:) Thursday, May 22, 2008

အခြေခံ ပါဠိ ဖတ်နည်း အကျဉ်း

အခြေခံ ပါဠိ ဖတ်နည်း အကျဉ်း

ကျွန်တော်တို့ အရွယ်လူငယ်တွေ ဆယ်စောင်တွဲနဲ့ တော်တော်လေး ဝေးနေကြမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ အခုမှပဲ သေသေခြာခြာ ဖတ်ဖူးပါတယ်။ ငယ်ငယ်တုန်းကတော့ အဖေ၊ အမေတို့ ဆိုပြလို့ အဲဒီထဲက ဆုံးမစာလေးတွေနဲ အချို့ ပါဠိစာပိုဒ်တွေ ရင်းနှီးခဲ့ပါတယ်။ လေးတန်းစာမေးပွဲ ပြီးတဲ့နှစ်ကတော့ ရပ်ကွက်ထဲက ဘုန်းကြီးဆီမှာ ပုံမှန်စာအံဖို့ မိဘတွေက အပ်ထားပေးတာခံရဖူးပါတယ်။ အဲဒီတုန်းကတော့ မင်္ဂလသုတ် ပါဠိတော်ကို သင်ဖူးပါတယ်။

ကျောင်းအိပ်ကျောင်းစားလည်းမဟုတ်။ အမြဲနေကျောင်းသားလည်းမဟုတ် ကျောင်းပိတ်ရက်ကလေး ခဏလာ စာအံတာဆိုတော့ ဘုန်းကြီးလည်း သိပ်ပြီး စည်းကမ်းအတိအကျ မကိုင်နိုင်ခဲ့ပါဘူး။ ကျွန်တော်ကလည်း ဘုန်းကြီးကိုလည်း ကြောက် စာအံရမှာလည်း ပျင်း နဲ့ ရှောင်ရသောက်ရှောင်ခဲ့ပါတယ်။ အဲဒီလို အားထုတ်မှုတွေကြောင့် ဆယ်စောင်တွဲစာအုပ်ကြီး လက်ထဲရောက်လာခဲ့ပါရက်နဲ့ မရင်းနှီးခဲ့ပါဘူး။

လေးတန်းကြီးတောင် အောင်ထားပြီးသား အစိုးရတန်းကျောင်းသားကြီးဆိုတော့ ဆရာတော်ကလည်း စလိုက်ကတည်းက မင်္ဂလသုတ်ကို တန်းကိုင်ခိုင်းပါတယ်။ သင်ပုန်းကြီးနဲ့ ပါဠိဖတ်နည်းဆိုတာ လုံးဝ မသင်ခဲ့ရပါဘူး။ ခုတော့ အကြောင်းကလည်း ညီညွတ်တော့ ပြန်ဖတ်ဖြစ်ပါတယ်။ အဲဒီထဲက အခြေခံ ပါဠိ ဖတ်နည်း အကျဉ်း ကို အပင်ပန်းခံ စာရိုက်ထားပါတယ်။ စာရိုက်ပြီးမှတော့ ဖြန့်ဝေလိုက်ဦးမယ်ဆိုပြီး ပို့စ်တင်လိုက်တာပါ။ တချို့လူတွေအတွက်တော့ သိပြီးသားတွေဖြစ်နေပါလိမ္မယ်။


Read this doc on Scribd: pali


ပါဠိဖတ်တာနဲ့ ပတ်သက်ပြီး ကျွန်တော်သတိထားမိတာလေး တစ်ချို့လည်းပြောပြချင်ပါတယ်။

မြန်မာစာမှာ ကောက်နဲ့ က အသံတူနေပေမယ့် ပါဠိမှာတော့ ကွဲပါတယ်။ ပါဠိမှာဆိုရင် ရကောက်ကို လျှာလိပ်သံနဲ့ ဖတ်ဖို့လိုပါတယ်။ ယပက်လက် ကိုတော့ မြန်မာ ယ သံနဲ့လျှာမလိပ်ဘဲ ဖတ်ရပါတယ်။

