အကြောင်းသင့် အကျိုးသင့် ရှင်းပါမှ စစ်မှန်တဲ့ အဆုံးအမ
ဗုဒ္ဓဘာသာစာပေမှာ အကြောင်းနဲ့ အကျိုးဆက်သွယ်ပုံတွေကို အဓိက ရှင်းပြတဲ့ ပဋိစ္စသမုပ္ပာဒ် တရားတော်ဆိုတာ ရှိပါတယ်။ တကယ်တန်း ပိဋကစာပေတွေ ကြိုးစားပြီး ဖတ်ကြည့်တော့လည်း အကြောင်းအကျိုးနဲ့ ကင်းလွတ်ပြီး ဟောထားတဲ့ တရားတော်တွေဆိုတာ မရှိသလောက်ပါပဲ။
ဟိုးအရင်တုန်းကတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ လက္ခဏာတော် ကြီးငယ်တွေအကြောင်း လူကြီးတွေ ပြောပြသလောက်သာ မှတ်သားဖူးပါတယ်။ သေသေခြာခြာ မလေ့လာခဲ့မိပါဘူး။ အဲဒီတုန်းကတော့ တွေးချင်သလိုတွေ တွေးခဲ့တယ်။ ဟုတ်ရော ဟုတ်နိုင်ပါ့မလား ဆိုပြီး သံသယ အမျိုးမျိုးနဲ့ ဝင်ခဲ့မိတယ်။ ဆရာတော် သံဃာတော်ကြီးတွေ ပြောတိုင်း၊ မိဘပြောတိုင်း လက်ခံဖို့ဆိုတာလည်း ခေတ်လူငယ်တစ်ယောက်အတွေးနဲ့ ခက်နေခဲ့တယ်။ ဘယ်လိုနည်းနဲ့မှ တိကျတဲ့ အဖြေမရနိုင်တဲ့ ကိစ္စကို ပြဿနာလုပ်ပြီး အချိန်ကုန်ခံ စဉ်းစားခဲ့ဘူးတယ်။
ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ရတနာ့ဂုဏ်ရည် စာအုပ်ကို ဖတ်မိတော့မှ အဲဒီ လက္ခဏာတော်ကြီးငယ်တွေနဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာခွင့်ရတော့တယ်။ အဲဒီစာအုပ်ထဲမှာလည်း မူလက သဒ္ဓါတရားမရှိသူတွေ၊ ဘာသာခြားပုဂ္ဂိုလ်တွေကိုတော့ လက်ခံနိုင်လောက်အောင် သက်သေပြမထားပါဘူး။ ဒါပေမဲ့ ဆရာတော်က
အကြောင်းကောင်းမှု၊
အကျိုးလက္ခဏာတော်၊
လက္ခဏာတော်၏ အကျိုးဆက် အပြင်
တိုက်တွန်းချက်တွေပါ..
ရေးသားထာတဲ့ အတွက်ကြောင့် ယုံတာမယုံတာ အပထား၊ ဒီတရားတွေဟာ လူတွေကို ကောင်းရာကောင်းကြောင်း ဆုံးမထားတဲ့ အဆုံးအမတွေပဲဆိုတာ သေခြာသွားတယ်။
အကြောင်းကောင်းမှု အပိုင်းကို လေ့လာတော့ ပါရမီဖြည့်ရာ ကာလတစ်လျောက်လုံး အလောင်းတော်ကြီးရဲ့ ကာယ၊ ဝစီ၊ မနော အမှုတို့ကို လေ့လာခွင့်ရတယ်။ အကျိုးလက္ခဏာတော်တွေကို သိရတော့ ဗုဒ္ဓမြတ်စွာရဲ့ ရူပကာယကို ပိုပြီးကြည်ညိုဖွယ် ပုံဖော်တတ်လာတယ်။ လက္ခဏာတော် အကျိုးဆက်အရ ဗုဒ္ဓကို အားကျတဲ့ စိတ်တွေပါဖြစ်ပေါ်လာစေတယ်။ တိုက်တွန်းချက်ပါ ဖတ်ရတော့ ဗုဒ္ဓဘာသာဝင် ဘုရားတပည့်တော်များပီပီ၊ ဗုဒ္ဓဝါဒနဲ့ အညီ အလောင်းတော်ကြီးများ အတုခိုးပြီး ဘယ်လို ပြုမူ၊ ပြောဆို ကြံစည် သင့်တယ်ဆိုတဲ့ လူမှုကျင့်ဝတ်ပိုင်းဆိုင်ရာတွေပါ ဦးဏှောက်ထဲရောက်လာတယ်။
