အလုံးစုံသော မစ္ဆာဒိဋ္ဌိအယူတို့ကို ပယ်ဖျောက်နိုင်တာ အကြောင်းအကျိုးဒေသနာ
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးက “မိဘရိုးရာ ဗုဒ္ဓဘာသာဝင် အငယ်စားတို့သည် တစ်နေ့ တစ်ရက်မျှပင် စိတ်မချရ၊ ယနေ့ ဗုဒ္ဓဘာသာဝင် နက်ဖြန် အခြားဘာသာဝင် ဖြစ်သွားနိုင်ကြသည်”- ဟု သတိပေး ဆုံးမခဲ့ဖူးပါတယ်။ ထိုအချက်မှာလည်း အငြင်းပွားဖွယ်မရှိအောင် သေခြာနေပါတယ်။ တချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့ဘူးသော ကျေးရွာများ၊ ရွာဦးစေတီ ငုတ်တုတ်ထားပြီး ဘာသာခြားတို့ ကြီးစိုးနေကြတာတွေဟာ မြန်မာပြည်မှာတင် များစွာရှိပါတယ်။ တချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့ဖူးတဲ့ နိုင်ငံအချို့မှာလည်း ဗုဒ္ဓ၏ အဆုံးအမကြားရဖို့ဖြင့်ဝေးစွ၊ ထင်ရှားသော အထိမ်းအမှတ်တွေပါ ဖျက်ဆီးခံနေကြရတာလည်း အားလုံးလက်တွေ့ မျက်မြင်ဖြစ်နေပါတယ်။
အရိယာစင်စစ် မဖြစ်သေးသမျှ လူတိုင်းလူတိုင်း ရာဂ၊ လောဘ၊ ဒေါသ၊ မောဟ အစရှိသည့် ကိလေသာ အညစ်အကြေးတို့ အထူအပါးမတူကြသော်လည်း ရှိကြမြဲပါ။ အဲဒီကိလေသာများကို အခွင့်ကောင်းယူပြီး…
- ငါ့ဇနီးဖြစ်လိုလျှင်၊ ငါ့ခင်ပွန်းဖြစ်လိုလျှင် ငါ့ဘာသာကို ယူရမည်။
- ဒီအခွင့်အရေးကို ရချင်ရင်၊ ဒီစီးပွားကို လိုချင်ရင် ငါ့ဘာသာကိုယူရမည်။
- ငါ့ဘာသာကို မယူရင် ခေါင်းဖြတ်သတ်ပစ်မည်။ စသော စည်းရုံးနည်းများဖြင့် စည်းရုံးသိမ်းသွင်းနည်း တို့ကလည်း ကမ္ဘာအရပ်ရပ်မှာ မရိုးသားသော သာသနာပြုသူများ လုပ်ခဲ့ကြ၊ လုပ်နေကြ သောနည်းလမ်းများ ဖြစ်ပါတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးစကားကို ဘယ်လောက်ပဲ ကျယ်ကျယ်လောင်လောင် တောင်းဆို နေကြပေမဲ့ အထက်ပါနည်းလမ်းများ လုံးဝပျောက်ကင်းပြီး လူတိုင်း လွတ်လပ်သော အတွေးအခေါ်နှင့် မိမိရှေ့ရေး မိမိရွေးခွင့် ရဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက် ခက်ခဲနေပါသေးတယ်။
မိဘရိုးရာ ဗုဒ္ဓဘာသာဝင် အငယ်စားတွေဟာ အထက်ပါ အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ ရာဂအလိုလိုက်ပြီး ချစ်သူဆွယ်ရာနောက်သို့ ပါသွားကြလိမ္မယ်။ လောဘအလိုလိုက်ပြီး လောကီအခွင့်အရေးနှင့် ဘာသာတရား လဲလှယ်ကြလိမ္မယ်။ ကြောက်စိတ်အကြောင်းပြချက်နဲ့ ဦးခေါင်းကိုထိမ်းသိမ်းရင်း မိဘရင်းယုံကြည်ချက်ကို လက်လွတ်မိကြပါလိမ္မယ်။
