မကောင်းတာ လုပ်တတ်တဲ့ လူတစ်ယောက်ကြောင့် တခြားလူတွေရဲ့ ဘ၀လုံခြုံရေးနဲ့ လွတ်လပ်ရေးကို မထိခိုက်ရအောင်လို့ သူ့ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်ရတာပါ။ အဲဒီလို ပိတ်ပင်လိုက်ရတဲ့ အတွက်ကြောင့် သူ့ရဲ့ ကိုယ်ကျန်းမရေး၊ စိတ်ကျန်းမာရေး ထိခိုက်မသွားစေသင့်ပါဘူး။ စားဝတ်နေရေး အခက်အခဲ မဖြစ်စေသင့်ပါဘူး။ ဘယ်လို အပြစ်မျိုးပဲ ပြုခဲ့ပြုခဲ့သူဟာ လူတစ်ယောက်ဖြစ်နေလို့ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံစွာ နေလို့ဖြစ်နိုင်တဲ့ အခွင့်အရေးရှိသင့်ပါတယ်။ ဂုဏ်သိက္ခာရှိစွာ နေခြင်း၊မနေခြင်းကတော့ တစ်ဦးချင်းရဲ့ သဘောနဲ့ပဲ ဆိုင်ပါတယ်။

လူတစ်ယောက်ကို ထောင်ထဲမှာ နေသင့်တယ်လို့ အမိန့်ချမှတ်လိုက်တဲ့၊ ဆုံးဖြတ်လိုက်တဲ့ အစိုးရအဖွဲ့တွေဟာ အဲဒီ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမယ့် (အဲဒီလူအပေါ်ကို ကျရောက်လာနိုင်တဲ့) ဆိုးကျိုးအမျိုးမျိုးတို့ကို တာဝန်ယူ၊ ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေသင့်ပါတယ်။

လူတစ်ယောက်ဟာ မကောင်းမှုတစ်ခု ကိုကျူးလွန်တယ်၊ အစိုးရက သတ်မှတ်ထားတဲ့ တရားဥပဒေနဲ့ မကင်းတဲ့ အမှုကို ပြုမိတယ်ဆိုတာ အကြောင်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။
၁။ အန္တရယ် တစ်ခုခုကိုကြောက်နေရလို့လား၊
၂။ လောဘစိတ်ကြောင့်လား၊
၃။ ဒေါသ စိတ်ကြောင့်လား၊
၎။ ကိုယ်ပြုတဲ့အမှု ကိစ္စဟာ တရားဥပဒေနဲ့ ညီ၊မညီ ဆိုတာကိုပဲ မသိလို့လား
စသဖြင့် အကြောင်းရင်းတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဘယ်အကြောင်းကြောင့်ပဲ ပြုပြု ကာယကံရှင်မှာတာ ၀န်ရှိနေတာတော့ သေချာပါတယ်။ အဲဒီလေးချက်ထဲမှာပဲ ကျွန်တော်စဉ်းစား ကြည့်တာတော့ အစိုးရကိုယ်တိုင်မှာ တာဝန်မကင်းတဲ့ အကြောင်းတွေလည်း ရှိနေသလိုပါပဲ။ ဥပမာ နံပါတ် ၁ အချက်ကြောင့် လူတစ်ယောက်က မကောင်းမှု ကိုပြုတယ်ဆိုပါစို့ သူ့ဘ၀ကို လက်ရှိအစိုးရက လုံလောက်တဲ့ အကာအကွယ် မပေးနိုင်လို့ ဆိုတဲ့ သဘောနဲနဲပါနေပါတယ်။ ဥပမာ နံပါတ် ၄ အချက်ကြောင့် ပြုမိတယ်ဆိုရင်ရော အစိုးရအဖွဲ့အနေနဲ့ မိမိပြဌာန်း ထားတဲ့ဥပဒေကို သက်ဆိုင်သူတွေ အားလုံး သိအောင် မပြန်ကြားထားလို့၊ သက်ဆိုင်သူတွေ အားလုံးနားလည်သဘောပေါက်အောင် ရှင်းပြမထားလို့ ဆိုတာက ရှုင်းနေပါတယ်။

အစိုးရတွေ အနေနဲ့က ပြည်သူတွေထဲက လူမိုက်တွေ ကိုအပြစ်ဒဏ်ပေးဖို့ လိုသလို၊ မိမိတို့ အဖွဲ့ရဲ့ အားနည်းချက်တွေရှိရင်လည်း ရဲရဲဝံ့ဝံ့ ၀န်ခံပြီးလိုအပ်သလို ပြုပြင်သွားဖို့လိုမယ်ထင်ပါတယ်။

အဲဒါကြောင့် ထောင်ဆိုတာ ကျွန်တော် နားလည်သလိုပြောရရင်...
မကောင်းမှု ပြုသူတို့အတွက်နေရာ ( တခြားလူတွေ ရဲ့ဘ၀ လုံခြုံရေးအတွက် သီးခြားခွဲထားတဲ့ သဘော။)၊
တိကျစွာ သတ်မှတ်ထားတဲ့ ထောင်သား အခွင့်အရေး၊ ထောင်သား စည်းကမ်းတွေအပြင် လက်ရှိနိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေနဲ့ လူတစ်ယောက်ရဲ့ လုံခြုံရေးကို ကောင်းစွာအာမခံ နိုင်တဲ့နေရာ၊
တစ်ကြိမ်တစ်ခါ ပြုမိတဲ့ မကောင်းမှုအတွက်ကောင်းစွာ နောင်တရလောက်အောင်၊ ဘယ်သူ့အပေါ်မှာမှ အငြိုးအတေးတွေ မဖြစ်စေအောင်၊ တရားသဖြင့် ကိုယ်ပြုတဲ့ အမှုကို ကိုခံရတာ ဖြစ်တယ်ဆိုတာ သဘောပေါက်လောက်အောင် သင်ကြားပေးနိုင်တဲ့ နေရာ၊
(အနိမ့်ဆုံးအဆင့်) အလားတူ အမှုမျိုး နောက်မပြုရဲလောက်အောင် ဆုံးမပေးလိုက်တဲ့ နေရာ ဖြစ်သင့်ပါတယ်။


:) Saturday, November 17, 2007

ကျွန်တော်ချစ်သော အငြိမ့်သဘင်

ကျွန်တော်ချစ်သော အငြိမ့်သဘင်

အငြိမ့်သဘင်နှင့်ပတ်သက်ပြီး ကျွန်တော်ရေးချင်နေမိတာကြာပါပြီ။ တကယ်တမ်း ရေးမယ်လုပ်တော့ လက်ကမရဲလှပါ။ မြန်မာ့အစဉ်လာကြီးမားခဲ့သော အငြိမ့်သဘင်ကို အသိလေး မတောက်တခေါက်နဲ့ ထင်ရာဝင်ပြောတဲ့ အထင်မျိုးလည်း မခံချင်ပါ။ ယနေ့ အငြိမ့်တွေ ကြည့်ရသည်မှာ ကိုယ့်ခါးကိုယ် ကလိထိုးနေတာကမှ ပိုရယ်ရတယ်လို့ ပြောရမလိုပါပဲ။ ပျက်လုံးများက ရိုးအီထပ်နေကြသည်။ ဒီကြားထဲ ရုပ်ရှင်မင်းသမီးတွေကို အငြိမ့်ခေါ် ကခိုင်းတော့ ဗျိုင်းပျံနေသလို အကြည့်ရဆိုးလှပါတယ်။ စီစဉ်သူတွေ ညံ့တာလား၊ ဖြေဖျော်သူတွေ ညံ့တာလား။ တစ်ယောက်ယောက် မှာတော့ အပြစ်ရှိတာ အမှန်။ ခေတ်ကာလ ပြောင်းလဲလာမှုအောက်မှာ အနုပညာသည် စီးပွားရေးဆန်လာသည်။ အနုပညာ အပေါ်သစ္စာပြယ်လာကြသည်။ ထိုအတူ မြန်မာ့ယဉ်ကျေးမှုတို့သည်လည်း မှေးမှိန်လာရသည်။ အထူးသဖြင့် အငြိမ့်သဘင်သည် စီးပွားရေးသမားတို့၏ လက်ချက်ဖြင့် ခနော်နီခနော်နဲ့ ဖြစ်လာသည်။ ပြိုတော့မည့် အိမ်အိုကြီးလိုပင်။ ပြုပြင်မည့်သူမရှိ၊ ကြားကန်မည့်သူမရှိ။ ဖြစ်သလို လုပ်လာကြသည်။ ဇာတ်ခုံ အပြင်အဆင်၊ ၀တ်စားဆင်ယဉ်မှု၊ ဆိုင်း၊ တီးလုံးတီးကွက်၊ အငြိမ့်သီချင်း၊ ကချိုးကကွက်၊ ပျက်လုံး၊ ပျက်လုံးအချိတ်အဆက်၊ စင်ပေါ် စင်အောက် နားလည်မှု စသဖြင့် အားလုံးပြင်ဆင်ပြီးမှ ပရိတ်သတ်ထံ ချပြသင့်သည်။ ပြီးရင်ပြီးရော လုပ်လိုက်ချင်းသည် ပရိတ်သတ်အပေါ် စော်ကားခြင်းပင်။ အနုပညာရှင် စစ်စစ်တို့သည် ထိုသို့ဘယ်သောအခါမှ မလုပ်လိုကြပါ။ မဖြစ်မနေ လုပ်ရပါကလည်း ပရိတ်သတ်ကို ကြိုတင်တောင်းပန်တတ်ကြသည်။