၂၄ ပစ္စည်း မှာ နိဿယဥပနိဿယသမ္ပယုတ္တ နဲ့ ၀ိပ္ပယုတ္တ တို့ ကို အချို့က ရကောက်သံတွေနဲ့ လျှာလိပ်ပြီးဖတ်တာတွေ့ရပါတယ်။ အတော်နားထောင်ရ ဆိုးပါတယ်။ ယပက်လက်သံ ပီပီပြင်ပြင်ထွက်ဖို့ လိုမယ်ထင်ပါတယ်။ အာဟာရ ကိုတော့ မြန်မာသံပီပီနဲ့ အဟာယ လို့ဖတ်ကြပါတယ်။ ရကောက်သံနဲ့ လျှာလိပ်ပြီး ဖတ်ဖို့လိုမယ်ထင်ပါတယ်။

မေတ္တာသုတ်ပါဠိတော် မှာပါတဲ့ န ပရော ပရံ ဆိုတဲ့စာကိုလည်း လျှာမလိပ်ပဲ အသံထွက်တာကြားဖူးပါတယ်။ မြန်မာလို ရီစရာ အဓိပ္ပယ်တစ်ခုခု ပေါ်လာသလိုဖြစ်လို့ အတော်ရီချင်မိပါတယ်။

ယပင့်နဲ့ ရရစ်တို့ဟာလည်း ယပက်လက်နဲ့ ရကောက်တို့ရဲ့ အဆင့်တွေဖြစ်လို့ သူတို့ကိုလည်း ယပင့်သံဆိုရင် ပုံမှန်ဖတ်ပြီး ရရစ်သံဆိုလျှင် လျှာလိပ်ဖို့လိုမယ်ထင်ပါတယ်။ ၂၄ ပစ္စည်း မှာပါတဲ့ ဣန္ဒြိယကို ဘယ်သူကမှ အိန်ဒယိယလို့ ယပက်လက်သံနဲ့ ဖတ်တာမတွေ့ဖူးပါ။ အလိုလို လျှာလိပ်ပြီး အိန်ဒရိယ လို့ ဖတ်သွားကြပါတယ်။ အဲဒီကနေ အရှိန်ပါနေလားတော့ မပြောတတ်ပါ။ ပန်တျာကျောင်းဆိုတာကို ယပင့်ကြီးမှန်းသိပါရက်နဲ့ အတော်များများက အလိုအလျောက် လျှာလိပ်ပြီး ပန်တြာ = ပန်တရာ ဆိုတဲ့ အသံမျိုးထွက်ကြပါတယ်။ ပန်တျာဆိုတာ ပါဠိစကား ဟုတ်မဟုတ်တော့ မပြောတတ်ပါ။ ပါဠိစကားလုံးဖြစ်ခဲ့ရင်တော့ လျှာလိပ်တာ မှားနေကြတယ်ထင်ပါတယ်။

နောက်တစ်ခုက မေတ္တာဆိုတဲ့စကားလုံးပါ။ ပုံသေစည်း (၂) နဲ့ကိုက်ညီနေတာမို့ စ-သတ်သံနဲ့ ထွက်ဖို့လိုပါမယ်။ ဒါပေမယ့် အများစုက ယပင့် စ-သတ်သံနဲ့ မျစ်တာလို့ ထွက်ကြပါတယ်။ ပညာဆိုရာမှာလည်း ပစောက်ကို ဉ -သတ်ထားတာဖြစ်လို့ အသတ်အသံတူ ဖြစ်တဲ့ င-သတ်သံနဲ့ အစားထိုးပြီး ပင်ညာလို့ ထွက်သင့်ကြပါတယ်။ ဒါပေမယ့် မေတ္တာတုန်းကလိုပဲ ယပင့်သံပါရောပြီး လူတိုင်းလိုလိုလောက်က ပျင်ညာလို့ပဲထွက်ကြပါတယ်။ သညာမှာတော့ အဲဒီပြဿနာ သိပ်မရှိဘူးထင်ပါတယ်။ သညာကို မြန်မာလို အမှတ်လို့ ဘာသာပြန်ပြီး သုံးတာများလို့လည်းဖြစ်နိုင်ပါတယ်။ အဲလိုမှမဟုတ်ရင် သအက္ခရာကို ယပင့်ထည့်လို့ အသံပြောင်းမသွားနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုပြောခဲ့တဲ့ မေတ္တာနဲ့ ပညာကတော့ အများသဘောတူမှားထားတဲ့ ပြင်လို့မရနိုင်တော့တဲ့ မြန်မာအသံထွက် စစ်စစ်တွေ အဖြစ်ရောက်နေကြပြီ ထင်ပါတယ်။ ဒီနေ့ခေတ်မှာ မစ်တာပင်ညာ ဆိုတဲ့ အသံထွက်မျိုးနဲ့ စကားပြောရင်၊ သတင်းထဲမှာ ကြေငြာရင်၊ သီချင်းထဲမှာ ထည့်ဆိုရင် လူရီစရာကြီးဖြစ်နေတော့မှာ သေခြာပါတယ်။