ဘုရားရဲ့ လက္ခဏာတော်တွေ ပါးစပ်ညောင်းခံ ရေဆာခံပြီး ထိုင်အော်နေတဲ့ အဆင့်မကတော့ဘူး။ လောကကောင်းကျိုးကို ဆောင်းတဲ့ ကျင့်စဉ်တွေ၊ အတွေးအခေါ်တွေ ပါဝင်တဲ့ အဆုံးအမ တစ်ခုကို ဆည်းပူးတဲ့ သဘောဖြစ်လာတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဂုဏ်ယူစရာကောင်းတာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေဟာ ဗုဒ္ဓတစ်ပါးတည်း အတွက်သာ ဆိုင်တာမဟုတ်ပဲ သူ့ကိုလေးစားကြည်ညိုပြီး တတ်နိုင်သမျှ သူ့လမ်းစဉ်လိုက်ရင် သူ့လောက် မြင့်မြင့်မားမား မပြည့်စုံလျှင်တောင် အတိုင်းအတာတစ်ခုထိ နီးနီးစပ်စပ် ဖြစ်လာစေနိုင်တယ် ဆိုတဲ့ အချက်ပါပဲ။ အဲလိုအတုယူတတ်ပါမှလည်း ဂုဏ်တော်ပွားရာမှာ ပိုပြီး အကျိုးကျေးဇူးဖြစ်ပါလိမ္မယ်။ စာအုပ်ထဲက ပါဠိကို အလွတ်ကျက်ပြီး အရဟံ၊ အရဟံ ထိုင်အော်နေရင်တော့ အလွန်ဆုံးရနိုင်ရင် သမ္မာဝါစာ အကျိုးကျေးဇူးလောက်သာဖြစ်ပြီး လူမောတာ၊ ရေဆာတာ အဖတ်တင်ပါလိမ္မယ်။ ဗုဒ္ဓက ငါ့ကိုယုံရင်၊ ငါ့ကျေးဇူးတော် ဂုဏ်တော်တွေကို ထုတ်ဖော်ချီးမွှမ်းတတ်ရင် နိဗ္ဗာန်ဘုံကို ရောက်အောင် ကယ်တင်မယ်လို့ မဟောကြားခဲ့ဖူးတာကိုလည်း သတိပြုသင့်ပါတယ်။
ထာဝရ ဘုရားသခင် ဝါဒကတော့ ဗုဒ္ဓဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ သူတို့မှာက ယုံကြည်ခြင်း သိပ်အရေးကြီးတယ်။ ယုံကြည်တဲ့သူဆိုရင် ကောင်းရာမွန်ရာ ရလိမ္မယ်လို့လည်း မျှော်လင့်ချက် ထားကြတယ်။ သူတို့ ဘုရားသခင်ရဲ့ ဂုဏ်တော်တွေ အကြောင်းရေးထားတာလည်း ဖတ်ကြည့်ဖူးတယ်။ ဘုရားသခင်ရဲ့ ဂုဏ်တော်တွေဟာ ဘုရားသခင် တစ်ဦးတည်းနဲ့သာ ဆိုင်တယ်လို့ ပါတယ်။ အဲဒီအချက်ကိုပဲ သူတို့က ဂုဏ်ယူဝင့်ကြွားရေးသားထားတာ တွေ့ရတယ်။ တကယ်တော့ ဒီဂုဏ်တော်တွေဟာ ငါနဲ့ ဘယ်လိုမှ မပတ်သက်ပါလားဆိုတာတွေးပြီး စိတ်မကောင်းတောင်ဖြစ်သင့်တယ်။ သူတို့ဘုရားသခင်က ဘယ်လိုအကြောင်းတရားတွေကြောင့် ဒီဂုဏ်တော်တွေနဲ့ ပြည့်စုံသူ ဖြစ်နေရတယ် ဆိုတာလည်း လေ့လာခွင့်မရှိကြဘူး။ ဘုရားသခင်လို့ ဆိုလိုက်တာနဲ့ ကောင်းမွန်တဲ့ ဂုဏ်မှန်သမျှဟာ အမြင့်ဆုံး ဒီဂရီပမာဏနဲ့ တွဲလျက်ကြီးပါနေတာကိုပဲ ဝမ်းသားအားရ ရှိနေကြရတယ်။
သူတို့ရဲ့ ဂုဏ်တော်ချီးမွှမ်းခြင်းကလည်း ကျင့်စဉ်လည်း မပါ။ အတုယူစရာလည်း မရှိ။ အကြောင်းအကျိုးလည်း ရှာမရ။ ကယ်တင်ခြင်း ခံရပါစေတော့ ဆိုတဲ့ မျှော်လင့်ချက်နဲ့၊ မျက်နှာသာ ပေးခံရပါစေတော့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ နှုတ်တိုက်ရွတ်နေတဲ့ သဘောမျှသာ ဖြစ်တယ်။ ကွယ်လွန်ပြီး နောက်ကာလ မိမိဘဝကို အဆုံးအဖြတ်ပေးနိုင်လိမ္မယ် သူဖြစ်လို့ မျက်နှာလိုအားရ မြှောက်ပင့်ပေးနေရသလိုမျိုးကြီး မြင်မိတယ်။ အဆုံးအမလို့ပြောရလောက်အောင် လိုက်နာစရာ၊ ဘာမှလည်း ရှာမဘူး။
အဲဒါကြောင့်မို့ ကျွန်တော်ကတော့ ပို့စ်ခေါင်းစဉ်အတိုင်း အကြောင်းသင့် အကျိုးသင့် ရှင်းပါမှ စစ်မှန်တဲ့ အဆုံးအမ- လို့ပဲပြောချင်တော့တယ်။
ပဋိစ္စသမုပ္ပာဒ်ဒေသနာ လွှမ်းပတ်ကမ္ဘာတည်ပါစေ။
မိစ္ဆာအယူမှား သူငါအများ ကင်းဝေးကြပါစေ။

0 comments:
Post a Comment