သာသနာပြုများနှင့် တစ်ညနေ
တစ်နေ့က ညနေမိုးချုပ်ချုပ် ကျွန်တော်လမ်းလျောက်ပြီး အိမ်အပြန် လမ်းမှာ သာသနာပြုအဖွဲ့ တစ်ဖွဲ့နဲ့ ဆုံဖြစ်ပါတယ်။ သူတို့က ထာဝရ ဘုရားကိုယုံကြည်ကြသူတွေပါ။ သူတို့က သူတို့ ကျမ်းဂန်ထဲက ကောက်နုတ်ချက်လေးတွေ ရိုက်နှိပ်ထားတဲ့ စာရွက်သေးသေးလေးတွေကို ဝေနေပါတယ်။ လူတွေကိုလည်း စကားတစ်ချို့ ပါးစပ်ကနေရွက်ဆိုခိုင်းပါတယ်။ မှတ်မိသလောက် မြန်မာပြန်ပြီးပြောရရင် “အို သခင်ယေရှု” ဆိုတဲ့စကားလည်း ပါ,ပါတယ်။ “အို ထာဝရ ဘုရားသခင် အကျွန်နုတ်၏ ကိုယ်တွင်းသို့ဝင်ပါ” အဲလိုအဓိပ္ပာယ်မျိုးလည်း ပါတယ် မှတ်ပါတယ်။ ဘာသာပြန်ရာမှာ လွဲမှားမှု ရှိနိုင်ပါတယ်။ ကျွန်တော် နားလည်သလို ပြန်လိုက်ခြင်းပါ။
တကယ်တော့ အရင်တစ်ကြိမ်လည်းတွေ့ဖူးပါတယ်။ အခုပြောနေတာက ဒုတိယအကြိမ်ပါ။ သူတို့က “ဘုရားသခင်ကို ယုံကြည်လား၊ မင်းမှာ ယုံကြည်မှုရှိလား” ဆိုတဲ့မေးခွန်းတွေကို မေးပါတယ်။ ပထမလူတွေနဲ့ တွေ့တုန်းကတော့ “ကျွန်တော်တို့ရဲ့ ယုံကြည်မှုက ခင်ဗျားတို့နဲ့ မတူဘူးလို့ ပြောမိပါတယ်။” အဲဒီတော့ သူတို့က ပြန်ပြောတယ် “ယုံကြည်မှုဆိုတာ တစ်ခုတည်းပဲရှိတယ်၊ ယုံကြည်တယ်ဆိုရင် ငါဆိုတာလေး လိုက်ဆိုပါ” တဲ့။ အဲဒါပြီးတော့ အထက်က ပြောခဲ့တဲ့ စကားတွေချပေးပါတယ်။
အခုတစ်ခေါက်မှာတော့ “ဘုရားသခင်ကို ယုံကြည်လား” လို့ မေးလိုက်တော့ “ကျွန်တော်တို့ ယုံကြည်မှုက တခြားဖြစ်တယ်” လို့မဖြေရဲတော့ပါဘူး။ “ကျွန်တော်တို့ ဘာသာတရားက တခြားဖြစ်တယ်” လို့ပြောင်းပြီးဖြေလိုက်ရပါတယ်။ အဲဒီကစပြီး သူတို့က ကျွန်တော်အနေနဲ့ ထာဝရဘုရားသခင်ကို ယုံကြည်၏/ မယုံကြည်၏ အရမ်းစိတ်ဝင်တစားနဲ့ မေးကြပါတယ်။ ကျွန်တော်ကတော့ “ထာဝရဘုရားသခင်ကို ရှိတယ်လို့ကို မယုံကြည်တာ” လို့ပဲဖြေပါတယ်။ အဲဒီတော့ သူက လူတွေ၊ အပင်တွေ၊ မြေကြီး အစရှိတဲ့ သူမျက်စေ့နဲ့ မြင်,မြင်သမျှ လောကအလုံးကို လက်ညှိုးပတ်ထိုးပြီး “ဒါတွေ ဘယ်ကလာသလဲ” မေးပါတယ်။ “ဒို့ဝါဒအရတော့ အားလုံးဟာ အကြောင်းနဲ့ အကျိုးတွေ ဆက်စပ်ဖြစ်ပျက်နေတာပဲ” လို့ ဉာဏ်မီသမျှ ဘာသာစကား တတ်သမျှ ကြိုးစားပြောပြပါတယ်။