မေတ္တာသုတ်ပါဠိတော်မှာပါတဲ့ သဗ္ဗလောကသ္မိံ ဆိုတဲ့ စာလုံးလေးကလည်း စဉ်းစားစရာပါ။ ပုံသေစည်း (၁) ကိုက်နေပေမယ့် သတ်ဗလောကသ်မိန်လို့ ထွက်လို့မဖြစ်တာတွေ့ရပါတယ်။ ကကြီး သ-သတ် သံနဲ့ထွက်လို့ မဖြစ်ပါဘူး။ သတ်ဗလောကသမိန် ဆိုပြီး သံကိုလည်း အပြည့်ဆိုရပါတယ်။ ဘာကြောင့်လည်းတော့ ကျွန်တော်လည်း မသိပါ။ ဘုန်းကြိးတွေ ဖတ်တဲ့အသံအတိုင်း အသေမှတ်ထားတာကို ပြောပြတာပါ။ ပါဠိမှာ သ-သတ်မရှိလို့လည်း ဖြစ်နိုင်ပါတယ်။

နောက်ဆုံးတစ်ခုပြောချင်တာက လ-သတ်ပါ။ လ-သတ်ရင် ဘယ်လိုအသံထွက်ရမယ်ဆိုတာ ဆယ်စောင်တွဲထဲမှာ မတွေ့မိပါဘူး။ ဒါပေမယ့် ကျွန်တော့စိထင်ပြောရရင် လ-သတ်သံဟာ န-သတ်သံနဲ့ တူပါလိမ္မယ်။ မေတ္တာသုတ်မှာပါတဲ့ အပ္ပကိစ္စောစ သလ္လဟုက ၀ုတ္တိဆိုတဲ့ အပိုင်းကို သ န-သတ် သန် ဆိုပြီးဖတ်တာတွေ့ရလို့ပါ။ ဒါပေမယ့် ပလ္လင်ကိုတော့ ဘယ်သူမှ ပန်လင်လို့ထွက်တာမတွေ့ရပါဘူး။ ဘယ်ဟာက မှားနေလဲတော့ မပြောတတ်ပါ။ သိသူရှိကပြောပေးကြစေလိုပါတယ်။ ပါဠိလို အသံမှန်မှန်ဖတ်တတ်ဖို့ဆိုရင်လည်း ဒီထက်အများကြီး လေ့လာစရာတွေ ကျန်နေဦးမယ်ထင်ပါတယ်။

