ပုဆိန်ရိုးတွေ
ပုဆိန်ရိုးဆိုတဲ့ စကားလုံး ရှေ့ကသုံးထားလို့သာ သုံးလိုက်တာပါ။ ကျွန်တော်အနေနဲ့ကတော့ တော်တော်လေးကို မကြိုက်တာ။ သုံးမိမှတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် နဲနဲတော့ ရှင်းရတော့မှာပေါ့။ ပုဆိန်ရိုးဆိုတာ ပြည်ပအားကိုးတဲ့လူတွေကို ပြောချင်တာပါ။ အခုခေတ်မြန်မာနိုင်ငံမှာ ပြည်ပထွက် အလုပ်လုပ်မယ်၊ ပြည်ပထွက် ပညာရှာမယ်၊ ပြည်ပထွက် ဆေးကုမယ်၊ ပြည်ပထွက် ဈေးဝယ်မယ်၊ စသဖြင့်ပေါ့ ကဏ္ဍအမျိုးမျိုးကနေ ပြည်ပကို အားကိုးနေရတဲ့ပုဆိန်ရိုးတွေ တဖြည်ဖြည်းများလာသလားလို့။ ပုဆိန်ရိုးတွေ ဘာကြောင့် များလာသလဲဆိုတာကို တစ်ယောက်တည်း လျှောက်တွေးရင်း အဖြေရှာကြည့်မိတယ်။
ပုဆိန်ရိုးလို့ဆိုတဲ့ လူတွေကို ပြည်ပအားကိုးတဲ့ ပုံစံ/ကဏ္ဍတွေ အလိုက် ကျွန်တော် အုပ်စုခွဲကြည့်မိတယ်။
၁) အသက်ရှင် ရပ်တည်နိုင်ခွင့် အတွက် ဘ၀ လုံခြုံမှုဆိုင်ရာ အကာအကွယ်ကို လိုချင်လို့ ပြည်ပကို အားကိုးသူတွေ။
နိုင်ငံက တိုင်းရင်းသား လက်နက်ကိုတွေရယ် အစိုးရစစ်တပ်ရယ် ကြားမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်တွေကြောင့် အချို့ကျေးရွာတွေမှာ ရွာသူရွာသားတွေဟာ အေးအေးဆေးဆေး မနေနိုင်တော့ပဲ ကိုယ့်နေအိမ်တွေ ကျေးရွာတွေကို စွန့်ခွါပြီး အေးချမ်းရာ ပြည်ပနိုင်ငံတွေ ဆီမှာ သွားရောက်နေထိုင်ကြရတယ်။ အဲဒီလက်နက်ကိုင်တွေ ကြားမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရသေးသမျှတော့ အခုပြောခဲ့တဲ့ ပထမ အမျိုးအစား ပုဆိန်ရိုးတွေက အနည်းနဲ့ အများ သာကွာမယ်။ တိုးပွားလာနေဦးမှာပါပဲ။
၂) စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ အလုပ်အကိုင် အခွင့်အရေးကို လိုချင်လို့ ပြည်ပကိုအားကိုးသူတွေ။
ကိုယ့်နိုင်ငံမှာ ကိုယ်နေနေတယ်။ အလုပ်တွေလည်း လုပ်နေပါတယ်။ ဒါပေမယ့် စားဝတ်နေရေးကို အာမခံပေးနိုင်လောက်တဲ့ ၀င်ငွေက မရဘူး။ အဲဒီတော့ ပြည်ပနိုင်ငံကို သွားပြီး အလုပ်လုပ်ကြရတယ်။ "အလုပ်မလုပ်ချင်ကြလို့ အပျင်းထူကြလွန်းလို့ ဒို့မြန်မာတွေ မတိုးတတ်တာ။" လို့တော့မပြောလိုက်ကြပါနဲ့။ မှီခိုသူလုံးဝ မရှိပဲ စနေ၊ တနင်္ဂနွေတောင် မနားပဲ တစ်အိမ်လုံး