အဲလိုပြောလိုက်တော့ ထာဝရဘုရားရှိကြောင်းကို အမျိုးမျိုးကြိုးစားပြီး သက်သေပြကြပါတယ်။ သူတို့သုံးသွာတဲ့ စကားထဲမှာ ထာဝရဘုရားသခင်ကို အင်္ဂလိပ်လို living creature လို့အဓိပ္ပာယ်ရတဲ့ စကားကို သုံးသွားပါတယ်။ “ခင်ဗျားတို့ ပြောတာတွေကို အားလုံးတော့နားမလည်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်က သမ္မာကျမ်းစာကိုလည်း ဖတ်ဖူးတော့ အဲဒီအကြောင်းတွေလည်း တော်တော်များများ သိပါတယ်” လို့ ပြီးတော့ “ဘာသာရေး စာပေတွေကို လက်လှမ်းမီမျှ လေ့လာပါတယ်၊ ဒါပေမယ့် နားလည်လက်ခံနိုင်ဆုံးကတော့ ဒို့ဘာသာတရား စာပေတွေကိုပဲ” လို့ ကျွန်တော့် ဆက်ပြောလိုက်ပါတယ်။
ထာရဝဘုရားရှိကြောင်း သူတို့တစ်တွေ အပင်ပန်းခံ ပြောနေရတာ ကြာလာတော့ “ထားပါတော့ ရှိတယ်ပဲထားပါတော့ ကျွန်တော် ဘာလုပ်ရမလဲလို့ မေးလိုက်တယ်” အဲဒီတော့ သူတို့က ဒီစကားလေးလိုက်ဆိုပါတဲ့ ဆိုပြီး အစပိုင်းက ပြောခဲ့တဲ့ စာသားတွေကို ချပေးပါတယ်။ ကျွန်တော်လည်း လိုက်ဆိုလိုက်တယ်။ “အဲဒီတော့ ဘာထူးလဲ၊ သူက ကျွန်တော့်ကို ဘာလုပ်ပေးမှာလဲ” လို့မေးလိုက်တော့ “သူက မင်းကို စောင့်ရှောက်တယ် ကယ်တင်တယ်” တဲ့သူတို့ကပြန်ဖြေပါတယ်။ အဲဒိတော့ ကျွန်တော်က “အခုနေ အဲဒီစကား ရွက်ပြီး ဒီနားမှာ လူသတ်မိရင် ကျွန်တော့်ကို ထောင်ထဲမသွားရအောင် သူစောင့်ရှောက်နိုင်လား” လို့ဆက်မေးလိုက်တယ်။
တကယ်တော့ ကျွန်တော့မေးခွန်းက ကလေးဆန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းသိတယ်။ ဒါပေမဲ့ ပေးလာတဲ့ အခြေအနေအရ ဒီထက်မြင့်တဲ့ အတွေးအခေါ်တွေပါတဲ့ စကားကျွန်တော် မမေးနိုင်ခဲ့ပါဘူး။ ကလေးဆန်တယ်လို့ ဆိုပေမယ့် အဲဒီမေးခွန်းမေးစဉ်ကတည်းက ကျွန်တော့မှန် အလွန် ရှည်လျားတဲ့ အတွေးတွေက ပါခဲ့ပါတယ်။ အဲဒါတွေက အချိန်မရလို့ သူတို့ကိုတော့ ပြောမပြလိုက်ရပါဘူး။