ကျေးဇူးတင်ပါသည်။


:) Sunday, May 18, 2008

ကာလ၀ိပတ္တိ ကာလသမ္ပတ္တိ

ကာလ၀ိပတ္တိ ကာလသမ္ပတ္တိ

ကျွန်တော်တို့ မြန်မာတွေ နေ့စဉ်ရှစ်ခိုးနေတဲ့ ဘုရားရှစ်ခိုးမှာ ၀ိပတ္တိတရား ၄ ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏ လို့ဆုတောင်းလေး အမြဲပါ ပါတယ်။ ကျွန်တော်လည်း ၀ိပတ္တိတရား ၄ ပါးဆိုတာကို ဖတ်ဖူးပါတယ်။ လေ့လာဖူးပါတယ်။ တစ်ကြိမ်တော့မကတာ သေခြာတယ်။ နောက်တော့လည်းမေ့မေ့သွားတယ်။ ခုတော့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်ကိုထဲက ၀ိပတ္တိတရား ၄ ပါး နဲ့ သမ္ပတ္တိတရား ၄ ပါးတို့ကို ဖတ်လိုက်ရပါတယ်။ အဲဒီထဲကမှ ကာလ၀ိပတ္တိ နဲ့ ကာလသမ္ပတ္တိ ကိုအခုအချိန်ခါလေးနဲ့လည်း ကိုက်ညီနေတယ်ထင်လို့ ကူးယူဝေမျှလိုက်ပါတယ်။

ကာလ၀ိပတ္တိ == လူဆိုးလူညစ်၊ ပညာမဲ့တို့ အုပ်စိုးသောကာလ။ ကာလ၏ မကောင်းခြင်း။
ကာလသမ္ပတ္တိ == ပညာရှိသူတော်ကောင်းတို့ အုပ်စိုးသောကာလ။ ကာလ၏ ကောင်းခြင်း။

ကာလဆိုတဲ့ စကားကိုသုံးထားပေမယ့် အုပ်စိုးသူနဲ့ပတ်သတ်တဲ့အတွက် တကယ်တော့ အုပ်စိုးသူတို့ရဲ့ အာဏာစက် အကျယ်အ၀န်း နေရာဆိုတဲ့ ဒေသနဲ့လည်း သက်ဆိုင်နေပါတယ်။ ကာလရဲ့ကောင်းခြင်း/ဆိုးခြင်းဆိုတာ အချိန်နဲ့သာသက်ဆိုင်တာမဟုတ်ပဲ နေရာနဲ့ပါသက်ဆိုင်နေတယ်ဆိုတာ တွေ့ရပါတယ်။
***********************
ကာလ၀ိပတ္တိ။ ။
မင်းဆိုးမင်းယုတ် ခေါင်းဆောင်အညံ့စားတို့ ရှေ့သွားဦးဆောင်လုပ်လျက် အုပ်စိုးသောအခါကို ကာလ၀ိပတ္တိ ဟုခေါ်၏။ တိုင်းပြည်ပျက်သောအခါ၊ မိမိတို့ တိုင်းပြည်ဝယ် စစ်ဖြစ်နေကြသော အခါများ၌လည်း ကာလ၀ိပတ္တိပင်တည်း။ ထိုကဲ့သို့ ကာလ၀ိပတ္တိကြုံရသောအခါ၌ ရှေးကပါလာခဲ့သော အကုသိုလ်ကံတို့ အခွင့်သာကြသည်။ လူအများပင် ဆင်းရဲပြတ်သတ်ငတ်မွတ်ကြ၏။ ကုသိုလ်ကံကြီးမားသူတို့ပင် ထိုကုသိုလ်ကံ အခွင့်မရဘဲ ရှိသမျှ အကုသိုလ်ကံတို့၏ ဒဏ်ကိုခံရသောကြောင့် ပြေးရလွှားရ၊ ပုန်းရလျှိုးရ၊ စားချင်တာမစားရ၊ ချစ်သူနှင့်ကွဲရ၊ တချို့မသေလောက်သော ရောဂါကလေးတွေအတွက် သင့်တော်သောဆေး၊ ကုသပေးမည့်ဆရာ မရသောကြောင့် သေရသည့်တိုင်အောင် ဒုက္ခရောက်ကြရသည်။

