မေတ္တေယျပွင့်ချိန်ကိုရည်၍ ဆုတောင်းဝံ့သလား ( အပိုင်း ၁)
ဦးအောင်မွန် (မြတ်ဆုမွန်) ရေးသားသော မြတ်စွာဗုဒ္ဓမေတ္တေယျ စာအုပ်မှ အခန်း (၂၃) [စာမျက်နှာ ၅၈၃-၅၉၂] ကိုကူးယူဖေါ်ပြပေးပါမယ်။ ဒီအခန်းမှာ လက်ရှိသာသနာတော်နှင့်ကြုံကြိုက်တုန်း ဝိပဿနာဘာဝနာ အလုပ်ကို အားထုတ်သင့်ကြောင်း နောက်ပွင့်မည့် ဘုရားသာသနာကို မျှော်ကိုးပြီး သတိလက်လွတ်အချိန်ကုန် မခံသင့်ကြောင်းကို ဆုံးမထားတဲ့ ဆရာတော်ကြီးတွေရဲ့ အဆုံးအမတွေကို စုစည်းဖေါ်ပြထားတာတွေ့ရပါတယ်။ အပိုင်းလေးတွေခွဲပြီးတင်ပေးပါမယ်။
ရွက်ဝါ။
********************
ပုထုဇဉ်တို့မည်သည် မိမိဋ္ဌ၏တွေ့ကြုံခံစားနေရသော လတ်တလောပြဿနာ အပေါ်တွင် အခြေခံ၍ ထိုပြဿနာအခက်အခဲမှ ကျွတ်လွတ်စေခြင်းအလို့ငှာ ဆုတောင်းသည်ကများ၏။ ဤအချက်ကို ရည်၍ တတိယနံမော် ဆရာတော်ကြီး အရှင်ဝိနန္ဒာသဘ (အေဒီ ၁၇၇၆-၁၈၄၀) က သီလ၀ိသောဓနီကျမ်းတွင်-
ပုထုဇဉ်တို့မည်သည် ဇာတိတရား မိမိအားထင်ရှားနှိပ်စက်လျက် ထိုဇာတိ၏အကြောင်းဖြစ်သော လူချမ်းသာ၊ နတ်ချမ်းသာကိုရည်၍ ကုသိုလ်ပြုသူ များချေသည်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်အကျိုးငှာ ရည်၍ပြုသူ နည်းချေသည်။ ကုသိုလ်မည်သည်လည်း အကြောင်းအားလျော်စွာ အကျိုးကိုဖြစ်စေမြဲဖြစ်၍ ရည်တိုင်းသောအကျိုးသာဖြစ်စေသည်၊ မရည်သောအကျိုးကိုမဖြစ်စေ။ ထို့ကြောင့် ကျွတ်တမ်းမှာမပါ သံသရာမှာ ကြာရချေသည်...။
ကျွတ်တမ်းမှာပါအောင် ဇာတိ၏အမြစ်ကိုသိ၍ ဇာတိ၏ကုန်ရာ နိဗ္ဗာန်အကျိုးငှာသာ ကုသိုလ်ကိုပြုရာသည်။ လူချမ်းသာ နတ်ချမ်းသာ အကျိုးငှာရည်၍ မပြုရာ။ ပြုသောသူသည် ငါ့အားကာလမြင့်ရှည် ဇာတိဆင်းရဲ၊ ဇရာဆင်းရဲ၊ ဗျာဓိဆင်းရဲ၊ မရဏဆင်းရဲ၊ သောကဆင်းရဲ၊ ခီယနဆင်းရဲသည် ဤကုသိုလ်ကြောင့် ငါ့အားဖြစ်ပါစေဟု ပန်ကားမပန်၊ ပန်ရာရောက်လေသည်။ ကုသိုလ်သည် ဆင်းရဲကိုမဖြစ်စေတတ်သော်လည်း ဖြစ်စေတတ်သကဲ့သို့ ပတ္တနာအားလျော်စွာ ဖြစ်လေသည်..။ ဟူ၍ရေးသားတော်မူခဲ့သည်။
မှတ်ချက်။ ။ပထမနံမော်ဆရာတော်မှာ အရှင်သာရမဉ္ဇူ၊ ဒုတိယန့မော် ဆရာတော်မှာ အရှင်ဓမ္မပါလ ဖြစ်သည်။ နံမော်ရွာသည် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ ရွှေအင်းတောင် အနောက်ခင်ရိုးရွာ ပန်တင်ဂူအနီး၌ရှိသည်။
ဤသို့လျှင်ရခဲလှစွာသော လူ့ဘ၀ကိုရပါလျက်၊ ကြုံခဲလှစွာသော ဘုရားသာသနာနှင့် ဆုံဆည်းပါလျက်၊ ဖြစ်ခဲလှစွာသော သဒ္ဓမ္မတရာလက်ကိုင်ရှိသူဖြစ်ပါလျက်ကနဲ့ မဂ်ဖိုလ်နိဗ္ဗာန်အကျိုးငှာကား မရည်၊ လူချမ်းသာ၊ နတ်ချမ်းသာ ကိုသာရည်၍ ပြုလေသည်ကား ပညာစက္ခုကို အဝိဇ္ဇာဟူသော သလ္လာသည် မြှေးယှက်လေသောကြောင့်ဖြစ်သည်၊ ထိုအဝိဇ္ဇာသလ္လာမြှေးကို မည်သို့ဖယ်ရှားမည်နည်း၊ ဟူမူ သတိဘာဝနာကို ပွားများစေရာသည်။ သတိဘာဝနာဟူသည် အချင်းခပ်သိမ်း သတိသမ္ပဇညကိုမလွတ်စေရအောင် သွားစဉ်လည်းသတိ၊ ထိုင်စဉ်လည်းသတိ၊ လျောင်းစဉ်လည်းသတိ၊ မည်သည့်အခါတွင်မှ သတိသမ္ပဇညကို မလွတ်စေရ-ဟု နံမော်ဆရာတော်ကြီးနည်းပေးတော်မူပါသည်။ တတိယနံမော်ဆရာတော်ကြီး နည်းပေးတော်မူသော သတိဘာဝနာဆိုသည်ကား ယခုအခါမြန်မာနိုင်ငံ၌ အလွန်ထင်ရှားလျက်ရှိသော သတိပဋ္ဌာန်ထိပဿနာဘာဝနာလုပ်ငန်း ပင်ဖြစ်ပါသည်။
သို့ဖြစ်၍ သတိပဋ္ဌာန်ဘာဝနာကို အားထုတ်ရန် အသင့်ရှိနေသူတို့အဖို့ နောင်နှစ်ပေါင်း ၅၇၆-သန်းတွင်ပွင့်တော်မူမည့် မေတ္တေယျရှင်ကို ဖူးတွေ့ရပါစေ-ဟု ဆုတောင်းရန် လို,မလို ဆိုသည့်အချက်နှင့်စပ်၍ ပစ္စက္ခသာသနာတော်၌ နေ, လ သဖွယ် ထင်ရှားလျက် သာသနာဦးသျှောင်ဖြစ်တော်မူကြကုန်သော ဆရာတော်ဘုရားကြီးများ၏အောက်ပါ သြဝါဒ ကောက်နုတ်ချက်စကားတို့ကို ဖတ်ရှု၍နှလုံးသွင်း ဆင်ခြင်နိုင်ကြရန်ဖြစ်ပါသည်။