ကျွန်တော်တို့ ငယ်စဉ်က အငြိမ့် ပျက်လုံးများကို မြန်မာ့အသံ ဟာဒယရွှင်ဆေး အခန်းမှ စောင့်နားထောင်တတ်သည်။ လူရွှင်တော်ကြီးများကို မမြင်ရ။ သို့ပေသည့် သူတို့၏ပျက်လုံးများသည် ကြားရသူစိတ်ကို ပြုံးပျော်စေကြသည်။ ကျွန်တော်မှတ်မိသမျှဆိုလျှင် လူရွှင်တော်ကြီးများဖြစ်သော ဓာတ်ဆီ ဓာတ်ဆန်၊ ဆိုနီ မိုးကျော်၊ အသံတု ကြယ်တစ်လုံး၊ ဦးမန်းကျော်နှင့်အဖွဲ့ တို့ဖြစ်သည်။ နားလည်စ အရွယ်တွင် အငြိမ့်ကို စတင်ကြည့်ခွင့်ရသည်။ တစ်ခိုင်လုံးရွှေ အေးအေးမြင့် အငြိမ့်ဖြစ်သည်။ ထိုစဉ်က လူရွှင်တော်များမှာ လေးမောင်၊ စွတ်ပရား၊ မေတ္တာ၊ ချစ်စရာတို့ကို မှတ်မိနေသေးသည်။ ကျန်သူတို့ကို တော့ မမှတ်မိတော့ပါ။ လူရွှင်တော်နှင့် မင်းသမီး အချိတ်အဆက်၊ ဆိုင်းနှင့် အချိတ်အဆက် တို့ ထိထိမိမိ ဖြေဖျော်ခဲ့ကြသည်။ နောက်ပိုင်း ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ဂေါ်ဇီလာ၊ ပိုးဖြူ တို့ အငြိမ့်သည် ခေတ်အရိပ်ကို ထင်ဟပ်တဲ့ ပျက်လုံးပျက်ကွက်များနဲ့ အငြိမ့်ဇာတ်ခုံပေါ် ရောက်ရှိခဲ့ကြပါသည်။ ကလေးဘာဝ လူရွှင်တော်တွေရဲ့ ပျက်လုံးများကိုသာ စိတ်ဝင်စားခဲ့ပါသည်။ မင်းသမီးများ အကကောင်းသည်၊ ဆိုးသည်ကို မကြည့်တတ်ခဲ့ပါ။ မြ၀တီ အငြိမ့် ပြိုင်ပွဲကြီး ကျင်းပသောအခါတွင်မှ မြန်မာ့ အငြိမ့်သဘင်ဆိုတာ ဒီလိုပါလားဟု သိခွင့်ရလာသည်။ အနယ်နယ် အရပ်ရပ်မှ ထွက်လာကြတဲ့ ပညာရှင်တွေကို ကြည့်ရင်း ၀မ်းသာပီတိလည်းဖြစ်ရပါသည်။ ထိုပညာရှင်များမှ အရင်ရင် ရှိနှင့်ခဲ့သော အငြိမ့်မိခင်ကြီးများနှင့်၊ အငြိမ့်သဘင်ဆိုသည်ကို ရှင်းရှင်းကြီး သိခွင့်၊ ကြုံခွင့်ရခဲ့ပါသည်။ အသက်ကြီးရင့်လှသော်လည်း ပညာကျန်သေးသည့် ပညာရှင်ကြီးများ၏ ကကွက်များသည် ရင်သက်ရှုမောလောက်ပါသည်။ လူက ကတော့ အရုပ်လို၊ အရုပ်က ကတော့ လူလို ဆိုတဲ့ အတိုင်း ရုပ်သေးကကွက်များသည် အံ့သြဘနန်း ချီးမွမ်းဖွယ်ရာပင်။ ကညာဆို ပျိုမှ၊ သမားဆို အိုမှ ဆိုသော စကားသည် အလွန်တရာ မှန်ကန်လှပေသည်။ ကြီးရင့်သော ပညာရှင်များကို ပစ်ပယ်ထားခြင်းသည် နိုင်ငံအတွက် အလွန်တရာ ဆုံးရှုံးလေခြင်းဟု လည်းတွေးမိပါသည်။ ယခုအခါ မြ၀တီ အငြိမ့်စင်ကြီးလည်း မရှိတော့။ ပညာရှင်များလည်း တိမ်မြုပ်ပျောက်ကွယ်ကြရပြီ။ တွေးမိတိုင်းရင်နာစရာ။ အငြိမ့်စင်ကြီးကို ထူမတ်သူ မရှိရင်ဖြင့် ယိုင်လဲလို့ သွားရမှာ တွေးမိသည်။ ကမ္ဘာအလယ် ၀င့်ထည်ခဲ့တဲ့ အငြိမ့်သဘင်ကြီး မပြိုလဲစေချင်ပါ။ ပရိတ်သတ်အပေါ် စော်ကားသော ပြီးစလွယ်အလုပ်မျိုးနှင့် သဘင်မညှိုးစေချင်ပါ။ အစစ်အမှန်ကတတ်သော အငြိမ့်မင်းသမီးလေးများ နေရာရစေချင်ပါသည်။ ပျက်လုံးလေးများလည်း ဆန်းသစ်စေချင်ပါသည်။ ဇာတ်ခုံအပြင်အဆင်လည်း မြင်ရုံနှင့် ကျက်သရေ ရှိစေချင်ပါသည်။ သီချင်းများလည်း မင်းသမီးများကိုယ်တိုင် ဆိုစေချင်ပါသည်။ ကျွန်တော်သည် မြန်မာ့ အငြိမ့်သဘင်ကြီးကို အဒွန့်ရှည်တည်တံ့စေချင်ပါသည်။ အစဉ်လာကောင်းသော အငြိမ့်သဘင်ကြီး ထာဝရတည်တံ့ပါစေလို့လည်း ဆုတောင်းလိုက်ရပါတော့သည်။