ကာလသမ္ပတ္တိ။ ။
မင်းကောင်းလူကောင်းတို့ အုပ်စိုးနေရာ အခါကို ကာလသမ္ပတ္တိ ဟုခေါ်၏။ တိုင်းသူပြည်သားတို့ကို သာယာဝပြောအောင်၊ ပညာတတ်အောင်၊ ကျန်းမာအောင် အစရှိသဖြင့် စီမံတတ်သော မင်းကောင်းခေါင်းဆောင်ကောင်းတို့ လက်ထက်၌ ကုသိုလ်ကံများ အခွင့်သာ၏။ ထိုကုသိုလ်ကံများ အခွင့်သာသဖြင့် ကောင်းသောအာရုံတို့ကို တွေ့ကြုံကြရ၏။ ပူပန်သောကကင်း၍ ဆွေမျိုးညာတိ ရပ်ရှိရွာကုန် အလုံးစုံတို့ပင် ချမ်းသာကြ၏။ တတ်ကပ်အခါလည်း ကာလသမ္ပတ္တိပင်တည်း။ ထိုကဲ့သို့ ကာလသမ္ပတ္တိကြုံကြိုက်သောအခါ ပြတ်ငတ်နေအောင် အကျိုးပေးမည့်အကုသိုလ်ကံပါရှိသော်လည်း အခွင့်မရသဖြင့် အကျိုးမပေးနိုင်။
***********************

အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာ ( စာမျက်နှာ ၂၂၄-၂၂၅)


:) Wednesday, May 14, 2008

မေတ္တာရှင်များသို့

မေတ္တာရှင်များသို့

ခေါင်းစဉ်မှာသုံးခဲ့တဲ့ မေတ္တာရှင်များဆိုတာကတော့ ဒုက္ခနှင့်တွေ့ကြုံခံစား နေရသူများကို ကူညီချင်၊ အားပေးချင်၊ ထောက်ပံ့ချင်သူတွေကိုပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာသာအယူဝါဒရဲ့ အဆုံးအမအားဖြင့်ကြည့်လျှင် မေတ္တာဆိုရာ၌ မေတ္တာတစ်မျိုးတည်းနှင့် မပြည့်စုံနိုင်ပါ။ မေတ္တာ၏ အသွင်သဏ္ဍန်လေးမျိုးဟု ဆိုအပ်သော ဗြဟ္မစိုရ်တရား ၄ ပါး ပေါင်းမှပြည့်စုံပါလိမ္မည်။ ဗြဟ္မစိုရ်တရား ၄ ပါးတို့မှာ ၁) မေတ္တာ ၂) ဂရုဏာ ၃) မုဒိတာ ၄) ဥပေက္ခာ တရားတို့ဖြစ်ပါတယ်။

မေတ္တာရှင်တို့မှာ ပြည်သူတို့၏ ကောင်းစားရေးကိုလိုလားသည့် ဖြူစင်သောချစ်ခြင်းမေတ္တာတရား တို့ရှိကြမှာသေခြာပါတယ်။ ထို့အတူ ပြည်သူတို့ ဘေးဒုက္ခ တစ်ခုခုနှင့်ကြုံရသည့်အခါမှာလည်း သနားခြင်းဂရုဏာနှင့် အနယ်အနယ် အရပ်ရပ်မှ အကူအညီအထောက်အပံ့များ ရရှိသည့်အခါ ၀မ်းမြောက်ခြင်း မုဒိတာတို့လည်း ဖြစ်ကြမှာသေခြာပါသတယ်။

ပထမဗြဟ္မစိုရ် သုံးပါးတို့ကတော့ မေတ္တာရှင်တို့စိတ်မှာ ဖြစ်ပွားရန်လွယ်ကူသော်လည်း နောက်ဆုံး ဥပေက္ခာတရားမှာတော့ သတိမရှိလျှင် မပွားနိုင်/မများနိုင်ကြ ပဲရှိတတ်ကြပါသည်။ဒုက္ခရောက်နေသူတို့အပေါ် သနားခြင်း ဂရုဏာကို အခြေခံပြီး တွေ့မြင်လာရတဲ့ သတင်းတွေ၊ ဓါတ်ပုံတွေ အပေါ်မှာ နှလုံးသွင်းမမှန်မှုကြောင့် ...
၁) စိတ်ဆင်းရဲခြင်း ဒေါမနဿ
၂) ၀မ်းနည်းခြင် သောက
၂) ငိုကြွေးရခြင်း ပရိဒေဝ
၃) တာဝန်ရှိသူများ တာဝန်မကြေဟု ဆိုကာ ၄င်းတို့ကို စိတ်ဆိုးခြင်း ဒေါသ အစရှိသည့် အကုသိုလ်စိတ်တို့ပင် ဖြစ်ပေါ်လာတတ်ပါသည်။ ကျွန်တော်လည်း သတိလက်လွတ်ပြီး ထိုပြခဲ့သော အကုသိုလ်တို့ ဖြစ်ခဲ့မိသေးပါသည်။ ထို့ကြောင့် ကျွန်တော်ဒီပို့စ်ကို ရေးလိုက်ရတာပါ။