အဲဒီပြဿနာတွေကို အကောင်းဆုံးရင်ဆိုင်နိုင်မဲ့ တရားကတော့ အကြောင်းနဲ့အကျိုးဆက်သွယ်ပုံကို ကောင်းစွာရှင်းလင်းပြထားတဲ့ ပဋိစ္စသမုပ္ပါဒသုတ် တရားဒေသနာတော်သာ ဖြစ်ပါလိမ္မယ်။ “လောက၌ မိစ္ဆာဒိဋ္ဌိ ဟူသမျှကို ပဋိစ္စသမုပ္ပာဒ် ပညာသည် ပယ်ပျောက်စေနိုင်၏။ မိစ္ဆာဒိဋ္ဌိ ဟူသမျှသည် ပဋိစ္စသမုပ္ပာဒ် ပညာ မရှိသူတို့၌သာ ဖြစ်နိုင်၏”- လို့ လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့ဖူးပါတယ်။ အနောက်တိုင်း အတွေးအခေါ်ပညာရှင်များကလည်း ဗုဒ္ဓဘာသာစာပေကို အထင်ကြီးလေးစားရတဲ့ အကြောင်းရင်းမှာ ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်ရှိခြင်းက အရေးပါတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
အဲဒီတရားဒေသနာတော်ကို သုတ္တန်ပိဋကတ်၊ သံယုတ္တနိကာယ်၊ နိဒါနသံယုတ်၊ ဗုဒ္ဓဝဂ်၊ ပဋိစ္စသမုပ္ပါဒသုတ် မှာလေ့လာနိုင်ပါတယ်။ မြန်မာပြည်က ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးများကလည်း အလွယ်တကူ နားလည်နိုင်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားပြီး ရှင်းပြခဲ့ကြပါတယ်။ ဆရာတော်ဘုရားကြီးများရဲ့ ကြိုးပမ်းမှုတွေထဲကမှ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာတော်ဟာ အလွန်ပဲ လူသိများထင်ရှားပါတယ်။ မဟာစည်ဆရာတော်ကြီးကလည်း မှတ်သားရလွယ်ကူအောင် ဓမ္မဒေသနာဆောင်ပုဒ်လေးတွေ ရေးစပ်ထားခဲ့ပါသေးတယ်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ လည်ပုံပြတ်ပုံ။

ကျွန်တော်ကတော့ အဲဒီဒေသနာတော်ကို သဘောကျတယ်။ အချိန်ရရင် ရသလို လေ့လာတယ်။ ကိုယ့်ကိုယ်ကို ငါအတိုင်းအတာတစ်ခုထိတော့ နားလည်နေပြီဆိုပြီး ကျေလည်းကျေနပ်တယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ စက်ဝိုင်းဒေသနာကိုကြည့်ပြီး မဟာစည်ဆရာတော်ဘုရားကြီးဆောင်ပုဒ်ကို ရွက်ရတာ အရမ်းစိတ်ချမ်းသာတယ်။ ပိဋကတ်တော် မြန်မာပြန်စာသားတွေကတော့ ဖတ်ရတာတော့ ကျွန်တော့်ကို သိပ်ပြီး စိတ်ဝင်တစားအောင် မဆွဲဆောင်သလိုပဲ။ အခြားလူအတွက်တော့ ပိုကောင်းချင်လည်း ကောင်းနေမှာပါ။
စာဖတ်သူတွေကိုလည်း လေ့လာကြည့်စေချင်တယ်။ ဗုဒ္ဓဘာသာမဟုတ်သူတွေလည်း လေ့လာလို့ အကျိုးကျေးဇူး မယုတ်ပါဘူး။ အသိအလိမ္မာတွေ တိုးပါလိမ္မယ်။ အဲဒီထဲမှာ ဗုဒ္ဓက ဘယ်လိုတန်ခိုးကြီးတော်မူတယ်၊ ဘယ်လိုဉာဏ်ကြီးတော်မူတယ် ဆိုတာမျိုးတွေ မပါဘူး။ သတ္တဝါတို့ရဲ့ ဖြစ်စဉ်ကို အကြောင်းအကျိုးဆက်စပ်ပြီး ရှင်းထားတာဆိုတော့ အတွေးအခေါ်ပညာ သမားတွေအတွက်တော့ လေ့လာသင့်တဲ့ အကြောင်းအရာဖြစ်တယ်လို့မြင်တယ်။
တရားတော်ကိုလေ့လာရတာ သဘောကျလွန်းလို့ ဖြစ်နိုင်ရင် ဟိုးအတိတ်ကြောင်း အဝိဇ္ဇာကနေစပြီး အင်္ဂါ ၁၂-ပါး စုံသွားအောင် တပတ်လည်ကြီး ရှင်းပြလိုက်ချင်တယ်။ အကြောင်းအရာရဲ့ ခက်ခဲ နက်နဲမှုကြောင့်လည်း မရှင်းရဲဘူး။ အမှားအယွင်း ပါသွားမှာ စိုးရိမ်တယ်။ မိုးကုတ်ဆရာတော်ကြီးကိုယ်တိုင် ရှင်းပြထားတာတွေ လေ့လာမယ်ဆိုရင် ဒီနေရာမှာ အသံဖိုင်တွေ နဲ့လေ့လာလို့ရပါတယ်။
မစ္ဆာဒိဋ္ဌိအယူ အမျိုးမျိုးမှ ကင်းဝေးကြပါစေ။
ကိုးကား..