အလုပ်လုပ်နေတဲ့ သာမန်အလုပ်သမား မိသားစု တစ်နေ့တစ်ခြား လုံးပါးပါးနေတာတွေ၊ နွေရာသီရော မိုးရာသီပါ ကြိုးစားပမ်းစား ၂ သီး စား ( တခါတလေ သုံးသီးစား ထိအောင်) မနားတမ်း အားထုတ်လုပ်ကိုင်နေရင်း လူမ၀ နွားမ၀ဖြစ်ပြီး တစ်နှစ်တစ်နှစ် အတိုးနဲ့ ယူထားတဲ့ အကြွေးလေး ပြေလည်အောင် ပေးနိုင်ရင်ကျေနပ်နေရရှာတဲ့ တောင်သူကြီးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးလို့ မဆိုသာရင်တောင် အတိုင်းအတာ တစ်ခုထိရှိနေကြတယ်။ တောင်သူ အလုပ်ဆိုတာကလည်း ရာသီဥတုကို အရမ်းမှီခိုရတဲ့ အလုပ် ဥတုကဖျက်ရင် သူတို့ အလုပ်က ပျက်ရော။ အလုပ်က ပျက်ပေမယ့် အစားကတော့ လုံးဝဖျက်ထားလို့မရတော့ စားရတာပဲ။ အကြွေးကလည်း ဒီတိုင်းမနေတော့ အတိုးတတ်တော့တာပဲ။ ပိုဆိုးတာက အစိုးရ အ၀ယ်ဒိုင်တွေ အပြင်ပွဲရုံတွေထက် ဈေးနှိမ်ပြီး ၀ယ်တတ်တဲ့ အစိုးရအ၀ယ်ဒိုင်တွေက တခါတလေ တာဝန်ကျေဆိုပြီး မဖြစ်မနေသွင်းခိုင်းတာတွေ ကလည်းရှိတတ်သေးတယ်။ တောင်သူက စိုက်ပျိုးရေးအောင်မြင်ရင် တော်ရုံတန်ရုံ မမှုပါဘူး ပေးနိုင်ပါတယ်။ သူတို့က စိုက်ပျိုးရေး အောင်အောင် မအောင်အောင် တာဝန်ကျေလို့ ခေါင်းစဉ်တပ်ရင် သွင်းရတော့တာပဲ။
၁၉၉၆-၉၇ ၀န်းကျင်လောက်က သူငယ်ချင်းတွေ နေတဲ့ ရွာလေးကို အလည်ရောက်ခဲ့တယ်။ အဲဒီရွာက လူအများစုက ကိုင်းတောင်သူတွေ။ မနက်မိုးလင်းတော့ လူတစ်ယောက်က မြို့သွားမလို့ ဆိုပြီး လမ်းမပေါ်က အော်တယ်။ အိမ်တိုင်း အိမ်တိုင်းက ငြုပ်သီးမှာလိုက်ကြတာ နဲနဲနောနောမဟုတ်ဘူး။ "ဒီလောက်ငြုပ်သီးတွေ အိမ်တိုင်းစေ့တောင် ၀ယ်ပြီးတော့ ဘာတွေ လုပ်ကြမလို့လဲ။" လို့မေးလိုက်တော့ "တာဝန်ကျေသွင်းရမှာ။" တဲ့။ သူငယ်ချင်းတွေ ပြောပြမှသိတယ်။ တာဝန်ကျေလို့ နာမည်တပ်လိုက်ရင် စိုက်ခင်းက ထွက်ထွက် မထွက်ထွက်၊ စိုက်ချင်စိုက် မစိုက်ချင်နေ။ အချိန်ကျတာနဲ့ အ၀ယ်ဒိုင်ကို သတ်မှတ်တဲ့ ပမာဏ သွင်းရတယ်တဲ့။ အဲဒ့ါက လွန်ခဲ့တဲ့ ၉-၁၀ နှစ် ၀န်းကျင်းလောက်ကပါ။ အခုတော့ အဲလိုမဟုတ်လောက်တော့ဘူး ထင်ပါတယ်။ လွတ်လပ်စွာရောင်းဝယ်ပိုင်ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးနေပြီလို့ ကြားတာပဲ။