ဒုက္ခရောက်နေတဲ့ သူတွေအပေါ် ဥပေက္ခာထားနိုင်ရမည် လို့ဆိုခြင်းက ယနေ့ ခေတ်ပြော လျစ်လျူရှုခြင်းသက်သက်ကို မဆိုလိုပါ။ ဒုက္ခရောက်နေသူတို့ကို ကူညီရန်ဝိရိယအစွမ်း/ဉာဏ်စွမ်း ရှိသမျှ ကြိုးစားကြပါ။ ငွေအားနဲ့လူအားနဲ့ တတ်နိုင်သမျှလုပ်ကြပါ။ သူတို့ဆီအကူအညီမျာ တတ်နိုင်သမျှ များများနဲ့ မြန်မြန်ရောက်အောင် အားထုတ်ကြပါ။

ထိုကဲ့သို့ အားထုတ်တဲ့ နေရာမှာ အတားအဆီး၊ အခက်အခဲဆိုတာလည်း တွေ့ကြရမှာ မလွဲပါပဲ။ တွေ့လာတဲ့ အခက်အခဲတို့ကို ကျော်လွှားနိုင်အောင် ကြိုးစားကြပါ။ အတားအဆီး ဆိုရာမှာ သဘာဝ အတားအဆီး၊ လူတို့ပြုတဲ့ အတားအဆီး ၂ မျိုးလုံးကိုတွေ့ရမှာပါ။ ဘယ်လိုအတား အဆီးပဲတွေ့တွေ့ အတားအဆီးတွေလို့ပဲ နှလုံးသွင်းလိုက်ပါ။ ဘယ်သူမပြု မိမိမှုပါပဲ။ အဲဒီလို တားဆီး ပိတ်ပင်တာ ကိုယ်မဟုတ်ဖို့ လိုပါတယ်။ မြန်မာစကားမှာ ရှိပါတယ်။ ပြုသူအသစ်ဖြစ်သူအဟောင်း။ ကံသာလျှင်အမိ၊ ကံသာလျှင်အဖ တဲ့။ မေတ္တာအစရှိတဲ့ ပထမဗြဟ္မစိုရ်တရား ၃ ပါးကို ပွားများလို့ မရတဲ့ အချိန်မှာ အသင့်တော်ဆုံးစကားတွေပါပဲ။

ဒေါမနဿအစရှိတဲ့ တရားတွေကတော့ ဒေါသကိလေသာရဲ့ သဘောတွေပဲဖြစ်လို့ ပူလောင်ခြင်းကိုသာ ဖြစ်စေပါတယ်။ အဲလိုပူလောင်ခြင်းတွေဟာ မိမိကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ရှိသူတွေရော ဒုက္ခရောက်နေသူတွေကိုပါ ကောင်းကျိုးမပေးနိုင်ကြပါဘူး။ ထောက်ပံ့လိုခြင်းဆိုတဲ့ မိမိရဲ့ အလုပ်ရည်ရွယ်ရင်းကိုလည်း ပိုမိုထိရောက်လာစေဖို့ မကူညီနိုင်ပါဘူး။ ဒါကြောင့်မို့ အထက်ကပြောခဲ့တဲ့ ဒေါသကိလေသာတွေ ပွားနေမဲ့အစား ဥပေက္ခာပွားနေတာ ကအေးချမ်းပါတယ်။