:) Friday, November 16, 2007

ဘ၀အပေါ် သက်ရောက်မှုအရှိဆုံး စာအုပ်တစ်အုပ်

ဘ၀အပေါ် သက်ရောက်မှုအရှိဆုံး စာအုပ်တစ်အုပ်

ကိုညိမ်းညိုက တတ်လုပ်ထားလို့ ရေးလိုက်ရတာပါ။ ပို့စ်ခေါင်းစဉ်ကိုလည်း သူတတ်ထားတဲ့ အတိုင်းပဲ ပေးထားပါတယ်။ကယ်တော့ ခေါ်င်းစဉ်နဲ့ စာသားနဲ့ကကိုက်ညီမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က တော်တော်လေးကို စာဖတ်အားနည်းတာကြောင့် ဘယ်စာအုပ်က ကျွန်တော့ ဘ၀အပေါ်မှာ သက်ရောက်မှုအရှိဆုံးလဲလို့ စဉ်းစားတော့ လည်းမပေါ်ပါဘူး။ ဘာပဲဖြစ်ဖြစ် တောင်းဆိုတဲ့သူက ရှိလာတော့ လည်းတတ်နိုင်သလောက်တော့ ကြိုးစားပြီး ရေးလိုက်ပါတယ်။ "ဘာစာတွေ ဖတ်ပြီး ဒီလိုပို့စ်တွေ ရေးတတ်တာလည်း ဗျာ။" လို့ စိတ်ဝင်တစား မေးရလောက်အောင် ကျွန်တော့်ပို့စ် တွေ မပြောင်မြောက်တာတော့ သေချာပါတယ်။ ပို့စ်မတင်တာ ကြာလို့ တတ်လိုက်တာ ဖြစ်မယ်ထင်ပါတယ်။ (မလုံမလဲ ဖြစ်နေလို့။) ဘာပဲဖြစ်ဖြစ် ကိုညိမ်းညိုကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ မိဘတွေကတောရွာကပါ။ တောင်သူတွေ ဖြစ်ပါတယ်။ အဆင့်မြင့်ခေတ်ပညာ ဆိုတာတွေ ဝေးလို့ အတန်းပညာ ဆိုရင် မူလတန်းအဆင့်ကို မပြီးဆုံးကြသူတွေပါ။ မြန်မာစာကို ဖတ်တတ်ရေးတတ်၊ သင်္ချာကို အရောင်းအ၀ယ် လုပ်နိုင်လောက်ရုံတော့ တတ်ကြပါတယ်။ စာဖတ်တာကို သိပ်ပြီးအားမပေးခဲ့ကြပါဘူး။ ငယ်ငယ်ကဆိုရင် ၀တ္ထု၊ ကာတွန်းလုံးဝ ဖတ်ခွင့်မရှိခဲ့ပါဘူး။ မြတ်မင်္ဂလာ၊ တို့လို ရတနာမွန်တို့လို ဘာသာရေး စာစောင်လေးတွေ တော့ဖတ်ရပါတယ်။

ငယ်ငယ်လေးက အဖတ်များတာကတော့ တရားစာအုပ်တွေပါပဲ။ စိတ်ဝင်စားလို့ ဖတ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဘိုးတို့၊ အဖွားတို့ နဲ့ အတူနေရတော့ သူတို့ကို ဖတ်ပြရတာပါ။ မိုးကုတ်တရားတွေ ဖတ်ပြရပါတယ်။ နောက်တော့ ဆရာကြည်ရဲ့ စာအုပ်တွေလည်း ဖတ်ပြရတတ်ပါတယ်။ တခြားဆရာတော်ကြီးတွေရဲ့ စာအုပ်တွေလည်း ဖတ်ပြခဲ့ဖူးပါတယ်။ စာဖတ်အားနည်းပေမယ့် တရားတော့ တော်တော်လေး နာခဲ့ပါတယ်။ ကြာနီကန်၊ သီတဂူ၊ မိုးကုတ်၊ ပခုက္ကူနဲ့ ဆင်ဖြူကျွန်းက မိုးကုတ်ဓမ္မကထိက ဆရာတော်တွေ စသဖြင့် အစုံပဲ နာဖြစ်ပါတယ်။ အဲဒီစာအုပ်တွေ၊ တရားခွေတွေက အကြာင်းအကျိုးဆက်စပ်ပုံတွေကို ဆွေးနွေးပြကြတာ များပါတယ်။ အဲဒီစာအုပ်တွေက ကျွန်တော့်ဘ၀ကို သက်ရောက်မှုတွေ ရှိနေကြတယ်လို့ ပြောရင်ရမလားတော့မသိပါ။ အကြောင်းအကျိုး ညီညွတ်လား၊ မညီညွတ်လား ဆိုတာတွေကို စဉ်းစားရတာ၊ တရားလား မတရားလား စဉ်းစားရတာ၊ တော်တော်လေး ၀ါသနာပါ ပါတယ်။

ကျွန်တော့ အပေါ်ကို အများကြီး အကျိုးသက်ရောက်စေတဲ့ အကြောင်းတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ မိဘ၊ ညီအကို မောင်နှမတွေ၊ ဦးလေးတွေနဲ့ အမြဲလိုလို လုပ်ဖြစ်ခဲ့တဲ့ စကားဝိုင်းလေးတွေပါပဲ။ ကျွန်တော် အဖေနဲ့ ဦးလေးတွေက ကျွန်တော့်အထင်ပြောရရင် တော်တော်လေး စကားပြောကောင်းကြပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ သူတို့ပြောချင်တာကို သဘောပေါက်အောင်ပြောတတ်ပါတယ်။ သူတို့နဲ့ စကားပြောရင် သတိထားဖို့ လိုပါတယ်။ စိတ်ဝင်တစား အားလုံး ၀ိုင်းပြီးဆွေးနွေး နေကြတဲ့ ကိစ္စတွေမှာ ပိုပြီး အရေးကြီးပါတယ်။ သူတို့နဲ့ စကားပြောလို့ အမှားပါသွားရင် သူတို့က အဲဒီစကားလုံးကို ထိထိမိမိ ကောက်ယူတတ်ကြပါတယ်။ နောက်ဆုံးတော့ "မှားပါတယ်" လို့ဝန်ခံရတဲ့ အနေအထားထိရောက်အောင် ချည်တတ် တုတ်တတ်ပါတယ်။

အဲဒီကနေရလိုက်တဲ့ အကျင့်တွေ လို့ပြောရမယ်ထင်တယ်။ စကားပြောရင် အမှားမပါအောင် သတိထားတတ်ပါတယ်။ တစ်ယောက်ယောက်က မှားတယ်လို့ ဆိုလာရင်လည်း အကြောင်းအကျိုးညီညွက်ရင် ပြုပြင်ဖို့ ၀န်မလေးတတ်ပါဘူး။ လူများအမှားဆိုလည်း အလွန်ထောက်ပြချင်ပါတယ်။ စကားလုံး တစ်လုံးကိုပြောလိုက်ရင် အဓိပ္ပာယ် သတ်မှတ်ချက်တိတိကျကျထုတ်ပြပြီးရှင်းတာမျိုးတွေ၊ အချက်အလက်တွေ ထုတ်ပြပြီး စဉ်းစားခိုင်းတာမျိုးတွေကို တော်တော်လေး သဘောကျပါတယ်။ ကျွန်တော်လည်း စကားတစ်လုံးကို သုံးတဲ့ အခါ လိုအပ်ရင် ကိုယ်နားလည်းလက်ခံထားတဲ့ အဓိပ္ပာယ်တွေကို သေချာထည့်ပြောရမှ ကျေနပ်ပါတယ်။

ကျွန်တော့်အကြောင်းတွေ ပြောတာလည်း တော်တော်များသွားပြီ။ ဘာတွေ ဖတ်ဖူးလည်း ပြန်စဉ်းစားရင် သိပ်တော့ များများမရှိဘူးဗျ။