တောင်သူအလုပ်က အားကိုးမရတော့ စက်ရုံအလုပ်ရုံအလုပ်တွေ လုပ်မလားဆိုတော့လဲ အားလုံးသိတဲ့ အတိုင်းပဲ။ ကိုယ့်နိုင်ငံအနေအထားကလည်း အတတ်ပညာရော အရင်းအနှီးပါ ဖိတ်ခေါ်နေရတယ်လေ။ နိုင်ငံရေး အသိုင်းအ၀ိုင်းကြားမှာ အငြင်းပွားစရာဖြစ်နေတဲ့ ပိတ်ဆို့အရေးယူရေးဆိုတာကြီးက ရှိနေတယ်။ တာဝန်ရှိတဲ့ လူတွေကလည်း ပိတ်ဆို့နေတာလေးတွေကို ပွင့်သွားအောင်လုပ်နိုင်စွမ်းက မရှိဘူးထင်ပါ့။ (ဖ၀ါးနဲ့ နာပေးကြပါ။ )အမေရိကန်က ပိတ်ဆို့လို့ မြန်မာ မိန်းကလေး တော်များများ ကြက်ဖြစ်ကုန်ပါပြီလို့ သွားလေသူ ၀န်ကြီးချုပ်ကတော့ ကိုယ်တိုင် ထအော်ဖူးတယ် မှတ်တာပဲ။ ပိတ်ဆို့မှု လမ်းကြောင်းပွင့်သွားအောင် ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်၊ ပိတ်ဆို့သူတို့ရဲ့ တောင်းဆိုချက် အချို့ကို လိုက်ရောမယ် စသဖြင့် ဘာမှ မလုပ်ဘဲ "မင်းကြောင့် ငါ့သမီး ဖါဖြစ်ရတယ်။" ဆိုတဲ့ စကားလောက်နဲ့ ဟိုဘက်လည်း ဖွင့်မပေးခဲ့ဘူးထင်ပါ့။
ခုထိကိုပဲ ပြည်တွင်းမှာက သာမန်လူတန်းစား အတွက် စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေက နည်းပါးနေတုန်းပါပဲ။ အဲဒီတော့လည်း ကိုယ့်နိုင်ငံတက္ကသိုလ်တွေက ဘွဲ့ရပညာတတ်တွေပါလို့ သတ်မှတ်ခံထားရတဲ့သူတွေလည်း ၀င်ငွေကောင်းတဲ့ ပြည်ပနိုင်ငံတွေ သွားပြီး အောက်တန်းစား အလုပ်တွေ လုပ်ဖို့ကို ဦးမလေးကြတော့ဖူးပေါ့။ လူတန်းစား ပေါင်းစုံအတွက် အနိမ့်ဆုံး အဆင့် စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး မပေးနိုင်သေးသမျှလည်း ဒုတိယ အမျိုး အစား ပုဆိန်ရိုးတွေက တိုးပွားနေဦးမှာပါပဲ။
၃) ပညာသင်ခွင့် အခွင့်အလမ်းတွေ လိုချင်လို့ ပြည်ပကို အားကိုးသူတွေ။
သူတို့ကတော့ နည်းနည်းမြင့်တယ်လို့ ပြောရမယ်ထင်တယ်။ ပြည်တွင်က အခြေခံပညာကျောင်းတွေမှာ၊ တက္ကသိုလ်တွေမှာ ပညာသင်ရတာကို နိမ့်တယ်လို့ထင်တယ်။ ပြည်ပမှာ သွားပြီး ကျောင်းတတ်လိုကြတယ်။ ပြည်တွင်းကကျောင်းတွေ/ တက္ကသိုလ်တွေနဲ့ ပြည်ပကကျောင်းတွေ/ တက္ကသိုလ်တွေ ဘယ်လိုကွာခြားသလဲဆိုတာတော့ ကျွန်တော်မပြောတတ်ဖူး။ သေချာတာတစ်ခုက မြန်မာနိုင်ငံမှာက ပညာရေးနဲ့ ဆက်နွယ်နေတဲ့ ဌာနတွေမှာ ၀န်ထမ်းအများစုက နိုင်ငံခြား ပညာသင်ကို အိမ်မက်တစ်ခုကို မျော်ကိုး