ကျွန်တော်တို့ တရားဂုဏ်တော်မှာပါတဲ့ လက်တွေ့သိမြင်၊ ကောင်းကျိုးခံစားနိုင်ခြင်းဂုဏ်တော် ဆိုတာက ကျွန်တော်ရှင်းးပြချင်ခဲ့တာပါ။ အလွန်ခက်ခဲတဲ့ တရားတော်တွေကို မပြောသေးပါဘူး။ ပြောမယ်ဆိုလည်း နိုင်နင်းချင်မှ နိုင်နင်းမှာပါ။ မင်္ဂလာတရားတော်တွေထဲက ပထမဦးဆုံးမင်္ဂလာဖြစ်တဲ့ လူမိုက်ကို မပေါင်းသင်းရေး မင်္ဂလာတရားတော်လေးတစ်ခုကိုပဲ စဉ်းစားကြည့်မယ်ဆိုရင် စတင်နာကြားစကတည်းက စိတ်ကြည်နူးချမ်းသာရပါတယ်။ “လူမိုက်ကို မပေါင်းရဘူးတဲ့ လူမိုက်လက္ခဏာဘာတွေရှိလဲ” ဆိုတာကို နဲနဲအကျယ်ချဲ့လေ့လာမယ်။ မင်္ဂလာတရားတော်နဲ့ အညီတကယ်နေမယ်ဆိုရင် သိသာတဲ့ ပြောင်းလဲမှုတွေဖြစ်လာပါမယ်။ တရားတော်ကို လေ့လာစဉ်မှာ၊ ကျင့်ကြံစဉ်မှာ ကျင့်ကြံအပြီးမှာ သိသာတဲ့ ကောင်းကျိုးတွေခံစားရလို့ စိတ်သစ်လူသစ် ဖြစ်နေပါလိမ္မယ်။
ရှေးလူကြီးတွေပြောလို့၊ ကျမ်းဂန်လာလို့ ရှိတယ်လို့ထင်နေတဲ့ ထာဝရဘုရားရဲ့ အမည်နာမကို နုတ်ကရွက်လို့ ဘာဖြစ်လာမလဲ ဘယ်လိုကောင်းကျိုးရမလဲ- ကျွန်တော်တော့ စဉ်းစားလို့မရပါဘူး။ ဒါကြောင့်လည်း ကလေးဆန်တဲ့ မေးခွန်းလေးကို မေးလိုက်မိတာပါ။
ထာဝရဘုရာသခင်ကို မယုံကြည်ရင် ဘာဖြစ်မလဲလို့ ကျွန်တော်က မေးလိုက်တော့ သူတို့အဖြေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ “တကယ်တော့ မင်းယုံကြည်ပါတယ်” တဲ့။ ဘယ်လိုလုပ်မလဲ မယုံပါဘူးထပ်တလဲလဲ ပြောနေသူကို မင်းယုံကြည်ပါတယ်ဆိုတော့ မခက်ဘူးလား။ “သူ့အကြောင်းကို ပြောနေမှ မင်းယုံကြည်လို့ပေါ့” တဲ့။
လူ့အခွင့်အရေး ပြဿနာလေးနဲ့ ဥပမာတစ်ခုပြချင်ပါတယ်။ တကယ်လို့ လူတစ်ယောက်က “လူဖြူနဲ့ လူမည်း အခွင့်အရေး မတူညီသင့်ဘူး။ ကွဲပြားနေရမယ်” လို့ ကျွန်တော့်ကိုလာပြောမယ် ဆိုရင်။ ကျွန်တော်က တူညီစွာရသင့်ကြောင်းကို ပြန်ပြီးဆွေးနွေးတင်ပြနေမယ်။ အဲလိုတင်ပြနေတာနဲ့ ကျွန်တော်ဟာ ဒီပြဿနာပေါ်မှာ သံသယ တစ်စုံတရာရှိနေသူလို့ ဆိုသာပါ့မလား။ မဆိုသာပါဘူး။ သဘောထားမတူသူရှိလို့သာ ရှင်းလင်းနေရတာ။ တကယ်တော့ ကျွန်တော့ စိတ်ကူးထဲမှာ အဖြေက ရှင်းနေပြီးသား ဘာသံသယမှ မရှိအောင်ကို ရှင်းနေပြီးသား။ ခုလည်းဒီတိုင်းပါပဲ သူတို့ကရှိတယ်ပြောလို့ ကျွန်တော်က အဲဒီနာမည်ကိုပြောနေရတာ တကယ်တော့ မရှိဘူးဆိုတာကြီးက ကျွန်တော့်ရင်ထဲမှာ ဘာသံသယမှ မရှိအောင်ကို ရှင်းနေပြီးသားပါ။