နဲနဲကြီးလားတော့ မိလိန္ဒရဲ့ အမေးပုစ္ဆာ၊ ကျောက်ကွန်းအရေးတော်ပုံ၊ ဗုဒ္ဓ၀ါဒ ပြဿနာများ စတဲ့ ဘာသာရေး စာအုပ်တွေပဲများတယ်။ အားလုံးစိတ်ဝင်စားဖို့ တော့ကောင်းပါတယ်။ ဦးအောင်သင်း၊ ဖေမြင်၊့ ချစ်စံဝင်း၊ နန္ဒာသိန်းဇံ တို့လိုဆရာကြီးတွေ ရဲ့စာအုပ်တွေကိုလည်း အများကြီးမဟုတ်ပေမယ့် တစ်အုပ်စ နှစ်အုပ်စတော့ ဖတ်ဖူးတယ်။ ရွာကလူငယ်တွေ စုပေါင်းဖွင့်ထားတဲ့ စာကြည့်တိုက်လေး ကျေးဇူးကြောင့်ပါ။ မှတ်မှတ်ရရဖြစ်နေတာကတော့ ဖေမြင့်ရဲ့ မဟာဂရုဏာရှင်များ စာအုပ်ပဲ။ လူကတာ အသုံးမကျတာ အများအကျိုးလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဆိုရင်အရမ်းလေးစားတယ်၊ အားကျတယ်၊ သူတို့အကြောင်းပြောပြသူရှိရင် နားမညောင်းဘူး၊ နားထောင်သူရှိလို့ သိသမျှပြောပြရမယ်ဆိုရင်လည်း အအိပ်မေ့ အစားမေ့ပါပဲ။

အတ္ထုပ္ပတ္တိတွေကို ဖတ်ရတာ အရမ်းသဘောကျတယ်။ ဦးနု၊ ဦးသန့်နဲ့ ဗိုလ်ချုပ် တို့အကြောင်းစာအုပ်တွေဆိုရင် အကြိမ်ကြိမ်ပြန်ဖတ်တယ်။ သခင်ကိုယ်တော်မှိုင်း လည်းပါတယ်။ လမ်းကြုံလို့ ပြောရဦးမယ်။ ကျွန်တော်က အတ္ထုပ္ပတ္တိတွေကို ဖတ်ရတာ အရမ်းသဘောကျတော့ တစ်ခါ က ဆရာပါရဂူရေးတဲ့ ဂျလာရမ် ဗာဗာ ဆိုတဲ့ စာအုပ်ကြော်ငြာတွေ့တော့ အိန္ဒိယနိုင်ငံက ပရဟိတသမားတစ်ယောက် အကြောင်းရေးထားတာ နေမှာပဲ ဆိုပြီး ၀ယ်ဖတ်မိပါတယ်။ ရှက်လို့ စာအုပ်ကိုလူမြင်မခံရဲဘူး။ ကြိုးစားပမ်းစား ၀ယ်ထားတာဆိုတော့ ပစ်လည်း မပစ်ချင်ဘူး။ သူက ကိုးကွယ်ယုံကြည်မှု တစ်ခုဖြစ်နေတာကိုး ကျွန်တော် နားလည်လက်ခံထားတဲ့ ပုံစံနဲ့ကလည်း ဆန့်ကျင်နေတော့ ဘယ်လိုမှ ခံစားနားလည် ပေးလို့မရဘူးဖြစ်သွားတာပေါ့။ ကြိုက်တဲ့သူတော့ ကြိုက်မှာပါ။

စာကြည့်တိုက်လေး ကျေးဇူးနဲ့ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များရယ်၊ ဦးနုရေးတဲ့ မိတ္တဗလ ဋီကာကျမ်းရယ် ကျွန်တော့လက်ထဲကိုရောက်လာဖူးတယ်။ မရှက်တန်းဝန်ခံရရင် စာအုပ်ကြီးတွေထူလို့ ပျင်းတာနဲ့ ပြီးအောင်မဖတ်လိုက်ဖူး။ နဲနဲပဲဖတ်ကြည့်လိုက်တယ်။

ဝတ္ထုစာအုပ်တွေကတော့ လူကြီးတွေ မကြိုက်ကြလို့ မဖတ်ဖြစ်ဘူး။ ၁၀ တန်းအောင်ပြီးမှ သူငယ်ချင်းတစ်ယောက်က ကောင်းတယ်ဆိုလို့ ဆွေလှိုင်ဦး စာအုပ်တွေ ဖတ်ဖူးတယ်။ ဂျူးစာအုပ်တွေဆိုရင် တက္ကသိုလ်ကျောင်းသားဖြစ်မှပဲ ဖတ်ဖူးတော့တယ်။ ဆွေလှိုင်ဦး စာအုပ် တွေကတော့ ကျွန်တော့် ဘ၀အပေါ်ကို ဘယ်လိုမှမသက်ရောက်နိုင်ဘူးထင်တယ်။ သူ့ထဲက ဇာတ်လိုက်က အရမ်းတော်တယ်။ မင်းသမီးဆို တစ်ယောက်မက နှစ်ယောက်မက တွဲတယ်။ အားလုံကလည်းသူ့ကို ချစ်ကြတယ်။ အားကျမိတာတော့အမှန်ပဲ။

ဘလော့နဲ့ ပတ်သက်လို့ ပြောရရင် ကျွန်တော် ဘလော့ဆိုတာ စဖတ်ဖူးတာ ကိုစေးထူး ဘလော့ပါ။ ကိုစေးထူးနဲ့ ကိုမင်းမောင်တို့ ဆွေးနွေးခန်းတွေ စဖတ်ဖူးတာပဲ။ သူတို့နှစ်ယောက်ပြောထားတာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အတွေးအခေါ်အယူအဆ မတူကြပေမယ့် နှစ်ယောက်လုံးရဲ့ စကားတွေထဲမှာ နိုင်ငံကို တကယ်တိုးတတ်စေချင်တယ်၊ ကောင်းစေချင်တယ် ဆိုတဲ့ စေတနာတွေ ပါနေတယ်လို့ထင်တယ်။ နောက်တော့ မမေဓါဝီတို့ စာတွေ ဖတ်ဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်က တိုက်တွန်းလို့ ကိုယ်တိုင်လည်း ဘလော့ရေးလိုက်တော့ အစုံရောက်တော့တာပါပဲ။ ဘာလိုလိုနဲ့ ကိုယ့်ဟာကိုယ် ဘလော့ဂါ ဖြစ်မှန်းမသိ ဖြစ်လာလိုက်တာများ စက်တင်ဘာ လတုန်းက ပို့စ်တွေ တော်တော် တင်ဖြစ်တယ်။ ဘလော့လောက ကိုလည်းတော်တော်ခင်တွယ်ပါတယ်။ အွန်လိုင်းမှာ စာရေးတဲ့လူ စာဖတ်တဲ့လူ အပြန်အလှန် ဆွေးနွေးနိုင်တယ်။ ဆွေးနွေးချက်တွေကလည်း ချက်ချင်းတွေ့နိုင်တယ်ဆိုတော့ ပျော်စရာလည်း ကောင်းပါတယ်။

အသည်းနာ ကမ္ဘာမကျေ လို့ ဆိုရလောက်အောင် ရလိုက်တဲ့ ဝေဒနာ ဒဏ်ချက်က ပြင်းလွန်းတော့ ဘလော့ဂါတွေလည်း တော်တော်ကြာအောင် ငြိမ်သွားကြတယ်။ နောက်ဆုံးရသတင်း တင်နိုင်တဲ့ သူတွေ လောက်ပဲ ပုံမှန်ကြီး ပို့စ်တင်နိုင်တော့တယ်။ ကဗျာဆရာတွေလည်း ကဗျာမရေးအား၊ ဆွေးနွေးပွဲတွေလည်းတိတ်ဆိတ်၊ ကျောင်းသားတွေလည်းကျောင်းမတတ်နိုင်အောင် သတင်းတွေက အရေးကြီးနဲ့ ရိုက်ချက်ပြင်းလိုက်တာတော့ မပြောနဲ့တော့။ ကျွန်တော်လည်း အဲဒီအချိန်ကစပြီး ပို့စ်တင်တာကျဲသွားခဲ့တာ၊ နောက်တော့ စာများလာတာရော၊ ပျင်းတာရောပေါင်းလိုက်တော့ အဆက်ပြတ်သလိုတောင်ဖြစ်သွားတယ်။