နေကြရတယ်။ မာစတာချင်းအတူတူ ပြည်ပကယူလာရင် နှာတစ်ဖျား သာသလိုလို ဖြစ်နေတယ်။ ပါရဂူချင်းအတူတူ ပြည်ပက ယူလာတဲ့ ပါရဂူဆိုရင် ပိုတတ်သလိုလိုကြီး ဖြစ်နေတယ်။ ဘယ်သူက တော်တယ်/ ဘယ်သူက ညံ့တယ် ဆိုတဲ့နေရာမှာ လူတစ်ဦးချင်းအပေါ်တော့ အမျာကြီးမူတည်ပါတယ်။ ဒါပေမယ့် အထက်ကပြောခဲ့တဲ့ နှာတစ်ဖျား သာသလိုလို ကိစ္စကလည်း ယျေဘူရပြောလို့ ရတဲ့အနေအထား တစ်ခုဖြစ်နေပြီနဲ့တူတယ်။ အထက်လူကြီးတွေကလည်း နိုင်ငံခြားက ယူလာတဲ့ ဘွဲ့ဆိုမှ ပိုပြီးနေရာပေးချင်တာတွေ ကလည်းတွေ့ရတတ်သေးတယ်။ ပြည်တွင်းက တက္ကသိုလ်တွေကလည်း တတ်တုန်းကတော့ အချိန်ကုန် ငွေကုန် လူပန်းနဲ့၊ ကျောင်းပြီးပြန်တော့ ဘာလုပ်ရမှန်းသိတာလည်း မဟုတ်၊ အလုပ်ရယ်လို့ရပြန်တော့ နိုင်ငံခြားပြန်ဘွဲ့ရတွေနဲ့စာတော့ မျက်နှာကငယ်ရသေးတယ်။ အခုလို နိုင်ငံတွင် ပညာရေးစနစ်က အားကိုးမခံနိုင်သေးသမျှတော့ တတိယ အမျိုးစား ပုဆိန်ရိုးတွေလည်း တိုးပွားနေဦးမှာပါပဲ။
၎) ကျန်းမာရေး စောင့်ရှောက်မှုလိုချင်လို့ ပြည်ပအားကိုးသူ။
သူကတော့ တော်တော်လေးကို မြင့်သွားပြီ။ နေမကောင်း ထိုင်မသာဖြစ်တာနဲ့ စင်္ကာပူ အစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားကုတဲ့လူတွေပေါ့။ ဒါလည်းစောစောက ပြောသလိုပါပဲ ပြည်တွင်း ဆေးရုံ/ဆေးပေးခန်းတွေနဲ့ ပြည်ပ ဆေးရုံ/ဆေးပေးခန်းတွေဘာကွာလည်းတော့ သေခြာမပြောတတ်ဘူး။ တတ်နိုင်တဲ့သူတွေက ပြည်ပနိုင်ငံတွေကို သွားသွားပြီး ကုတတ်ကြတယ်။ စီးပွားရေး အတော်လေးပြည့်စုံတဲ့ အသိုင်းအ၀ိုင်းကျတော့လည်း ပြည်ပသွားဆေးကုမှ စိတ်ချရသလို ထင်လာကြတယ်။ ဘာကွာလဲဆိုတာတော့ သူတို့မှ ကောင်းကောင်းသိမှာပဲ။ စားရိတ်မျှပေး စနစ်နဲ့ စောင့်ရှောက်ပေးနေတဲ့ လက်ရှိနိုင်ငံတော် ကျန်မာရေး စောင့်ရှောက်မှု အစီအစဉ်က တစ်ချို့လူတွေကို ယုံကြည်စိတ်ချမှု မပေးနိုင်ရှာဘူးဖြစ်နေတယ်။ ပြည်တွင်းက ဆေးရုံ/ဆေးပေးခန်းတွေကနေ အားကိုးလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်သေး သမျှ စတုတ္ထအမျိုး အစား ပုဆိန်ရိုးတွေလည်း တိုးပွားလာနေဦးမှာပါပဲ။
၅)နောက်ဆုံးတစ်ခုပြောချင်တာက သတင်းအချက်အလက် ထောက်အပံ့လိုချင်လို့ ပြည်ပကို အားကိုးသူ။