လူပုဂ္ဂိုလ်အတားအဆီးရယ်လို့ သေသေခြာခြာတွေ့မြင်နေတယ်၊ ပြီးတော့ အဲဒီပုဂ္ဂိုလ်ကို ဖယ်ရှားလိုက်ရရင် သတ္တ၀ါတွေ ချမ်းသာရနိုင်တယ်ဆိုရင်တော့ ဖယ်ရှားလိုက်ပါ။ အားပေးလိုပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ သူ့ကိုသေစေလိုတဲ့စိတ် ဒေါသက ဦးမဆောင်ပဲ သတ္တ၀ါတွေချမ်းသာဖို့ ဂရုဏာကဥိးဆောင်ခဲ့မယ်ဆိုရင် အကုသိုလ်ဆိုသော်လည်း သတ္တ၀ါတွေအပေါ်ထားခဲ့တဲ့ ဂရုဏာရဲ့ အကျိုးတော့ ခံစားရမှာသေခြာပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့ဆိုတာကတော့ ဘုရားအလောင်းတော် ယောက်ျားကောင်း ယောက်ျားမြတ်တွေမှာ တွေ့ရတတ်တဲ့ ၀ိရိယမျိုး သတ္တိမျိုးဖြစ်လို့ ချီးမွှမ်းအပ်ပါတယ်။

(ကျွန်တော်တို့ ဘုရားအလောင်းတော်လည်း ပါရမီဖြည့်စဉ်တုန်းက လောကကို စောင့်ရှောက်ဖိုလိုအပ်တဲ့အခါ၊ ဓမ္မကိုစောင့်ရှောက်ဖို့လိုအပ်တဲ့အခါ သူ့အနေနဲ့ တစ်လျှောက်လုံးထိမ်းသိန်းခဲ့တဲ့ သီလကိုဖြစ်စေ၊ မိမိကိုယ်တိုင်ကို ဖြစ်စေ စတေးပြီးတော့ ဆောင်ရွက်တတ်ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့ရလို့လည်း သူကိုယ်တိုင် တိရစ္ဆာန်ဘ၀တွေကျရောက်ခံစားခဲ့ရပါတယ်။ ဘယ်လိုတွေပဲခံစားရပါစေ။ လောကကို၊ ဓမ္မကိုစောင့်ရှောက်လိုတဲ့ သူ့ရဲ့စေတနာကြောင့် ဖြစ်လေရာ ဘ၀တိုင်းမှာ သူများထက် မြတ်တဲ့သူ သာလျှင်ဖြစ်ရပါတယ်။)

ဘုရားရှင်လက်ထက်တော်ကလည်း ဘုရား၊ ရှင်သာရိပုတ္တရာ အစရှိတဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေတောင် မကယ်နိုင်တဲ့ သတ္တ၀ါတွေရှိခဲ့သေးတာပဲ။ ဒီနေ့ခေတ်အနေနဲ့ ပြောမယ်ဆိုရင်လည်း ဘွတ်ရှ်နဲ့ ဘန်ကီးမွန်းတောင် မကယ်နိုင်တာ ငါတို့ ဘယ်တတ်နိုင်ပါ့မလဲလို့ နှလုံးသွင်းထားနိုင်ရင်လည်း မဆိုးပါဘူး။

ဗြဟ္မစိုရ်တရား လေးပါးအစုံ ပွားများနည်းတို့ကို အလွယ်ရွက်ဆို ပွားများနည်းများကို အောက်မှာဖေါ်ပြလိုက်ပါတယ်။
၁)မေတ္တာပွားနည်
သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု။ ( သတ္တ၀ါတွေ အားလုံး ဘေးရန်ကင်းကြပါစေ။)
၂) ဂရုဏာပွားနည်း
သဗ္ဗေ သတ္တာ ဒုက္ခာမုစ္စ န္တု။ ( သတ္တ၀ါတွေ အားလုံး ယခုယောက်ရှိနေသော ဆင်းရဲခြင်းတို့မှ လွတ်မြောက်ကြပါစေ။)
၃) မုဒိတာပွားနည်း
သဗ္ဗေ သတ္တာ ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆာန္တု။ ( သတ္တ၀ါတွေ အားလုံး ရရှိနေသော စည်းစိမ်မှ လက်မလွတ်ကြပါစေနှင့်။)
၎) ဥပေက္ခာပွားနည်း
သဗ္ဗေ သတ္တာ ကမ္မဿကာ။ (သတ္တ၀ါတွေ အားလုံးတွင် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်။)

My Little Blog