၁) ဆရာဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ)၏ ဉာဏ်လမ်းပေါ်လျောက် လူတစ်ယောက် အကြောင်း။
၂) မင်္ဂလာဦးအောင်မြင့် စုဆောင်းထုတ်ဝေသော မဟာစည် ဓမ္မဒေသနာ ဆောင်ပုဒ်များ။
၃) အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းဒေသနာ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ် တရားတော်ဆောင်ပုဒ်
အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်
ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်
သုံးမျိုးမှုကံ၊ ပြုစီမံ၍
ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်
ခြောက်ရပ် အာယတန
ဖဿ ခြောက်ဖြာ၊ ဝေဒနာကြောင့်
တဏှာခြောက်တန်၊ ဥပါဒါန်နှင့်
ဖြစ်ရန်အကြောင်း၊ ကံဆင့်လောင်း၍
ဆိုးကောင်းဘဝ၊ ဖြစ်ရပြန်ရာ
အိုကာသေရေး၊ ပူအဆွေးနှင့်
ငိုကြွေးကိုယ်နွမ်း၊ စိတ်မချမ်းမျှ
ပူပန်ရသည် လုံးဝဆင်းရဲစုသာတည်း။
အတိတ်အကြောင်းကြောင့် ပစ္စုပန် အကျိုးပေါ်ပုံ
အမှန်မသွား၊ အမှားသိမြင်
အဝိဇ္ဇာဖုံး၊ ကောင်လုံးမှတ်ထင်
စိတ်,ကိုယ်,နှုတ်မှု ကြံပြုပြောလျှင်
ဝိညာဏ်စပ်၊ နောက်ထပ်သန္ဓေရှင်။
ပစ္စုပ္ပန်အကျိုးငါးပါးပေါ်လာပုံ
ဝိညာဏ်မျိုးစေ့၊ စ၍ဖြစ်လျှင်
နာမ်နှင့်ရုပ်လဲ၊ ပူးတွဲပါဝင်
အာယတန၊ ဖဿပေါ်ထင်
ကောင်းဆိုးများ ခံစားမိရိုးပင်။
ပစ္စုပ္ပန်အကျိုးမှ အကြောင်းသစ်ပေါ်၍ ထိုအကြောင်းကြောင့် အနာဂါတ်အကျိုးပေါ်ပုံ
ခံစားသည့်တွက်၊ တပ်မက်ခင်မင်
မည်သို့ပြုငြား၊ ကောင်းစားမည်ထင်
ဝင်စားစွဲလမ်း၊ ရော်ရမ်းပြုလျှင်
နောင်ဘဝ၊ ဖြစ်ရဇာတိပင်။
အနာဂါတ်အကျိုးငါးပါးပေါ်လာပုံ
ဘဝဇာတိ၊ သူရှိပြန်လျှင်
အိုသေပူဆွေးငိုကြွေးထို့ပြင်
ကိုယ်စိတ်ဆင်းရဲ၊ ထန်သဲပူပင်
သို့ဖြစ်ရ၊ လုံးဝဆင်းရဲပင်။

0 comments:
Post a Comment