ကျွန်တော့်နေရာကနေတွေးကြည့်တော့ သူတို့သာ ဘုရားသခင်ရှိတယ် ဆိုတဲ့ အချက်ကို သံသယရှိနေသူတွေပါ။ ယုံကြည်တယ်, ယုံကြည်တယ် ဘယ်လိုပြောပြော ယုံကြည်မှု မခိုင်မာသူတွေပါ။ ဘာလို့အဲလိုပြောလဲဆိုတော့ သူတို့က သတို့မျက်လုံးနဲ့ မြင်နေရတဲ့ လူအစရှိတဲ့ သတ္တဝါတွေကို အစရှာတယ် မတွေ့တော့ ဒီလောကအလုံးကို ဖန်ဆင်းသူရှိရမယ်ဆိုပြီး အဖြေထုတ်လိုက်တယ်။ အဲဒီဖန်ဆင်းသူ ဘယ်ကလာသလဲမေးတော့ အဖြေက မရှိတော့ဘူး။ သူက အစမရှိဘူး၊ ထာဝရတည်ရှိတယ် ဆိုတဲ့ဆီမှာ ထိပ်ပိတ်ထားလိုက်ရတယ်။ သူတို့နည်းနဲ့ပဲတွေးရင် လောကရှိရင် လောကရဲ့ အစရှိရမယ်၊ ထာဝရဘုရားရှိရင် ထာဝရဘုရားရဲ့ အစရှိရမယ်။ သူ့အတွက်နေရာရှိရမယ် အဲဒါတွေ ဘယ်သူဖန်ဆင်းလဲတွေးရမယ်။ အဲဒီမှာ ထိပ်ပိတ်ထားတော့ သူတို့က တကယ်လည်း နားလည်သဘောပေါက် ယုံကြည်ခြင်းမရှိပါပဲနဲ့ ယုံကြည်တယ်လို့ ခပ်ယောင်ယောင်လေးထင်နေတယ်။ ကျွန်တော့်အမြင်ကတော့ အဲလိုပဲ ပြောစရာရှိတော့တယ်။
အဲဒီနေ့ညနေက လမ်ပေါ်မှာ မတ်တပ်ရပ်ရင်း သူတို့နဲ့ကျွန်တော် စကားတွေ အများကြီးပြောခဲ့ပါတယ်။ သူတို့ ရွက်ခိုင်းချင်တာလေးကို လိုက်ဆိုအောင် သူတို့လည်း အမောခံပြီးတော်တော် ပြောလိုက်ရပါတယ်။ ကျွန်တော်က “ပိဋကတ် သုံးပုံကို ဖတ်ဖူးလား”လို့ မေးလိုက်ပါတယ်။ မဖတ်ဖူးဘူး ဆိုပြီး သူတို့ နည်းနည်းတော့ မနေတတ် မထိုင်တတ်ဖြစ်နေပါတယ်။ မဖတ်ဖူးတာက သူတို့အားနည်းချက်လည်း ပါတာပေါ့လေ။ သာသနာပြုမှလုပ်မယ်ဆိုရင် ဘာသာခြားတွေနဲ့မှ ခုလိုစကားတွေပြောမယ်ဆိုရင် တခြားဘာသာအယူလေးတွေလည်း သိထားသင့်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဖက်က ဖြန့်ဝေနိုင်မှု အားနည်းတာလည်း ပါ, ပါတယ်။ တိုင်းပြည်က မွဲတာလည်း အဓိကကျတဲ့ ပြဿနာပါပဲ။
နောက်ဆုံးတော့ ကျွန်တော်လည်း ဗုဒ္ဓဘာသာအကြောင်း တတ်နိုင်သမျှ ပြောပြလိုက်ပါတယ်။ ထေရဝါဒ၊ မဟာယာန ဆိုပြီး အဓိက ၂ ဂိုဏ်းရှိကြောင်း၊ ထေရဝါဒ စာပေတွေကို လေ့လာဖို့ အကြံပြုလိုကြောင်း၊ အဲဒီစာပေတွေမှာ လက်တွေ့နည်းလမ်း ကျလှတဲ့ အမြင့်မားဆုံး အတွေးခေါ်ပညာတွေ ပါရှိကြောင်း စသဖြင့် ပြောပြလိုက်ပါတယ်။