အခုတော့ အနာတွေပဲ ကျက်သွားတာလား၊ အသည်းတွေပဲမာသွားတာလားမသိ တတ်ဂိမ်းတွေ ပျော်ပျော်ကြီးကစားလို့ ဘလော့လောက ကြီးပြန်စီးကားလာပြီ။ မမကြီးတွေဆိုရင်း အိပ်ထဲရှိတာတွေတောင် ထုတ်ပြကျေး ကစားနေကြသေးတယ်။ ပျော်စရာကြီး။ ဘယ်လိုပဲဖြစ်ဖြစ် ကဗျာရေးချင်သူတွေ ကဗျာရေးနိုင်လာတယ်၊ စာရေးချင်သူတွေ စာရေးနိုင်လာတယ် ဆိုတာ ကောင်းတယ်ထင်ပါတယ်။

ကဲကိုညိမ်းညိုရေ တတ်ထားလို့ရေးပေးလိုက်တယ်။ ကျွန်တော့်ရဲ့ စာဖတ်အား၊ စာမှတ်အားနည်းတာကြောင့် ကျွန်တော့ပို့စ်က တတ်ထားတဲ့ အကြောင်းအရာနဲ့ သိပ်အံမ၀င်တာတော့ နားလည်ပေးပါ။ လောလောဆယ်တော့ ဆရာတော် ဦးဇောတိကနဲ့၊ အရှင်ဆန္ဒာဓိက စာအုပ်တွေ ဖတ်တာများနေတယ်။ ဘ၀အပေါ်ဘယ်လိုသက်ရောက်မှုရှိလဲ မပြောတတ်ပေမယ့်။ လောလောဆယ် ကျွန်တော့အတွေးတွေ ပေါ်ကို သက်ရောက်စေတာ ကတော့ ဆရာတော် ဦးဇောတိကရဲ့ စကား ပါပဲ။
**
လွတ်လပ်မှုက သိပ်အရေးကြီးတယ်။ လွတ်လပ်မှုမရှိပဲနဲ့ သတ္တိရှိခြင်း၊ သစ္စာရှိခြင်း၊ ရိုးသားခြင်း အစရှိတဲ့ အဖိုးတန်တဲ့ စိတ်ခွန်အားတွေ ဘာတစ်ခုမှ မရနိုင်ဘူး။
**

အဲဒီစကားလေးကို အရမ်းသဘောကျတယ်။ တွေးလေတွေးလေ သဘောကျလေပဲ။ လွတ်လပ်မှုရဲ့ တန်ဖိုးကို ပိုပြီးနာလည်လာတယ်။

ပို့စ်အသစ်မတင်တဲ့ ကျွန်တော့ဘလော့ကို ရောက်ရောက် လာတတ်ကြတဲ့ စာဖတ်သူတွေ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ကျန်းမာ ပျော်ရွင်ကြပါစေ။


:) Thursday, November 1, 2007

မြင့်မြတ်သော ပေးဆပ်ခြင်း (၂)

မြင့်မြတ်သော ပေးဆပ်ခြင်း (၂)

ဒါကြောင့် မကျန်းမမာ ရောဂါစွဲကပ်နေတဲ့ လူနာကို ရောဂါသက်သာအောင် ဆေးကုပေးသင့်ပါတယ်။ ရောဂါသက်သာပျောက်ကင်းစေမယ့် ဆေးဝါးဓာတ်စာတွေလည်း ထောက်ပံ့သင့်ပါတယ်။ လူနာစိတ်ချမ်းသာအောင် အားပေးစကား ပြောပေးတဲ့ အပြင် ရောဂါဒဏ် ခံနိုင်ရည်ရှိအောင် တရားနှစ်လုံးသွင်းတတ်ဖို့၊ တရားရှုမှတ်တတ်ဖို့လည်း နည်းလမ်းညွှန်ပြပေးသင့်ပါတယ်။ သေမှာ သေချာနေရင်လည်း ဘ၀ကူးကောင်းဖို့ အတွက် ကုသိုလ်အာရုံထင်အောင် သူပြုခဲ့တဲ့ ကုသိုလ်တွေ ပြောပြပေးရပါမယ်။ လိုအပ်ရင် သေခါနီးမှာ ကုသိုလ်သစ်တွေ ပြုနိုင်အောင် ဖန်တီးပေးရပါမယ်။

ကိုယ်နာ စိတ်နာ အနာနှစ်မျိုးနဲ့ နာနေတဲ့ လူနာကို အဲဒီလိုကူညီ စောင့်ရှောက်တာဟာလည်း 'မသေခင်နာရေး' ကိုကူညီတာ ဖြစ်လို့ 'နာရေးကူညီမှုအလုပ်' လုပ်နေတာပါပဲ။ ၂၀၀၂ ခုနှစ် ဇူလိုင်လကစပြီး ပြင်ဦးလွင်မြို့မှာ အငြိမ်းစား ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာစော ဆိုင်မွန်သာရဲ့ ဦးဆောင်မှုနဲ့ လူနာတွေရဲ့ 'မသေခင်နာရေး' ကို ကူညီတဲ့ 'နာရေးကူညီမှု' အလုပ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်။

ဆရာဝန်သုံးယောက် ဆေးအကူ နှစ်ယောက် ယဉ်မောင်းတစ်ယောက် စုစုပေါင်းခြောက်ယောက်ပါဝင်တဲ့ 'နယ်လှည့်ဆေးကုသယာဉ်' တစ်စီးနဲ့ ဒေသအနှံ့ ခြေဆန့်ပြီး ဒေသအသီးသီးက ရောဂါဝေဒနာရှင် လူနာတွေကို မေတ္တာစေတနာ အပြည့်နဲ့ အခမဲ့ ဆေးဝါးကုသပေးတာပါ။

'နယ်လှည့်ဆေးကုသယာဉ်' ပေါ်မှာ ဆေးရုံခွဲစိတ်ခန်းတစ်ခုမှာလိုပဲ လိုအပ်တဲ့ ခွဲစိတ်ကိရိယာတွေ အစုံအလင်ပါရှိပါတယ်။ ခွဲစိတ်ဖို့လိုအပ်တဲ့ လူနာတွေကို 'ဆေးကုသယာဉ်' ပေါ်ကခွဲစိတ်ခန်းမှာပဲ ခွဲစိတ်ကုသပေးပါတယ်။

ခေါ်ယူဖိတ်ကြားတဲ့ ပုဂ္ဂိုလ် အဖွဲအစည်းတွေရဲ့ ပံ့ပိုးမှု၊ ရောဂါဝေဒနာရှင်တွေရဲ့ တတ်စွမ်းသမျှ လှူဒန်းမှု အထိုက်အလျှောက်ရှိပေမယ့် အဓိကကတော့ ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာရဲ့ အထောက်အပံ့နဲ့ပဲ ရပ်တည်လှုပ်ရှားနေရတာပါ။ ဒီလို 'သက်ရှင် နာရေးကူညီမှု' လို့ခေါ်တဲ့ ကျန်းမာရေးကူညီ စောင့်ရှောက်မှု အလုပ်မျိုးကိုလည်း ပရဟိတစိတ်ဓာတ်ရှိတဲ့ သူတော်ကောင်းတိုင်း လူအားငွေအားနဲ့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးသင့်ပါတယ်။

ဒကာကျော်သူတို့ 'နာရေးကူညီမှု အသင်း' ကလည်း 'ဆေးတို့ဖြင့် ရောဂါတို့ကို ဆေးအံ့’ ဆိုတဲ့ဆောင်ပုဒ်နဲ့ ‘သက်ရှင်နာရေး’ ကူညီတဲ့ အလုပ်ကိုပါ ပူးတွဲလုပ်ဆောင်နေပြီဖြစ်လို့ အထူးဝမ်းမြောက်တဲ့ စိတ်နဲ့ သာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။

'နာရေးကူညီမှုအသင်း’ ရဲ့ ‘သက်မဲ့နာရေး’ ကူညီတဲ့အလုပ်ကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ အထူးအောင်မြင်နေပြီဖြစ်လို့ အယူမသီး အစွဲမမှားတဲ့ သူတော်ကောင်းတိုင်းက နှစ်ထောင်းအားရ ရှိနေကြပါပြီ။