အဲဒီနံပါတ်ပြောလိုက်ရရင် တစ်နိုင်ငံလုံး ပုဆိန်ရိုးတွေ ဖြစ်ကုန်တော့မယ်။ ပြည်တွင်း ရုပ်မြင်၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ စတဲ့ သတင်းဌာနတွေကို အားမကိုပဲ ပြည်ပ သတင်းဌာနတွေကို အားကိုးနေတဲ့လူတွေပေါ့။ ပြည်တွင်းဌာနတွေနဲ့ ပြည်ပဌာနတွေ ဘယ်သူတွေက စာနယ်ဇင်း ကျင့်ဝတ်နဲ့ ညီတယ်/ မညီဘူး ဆိုတာတွေ ဘယ်သူက ယုံကြည်စိတ်ချရမှု ရှိတယ်/ မရှိဘူး ဆိုတာတွေကတော့ သေခြာ သုတေသန ပြုလေ့လာမှ သိနိုင်မယ်ထင်တယ်။ ဒါပေမယ့် ပြည်ပမီဒီယာတွေက ပြည်တွင်းမီဒီယာတွေထက် သြဇာကြီးကြတာကတော့ အမှန်ပဲ။ ပြည်ပက အသံနဲ့ လွှင့်တဲ့ သတင်းကို စိတ်ဝင်တစား ကြိုစားပမ်းစား နားထောင်ကြပေမယ့်၊ ပြည်တွင်းမှာ ရုပ်သံနဲ့ပြတဲ့ သတင်းကို TV ကြည့်တဲ့လူ အများစုက ပိတ်ထားကြတယ်။ ပြည်တွင်းသတင်းဌာနတွေက ပြည်သူစိတ်ဝင်စားတဲ့ သတင်းကို ပြန်ကြားမပေးနိုင်သေး သမျှတော့ အခုနောက်ဆုံးပြောခဲ့တဲ့ ပုဆိန်ရိုးတွေကလည်း ရှိနေဦမှာပါပဲ။
ကျွန်တော့် ပုဆိန်ရိုး အမှတ်စဉ်တွေလည်း ရပ်တော့မှ ထင်တယ်။ အဲလိုမဟုတ်ရင် "ပုဆိန်ရိုးဟေ့ ဒို့ဗမာ။" လို့ကြွေးကြော်ရတော့မယ်။ ရပ်တော့မယ်ဆိုမှ စိတ်ထဲထပ်ပေါ်လာသေးတယ်။ မိမိပိုင်ဆိုတဲ့ ပိုင်ဆိုင်မှုတွေကို ပြည်တွင်းမှာရှိတဲ့ အစိုးရ/ ပုဂ္ဂလိက ဘဏ်တွေမှာ မအပ်နှံပဲ ပြည်ပကဘဏ်တေမှာမှ လုံခြုံတယ် ထင်လို့အပ်တာလဲ ပြည်ပအားကိုးတာပဲလို့ ပြောလို့ရမယ်ထင်တယ်။
( ကျွန်တော်ကတော့ စာမရေးဖြစ်တာလည်း ကြာသွားပါပြီ။ ဘလော့တွေနဲ့လည်း အဆက်ပြတ်နေပါတယ်။ လောလောဆယ် ဘလော့ဖတ်သူတွေရော၊ ဘလော့ဂါတွေပါ စိတ်မ၀င်စားတဲ့ အကြောင်းအရာဖြစ်နေရင်တော့ သီးခံပြီး ဖတ်ပေးကြပါလို့။ အစကတော့ "ဘိုးလှိုင်ပြောတဲ့ သင်္ဂဟတရား နှင့် ပုဆိန်ရိုးများ တိုးပွားကြောင်း " လို့ ခေါင်းစဉ်တပ်ထားသေးတယ်။ ပြည်ပ အားကိုးတဲ့သူတွေ များလာတဲ့ အကြောင်းကို ရာဇဓမ္မသင်္ဂဟနဲ့ တိုက်ကြည့်ဝေဖန် မလို့ပါပဲ။ ခုတော့ ပုဆိန်ရိုးတွေကို အမှတ်စဉ်တပ်နေရတာနဲ့ ပို့စ်ကတော်တော်ရှည်သွားပြီ။ ရာဇဓမ္မသင်္ဂဟ ကို မထည့်တော့ပါဘူး။ ရေးဖြစ်ရင်နောက်မှ ပို့တစ်ခုထပ်ရေးပါမယ်။ လာအာပေးတဲ့သူတွေ အားလုံးကို ကျေးဇူးလည်းတင်ပါတယ်။)