လူတစ်ယောက်သေလွန်သွားရင် သေလွန်သူမှာ ဒီဘ၀နဲ့ ပတ်သက်တဲ့ ဒုက္ခတွေ ဘာမှမရှိတော့ပေမယ့် ကျန်ရစ်သူတွေမှာတော့ ရုပ်အလောင်း သင်္ဂြိုဟ်ရတဲ့ ဒုက္ခတွေရော သံယောဇဉ်ကြီးရင် ကြီးသလောက် သေလွန်သူကို တမ်းတပူဆွေးရတဲ့ ဒုက္ခတွေရော ဒုက္ခမျိုးစုံ တွေ့ ကြုံခံစားရပါတယ်။

တမ်းတပူဆွေးတဲ့ ‘သောက၀န်’ ကို ကာယကံရှင်တွေ ကိုယ်တိုင်ပဲ ထမ်းခွင့်ရှိပေမယ့် ရုပ်အလောင်း သင်္ဂြိုဟ်တဲ့ အသုဘ ၀န်ကိုတော့ စေတနာရှင်၊ ဂရုနာရှင် သူတော်ကောင်းတွေက ကူညီပြီး ထမ်းပေးခွင့်ရှိပါတယ်။ အသုဘ၀န်ကို ကူထမ်းပေးတဲ့ အတွက် ကာယကံရှင်တွေမှာ သောက၀န်လည်း တစ်ဝက်လောက်လျှော့ပါး သက်သာ သွားပါတယ်။

တရားပြည့်ဝလွန်းလို့ သောက၀န်လုံးဝမရှိတဲ့ သူတွေ အနေနဲ့လည်း အသုဘ၀န် ပေါ့ပါးသက်သာသွားတဲ့ အတွက် ကိုယ့်တရားကိုယ် အချိန်များများ နှစ်လုံးသွင်းခွင့်ရ ရှိသွားတာမို့ သူတစ်ပါးရဲ့ စိတ်နှစ်လုံးအေးချမ်းရေးကို ကူညီရာရောက်တာပါပဲ။

ဆင်းရဲနွမ်းပါးသူတွေ အတွက်ကတော့ တန်ဖိုးမဖြတ်နိုင်အောင် အကျိုးကျေးဇူးကြီးမားလှပါတယ်။ နို့မဟုတ်ရင် ကျန်ရစ်သူကို စိတ်ဆင်းရဲရုံမက သေလွန်သွားသူမှာလည်း ဂတိမကောင်းခဲ့ရင် ကိုယ့်အလောင်းကိုယ် စွဲပြီး အလောင်းစား ပြိတ္တာ၊ အလောင်းစောင့် ပြိတ္တာအဖြစ်နဲ့ မကျွတ်မလွတ် ဒုက္ခခံနေရဦးမှာပါ။

နာရေးကူညီမှုအသင်းရဲ့ အသုဘကိစ္စ အစစအရာရာ တာဝန်ယူ ကူညီမှုကြောင့် သေဆုံးသူလည်း ဂတိဖြောင့် ကျန်ရစ်သူလည်း စိတ်ထားဖြောင့်တဲ့ အပြင် ကူညီသူ ကုသိုလ်ရှင်များမှာလည်း နတ်လမ်း၊ မဂ်လမ်းဖြောင့်ပြီး သုဂတိချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို လွယ်လွယ်ကူကူ ခံစားခွင့်ရရှိသွားပါတယ်။

(၅)

မြတ်စွာဘုရားရှင်လက်ထက်တုန်းက ယသ အမည်ရှိတဲ့ မြန်မာလို ကိုကျော်သူ အမည်ရှိတဲ့ သူဌေးသား တစ်ဦး ရှိခဲ့ဖူးပါတယ်။ မြတ်စွာဘုရား ဘုရားဖြစ်မယ့်နေ့မှာ ဃနာ နို့ဆွမ်းကပ်လှူခဲ့တဲ့ ဒေါ်သုဇာတာရဲ့ သားပါ။

မိဘနှစ်ပါးက သိပ်ချမ်းသာတဲ့ အတွက် ယသ သဌေးသား (ကိုကျော်သူ) ဟာ နွေစံအိမ်၊ မိုးစံအိမ်။ ဆောင်းစံအိမ် စံအိမ်ကြီး ၃ ခုမှာ ရာသီအလိုက် တစ်လှည့်စီစံနေရင်း ကြီးကျယ် ခမ်းနားတဲ့ ကာမဂုဏ်စည်းစိမ်တွေကို မြိန်မြိန်ယှက်ယှက်ကြီး ခံစားခွင့်ရပါတယ်။ ကိုကျော်သူကို ဖျော်ဖြေကပြသူ ကိုကျော်သူကို ပြုစုယုယသူ အားလုံးဟာ တံခါးစောင့်ကစ အမျိုးသမီးတွေ ချည်းပါပဲ။ အမျိုးသား တစ်ဦးမှ မပါပါဘူး။

တစ်ညမှာတော့ မဒီကညာတွေရဲ့ ကြည်စရာတင်ဆက် ဖျော်ဖြေမှုကို ကြည့်ရှုနားထောင်ခံစားရင်း ကိုကျော်သူ အစောကြီး အိပ်ပျော်သွားပါတယ်။ ကိုကျော်သူ အိပ်ပျော်သွားမှန်းသိတာနဲ့ ဖျောဖြေတင်ဆက်နေသူ လှပျိုဖြူအားလုံးလည်း နေရာမှာတင် အနားယူ အိပ်စက်လိုက်ကြပါတယ်။

သူများထက် စောအိပ်ပျော်သွားလို့ သူများထက် စောနိုးလာတဲ့ သူဌေးသား ကိုကျော်သူ လှပျိုဖြူတွေ အိပ်စက်နေကြတဲ့ မြင်ကွင်းကို ညလုံးပေါက်ထွန်းထားတဲ့ မီးရောင်အောက်မှာ ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက်ကြီး မြင်တွေ့ လိုက်ရပါတော့တယ်။

တချို့ကစောင်းပိုက်လို့၊ တချို့က အိုးစည်လွယ်လို့၊ တချို့က ဒိုးပတ်ဖက်လို့၊ တချို့ ကဆံပင်တွေ ဖရိုဖရဲ ပြန့်ကျဲ၊ တချို့က တံတွေးတွေ အာပုပ်ရည်တွေ တစီစီယိုစီး၊ တချို့က သွားကြိတ်၊ တချို့က ယောင်ယမ်းပြီး ပြောချင်ရာ လျှေက်ပြော၊ ဟောက်တဲ့သူက ဟောက်၊ မှောက်တဲ့သူက မှောက်၊ လန်တဲ့သူကလန် နံတဲ့သူကနံ။

‘အို........စက်ဆုပ်စရာကြီး
အို........ရွံစရာကြီး
လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲ
လောကကြီး ရက်စက်လိုက်တာ
လောကကြီး နှိပ်စက်လိုက်တာ
ခန္ဓာကိုယ်အပုပ်ကောင်ထဲမှာ ကိလေသာ အပုပ်လှောင်ထားတာပါလား
ခန္ဓာကိုယ် အနံ့ဆိုကြီးထဲမှာ ကိလေသာ အနံ့ သိုးတွေ စိမ့်ဝင်နေတာပါလား’

မဒီကညာ လှယမင်းတွေရဲ့ မသတီစရာမြင်ကွင်းကို အထင်းသား မြင်တွေ့လိုက်ရတဲ့ သူဌေးသား ကိုကျော်သူ သံဝေဂဉာဏ်တွေ အကြီးအကျယ်ဖြစ်ပြီး ဘယ်သူ့ကိုမှ အသိမပေးတော့ပဲ ညတွင်းချင်း တောထွက်လာခဲ့ပါတယ်။ မိဂဒါဝုန်တောကို ရောက်တော့ မြတ်စွာဘုရားဟောကြားတဲ့တရားကို နာကြားပြီး သတိပဌာန် ၀ိပဿနာတရား အားထုတ်လိုက်တာ နောက်တစ်နေ့ မကူးခင်မှာပဲ သောတပန် အရိယာဖြစ်သွားပါတယ်။

မနက်မိုးလင်းတော့ သားပျောက်ရှာတဲ့ ဖခင်ကြီးကို မြတ်စွာဘုရားရှင်က တရားဟော၊ ဖခင်ကြီးက သောတာပန်ဖြစ်၊ ဖခင်ကိုဟောတဲ့တရားကိုနာရင်း ကိုကျော်သူလည်း ရဟန္တာဖြစ်၊ ဧဟိဘိက္ခု ရဟန်းအဖြစ် ရဟန်းဘ၀ကို ခံယူ၊ မြတ်စွာဘုရားအိမ်ကြွတရားဟောလို့ မိခင်ကြီးရော ဇနီးဟောင်းပါ သောတာပန်ဖြစ်၊ ကိုကျော်သူရဲ့ သူငယ်ချင်း ငါးဆယ့်လေးယောက်လည်း လူဝတ်နဲ့ သောတာပန်ဖြစ်၊ ဧဟိဘိက္ခုအဖြစ်နဲ့ ရဟန်းပြုပြီး တရားဆက်အားထုတ်တော့ ရဟန္တာဖြစ်၊ သူဌေးသား ကိုကျော်သူနဲ့ ဆက်စပ်ပြီး လူပေါင်း ၅၇ ယောက် တရားထူးတရားမြတ်တွေ အသီးသီး ရရှိသွားကြပါတယ်။

သူဌေးသား ကိုကျော်သူ (ယသသူဌေးသား)တို့ အဖွဲ့ တစ်ဖွဲ့လုံး တရားထူးတရားမြတ်ရရှိသွားခြင်းရဲ့ အကြောင်းရှေးကောင်းမှုကတော့ ဘ၀တစ်ခုမှာ ‘နာရေးကူညီမှုအသင်း’ ဖွဲ့ပြီး ဆင်းရဲနွမ်းပါးသူတွေရဲ့ ဥတုဇရုပ်ကလပ်တွေကို အခမဲ့စေတနာ့ ၀န်ထမ်း သင်္ဂြိုဟ်ပေးခဲ့တဲ့ ကောင်းမှုပါပဲ။

တစ်နေ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ရုပ်အလောင်းတစ်ခုကို သင်္ဂြိုဟ်ပေးရင်း အသင်းခေါင်းဆောင် ကိုကျော်သူ အသုဘသညာ ( မတင့်မတယ် ရွံစဖွယ်ဆိုတဲ့ အသိဉာဏ်) ရရှိသွားပါတယ်။

ကိုယ်ရရှိတဲ့ အသုဘသညာမျိုး သူငယ်ချင်း (၅၄) ယောက်ကိုလည်း ရအောင်ယူခိုင်း၊ မိဘနှစ်ပါးနှင့် ဇနီးတို့ကိုလည်း ရအောင်ယူခိုင်းတဲ့အတွက် ကိုကျော်သူ အပါအ၀င် လူပေါင်း (၅၈) ယောက် အသုဘသညာ ကောင်းကောင်းကြီး ရရှိသွားကြပါတယ်။

အဲဒီနေ့က ရရှိတဲ့ အသုဘသညာကို အခြေတည်ပြီး တစ်ဖက်က ' နာရေးကူညီမှု' အလုပ်ကိုလုပ်ရင်း ' အသုဘဘာဝနာ ' ကို နေ့စဉ်ရက်ဆက် ပွားများခဲ့ကြတဲ့အတွက် ဒီဘ၀မှာ တရားထူးတရားမြတ်တွေကို ' လွယ်ကူသောအကျင့်၊ လျင်မြန်သော အသိဉာဏ် ' နဲ့ အလွယ်တကူ ရယူပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ဖြစ်လေရာရာ ဘ၀သံသရာမှာလည်း ချမ်းသာကောင်းကျိုး အမျိုးမျိုးကို အပင်တပန်း ရုန်းကန်ရှာဖွေရခြင်း မရှိဘဲ ပြည့်ပြည့်စုံစုံ ခံစားခဲ့ကြရပါတယ်။

သူတပါးရဲ့ ' နာရေး ' ကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့သူဟာ ဘ၀ရဲ့ ' နာရေး ' ဒုက္ခအမျိုးမျိုးမှ လွတ်မြောက်နိုင်ပါတယ်။ စီးပွား ဥစ္စာမပြည့်စုံတဲ့ ဘ၀နာရေး၊ ကျန်းမာရေး ညံ့ဖျင်းတဲ့ ဘ၀နာရေး၊ အသိအလိမ္မာဉာဏ်ပညာ ချို့တဲ့ တဲ့ ဘ၀နာရေး အချစ်ကံ အိမ်ထောင်ရေးကံ မကောင်းတဲ့ ဘ၀နာရေး အစရှိတဲ့ ဘ၀ရဲ့ နာရေးဒုက္ခအမျိုးမျိုးဟာ နာရေးကူညီသူကုသိုလ်ရှင်ရဲ့ ဘ၀ထံပါးမှာ ပိန်းကြာဖက်တွင် ရေမတင် လျှောကြသကဲ့သို့ ကင်းစင်လွင့်ပျောက် မကြမရောက်ပဲ ရှိမှာသေချာပါတယ်။

(၆)

' နိမ့်ကျတဲ့ ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်တဲ့ သူတော်ကောင်းတွေပဲ လုပ်နိုင်ကြတယ်။ ' တဲ့။ သာမာန်လူတွေက နိမ့်ကျတယ်၊ အောက်တန်းကျတယ် ထင်ပြီး မလုပ်ချင်တဲ့ ကုသိုလ် အလုပ်မျိုးကို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ၊ သူတော်ကောင်းစိတ်ဓာတ် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ အလွယ်တကူ ကြည်ဖြူစွာနဲ့ လုပ်နိုင်ကြပါတယ်။

မြင့်မြတ်တဲ့ စိတ်ရှိသူတစ်ယောက်အတွက် နိမ့်ကျတဲ့ ကုသိုလ်အလုပ်ဆိုတာ တစ်ခုမှ မရှိပါဘူး။ ကုသိုလ်အလုပ်အားလုံး မြင့်မြတ်နေတော့တာပါပဲ။ သူများမလုပ်ချင်တဲ့ ကုသိုလ်အလုပ်ကို လုပ်ခြင်းကြောင့် သူများမရနိုင်တဲ့ ကုသိုလ်ကောင်းမှုမျိုး ရရှိပြီး သူများမခံစားရတဲ့ ချမ်းသာကောင်းကျိုးအမျိုးမျိုးကို ခံစားရပါတယ်။

၂၀၀၃ ခုနှစ်၊ ဇန်န၀ါရီလ(၁) ရက်နေ့မှာ သက်တမ်း(၂)နှစ်ပြည့်မယ့် ဒကာကျော်သူတို့ ' နာရေးကူညီမှုအသင်း ' နောင်နှစ်ပေါင်း (၂၀၀) မက၊ နှစ်ပေါင်း(၂၀၀၀) မက အစဉ်ထာဝရ တည်တံခိုင်မြဲတိုးတက်ရှင်သန်ပါစေ၊ မြို့တိုင်းရွာတိုင်းမှာလည်း အလားတူ ' နာရေးကူညီမှုအသင်း ' တွေ ဖြစ်ထွန်းပေါ်ပေါက်လာကြပါစေ လို့ လှိုက်လှဲလေးနက်စွာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

မြင့်မြတ်စွာပေးဆပ်နိုင်ကြပါစေ။

မှတ်ချက်။ ။ ' ကျော်သူ့အသင်း ' လို့ လူတချို့တင်စား သုံးနှုန်းရလောက်အောင် ' နာရေးကူညီမှုအသင်း ' အပေါ် အရှိန်အ၀ါ လွှမ်းမိုးတဲ့ ဒကာကျော်သူ ( အကယ်ဒမီကျော်သူ ) နဲ့ ' နာရေးကူညီမှုအသင်း ' တည်ထောင်ပြီး ကုသိုလ်ပြုခဲ့ဖူးတဲ့ ယသ သူဌေးသား ( မြန်မာလို ' သူဌေးသားကျော်သူ ' ) တို့ အမည်ခြင်း ထပ်တူထပ်မျှ တူနေတာဟာလည်း ထူးခြားတဲ့ တိုက်ဆိုင်မှု တစ်ခုပါပဲ။ ( ယသ = ကျော်စောခြင်း၊ ကျော်စောသူ၊ ကျော်သူ ) ။ ( စာရေးသူ )

[ ရန်ကုန်မြို့၊ နာရေးကူညီမှုအသင်း၊ ဒုတိယနှစ်ပတ်လည် အထိမ်းအမှတ် ' ပေးဆပ်သူများ ' စာအုပ်၊ ၂၀၀၃ အမှာစာ ]

အကယ်ဒမီကျော်သူ နှင့်နာရေးကူညီမှု အသင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီစာလေးကို တင်ပေးလိုက်ပါတယ်။
လောကီမင်္ဂလာ စိတ်ဝင်စား သူတွေက
ဇီးကွက်လာရင် လာဘ်ရွှင်တယ်၊
ကျီးသာရင် ဧည့်လာတယ်၊
မိမိသွားရာ လမ်းမှာ မြွေဖြတ်သွားရင် ခရီးဆက်မသွားသင့်ဘူး။ ဘေးတွေ့တတ်တယ်။
စသဖြင့် စသဖြင့် အခြေအမြစ်မရှိတဲ့ ယုံကြည်မှုတွေနဲ့ အလုပ်မဟုတ်တာတွေ လုပ်တတ်ပြောတတ် ကြပါတယ်။ ဒီလိုလောကီမင်္ဂလာ ယုံကြည်မှုတွေက ကျွန်တော်တို့ လူမျိုးမှာမှ ရှိတာမဟုတ်ပါဘူး။ တစ်ခြားလူမျိုးတွေမှာလည်း ရှိကြပါတယ်။
ရုရှ လူမျိုးတို့ရဲ့ အယူတချို့ကို ဆရာမကြီးက ပြောပြဖူးပါတယ်။
-- မိမိနေတဲ့ အခန်းထဲကို ငှက်တစ်ကောင် ၀င်လာတာဟာ နိမိတ်မကောင်းဘူး။ ဆွေမျိုးနီးစပ်ထဲက တစ်ယောက်ယောက်သေတတ်တယ်။
-- လမ်းသွားစဉ်ရှေ့က ကြောင်အနက်တစ်ကောင်ဖြတ်သွားရင် ဆက်မသွားသင့်ဘူး။ ဘေးတွေ့တတ်တယ်။ အရေးကြီးလို့ သွားမယ်ဆိုရင်တောင် တစ်ခြားလူတစ်ယောက် ဖြတ်သွားပြီးမှ သွားသင့်တယ်။
-- သွားရင်းလာရင်း ရေသံပုန်းနဲ့ ရေအပြည့်သယ်လာတဲ့လူကို မြင်ရရင် ကံကောင်းတယ်။ လိုရာဆန္ဒပြည့်ဝမယ်။
-- သွားရင်းလာရင်း ရေသံပုန်းအခွံကြီး သယ်လာတဲ့လူကို မြင်ရရင် ကံမကောင်းဘူး။ လိုရာဆန္ဒ မပြည့်ဝပဲ သွားတဲ့ကိစ္စက အချည်းအနှီးဖြစ်တတ်တယ်။
ဆရာမပြောပြတဲ့ သူတို့လူမျိုးတို့ရဲ့ အခြေအမြစ်မရှိ လောကီမင်္ဂလာ ယုံကြည်မှုတွေပါ။ ဗဟုသုတဖြစ်ပြောပြတာပါ။ အစွဲမထားစေလိုပါ။

ကျွန်တော်တို့လူမျိုးတွေက လူသေအလောင်းကိစ္စ၊ အသုဘကိစ္စဆိုရင် မဆောင်ရွက်သင့်ဘူး။ နိမ့်ကျတဲ့အလုပ်လို့ မြင်ချင်ကြတယ်။ သုဘရာဇာ အလုပ်ဆိုပြီး နှာခေါင်းရှုံချင်ကြတယ်။ အဲဒီအလုပ်ကို လုပ်တဲ့ သူကိုပဲ အပေါင်းအသင်းမလုပ်လိုကြဘူး။ (လူတိုင်းတော့မဟုတ်ပါ။) ကျွန်တော် မှတ်ထားတာ မမှားဘူးဆိုရင် အကယ်ဒမီကျော်သူးကိုယ်တိုင်လည်း အဲဒီတိုက်ခိုက်မှု ဒဏ်တွေကို ခံခဲ့ရပါတယ်။ သုဘရာဇာ အလုပ်ကိုလုပ်နေတဲ့ မင်းသားဖြစ်လို့၊ မင်္ဂလာမရှိတဲ့ အလုပ်ကိုလုပ်နေတဲ့ သူဖြစ်လို့ တွဲဖက်သရုပ်မဆောင်လိုဘူးဆိုတဲ့ မင်းသမီးတွေ၊ တွဲဖက်အလုပ်မလုပ်လိုဘူးဆိုတဲ့ ဒါရိုက်တာတွေ နဲ့ကြုံခဲ့ရဖူးတယ်လို့ အင်တာဗျူးတစ်ခုမှာ ကိုကျော်သူ ဖြေဆိုသွားဖူးတယ်လို့ ထင်ပါတယ်။ တကယ်တော့ အဲဒီလိုအတွေးအခေါ်ရှိသူတွေဟာ ဘုရားရှင်ဟောထားတဲ့ ၃၈ ဖြာ မင်္ဂလာတရားတော်ကို နားမလည်ကြလို့ပဲဖြစ်မှာပါ။ တကယ်တော့ အသုဘကို မြင်ရခြင်းမမြင်ရခြင်း၊ လူသေအလောင်းကောင်နဲ့ ဆက်စပ်နေတဲ့အလုပ်ကို လုပ်ခြင်းမလုပ်ခြင်းက မင်္ဂလာတရာတော်နဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ကိုယ်စိတ်နေစိတ်ထားပဲ အရေးကြီးပါတယ်။ အသုဘကို မြင်လို့ သေခြင်းတရားကို ဆင်ခြင်မိမယ်ဆိုရင် သတိသံဝေဂ ရနိုင်တာမို့ အလွန်တန်ဖိုးကြီးလှပါတယ်။

အခုဆိုရင်တော့ ကိုကျော်သူတို့လို နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ဦးက ဒီအလုပ်မျိုးကို လုပ်တော့ ဒီအလုပ်ရဲ့ ဂုဏ်သိက္ခာလည်း တော်တော်လေး မြှင့်တင်ပေးရာရောက်ပြီးတော့ ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ ဒီအလုပ်အပေါ်ထားတဲ့ သဘောထားကလည်း တော်တော်လေး ပြောင်းလဲသွားပါတယ်။ နာရေးကူညီမှုအသင်းမှာ အချိန်ပိုင်း လုပ်အားပေးလိုသူ ဒရိုင်ဘာအဖြစ်လုပ်လိုသူ တွေတော်တော်လေးကို များနေပြီလို့ ကြားဖူးပါတယ်။

[တစ်ချိန်က သူနာပြုအလုပ်ကို ဆင်ရဲသား လူမွဲတွေသာ လုပ်ရတဲ့ အလုပ်လို့ လူထုတစ်ရပ်လုံးက သဘောထားနေချိန်မှာ သူဌေးသမီးလေး ဖလောရင့်စ် နိုက်တင်ဂေး ဟာ မီးအိမ်ရှင်မလေး အဖြစ်နဲ့ သူနာပြု လုပ်ငန်းကို စေတနာ ရှေ့ထားပြီး ဆောင်ရွက်ခဲ့ရာက သူနာပြုလုပ်ငန်းကို ဂုဏ်သရေရှိတဲ့ ကုသိုလ်ဖြစ် လုပ်သင့်တဲ့ အလုပ်တစ်ခုအဖြစ် လူတွေက ရှုမြင်လာခဲ့ကြတယ် ဆိုတဲ့ အကြောင်းကိုလည်း ပြန်ပြီးသတိရမိပါတယ်။]

My Little Blog