:) Friday, February 6, 2009

စိတ်မဝင်စားပါဘူး ဆိုသူသို့

စိတ်မဝင်စားပါဘူး ဆိုသူသို့

ဖိုရမ်က ကိစ္စလေးပဲ ထပ်တင်ပါရစေ။ အပြည့်အစုံကတော့ ဒီမှာ ဖတ်ပါ။

ice palace ရေ၊

စိတ်မဝင်စားပါဘူးလို့သာ ပြောတယ်။ ice palace ရဲ့ ကျွန်တော့်အပေါ်စိတ်ဝင်စားမှုက လိုအပ်တာထက်ပိုနေပြီ။ ရေးထားသမျှကို ဖတ်ကြည့်တာ ဓမ္မရေးရာ ရှာမတွေ့ဘူး။ ပုဂ္ဂိုလ်ရေးရာတွေချည်းပဲ။ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုထိ ရှိနေပြီဆိုတာ ထင်ရှားတယ်။

ခင်ဗျားလည်း အစ္စလာမ်ဘလော့ဂ်တွေကို ဝင်လိုက်ထွက်လိုက် အလုပ်ကိုရှုတ်နေတာပဲနော် လို့ပြောပုံထောက်တော့ အင်တာနက်ပေါ်က ကျွန်တော့်ချေလှမ်းတိုင်းကိုများ စောင့်ကြည့်နေပြီလား တွေးမိတယ်။ ကျွန်တော်ကတော့ ကိုယ့်ဘလော့တောင် ဘယ်သူတွေ လာမှန်မသိဘူး။ ဘယ်လောက်လာသလဲဆိုတော့တော့ ဂဏန်းလေးကြည့်ပြီးသိပါတယ်။

အဖက်လုပ်ပြီးဘယ်သူမှ ကျွန်တော့်မေးခွန်းတွေ ဖြေမှာမဟုတ်ဘူးဆိုတာတော့ ဝမ်းနည်းပါတယ်လို့ပဲ ပြောတော့မှာပေါ့။ ကျွန်တော်က ဖြေစေချင်လို့မေးထားတာကို။ ဒါပေမဲ့ အပြစ်မတင်ပါဘူး။ ဖြေလိုက ဖြေနိုင်တယ်။ မဖြေလိုက နေကြပါ။

ကျွန်တော်ဝန်ခံတယ်။ အစ္စလာမ်ဘလော့ဂ်တွေ တော်တော်များများကြီးကို ရောက်တယ်။ သူတို့က ဖြန့်ဝေထားသမျှကိုဖတ်ခဲ့တာပါ။ အပြစ်တင်စရာမရှိပါဘူး။ ဘာမူပိုင်ခွင့်မှလည်း မချိုးဖောက်ခဲ့ဘူး။ ခိုးမချခဲ့ဘူး။ ice palace အနေနဲ့သာ ကျွန်တော့်နာမည်ပါတဲ့ ဘလော့ဂ် list ကိုတင်တာ ရိုးသားရဲ့လား။ ဘယ်နေရာက ကူးယူဖော်ပြပါတယ်ဆိုတာလည်း ပေးမထားဘူး။ ဒီထက်ပိုစောတဲ့ နေ့စွဲနဲ့ အဲဒီစာသားတွေ အခြားနေရာမှာရှိနေတယ်။ ice palace လုပ်ခဲ့တာ ကျွန်တော့် ဘလော့ဂ်ကို ထပ်ဖြည့်ရုံလေးပါ။ အခြားစာသားတွေက အားလုံး သူခိုးလုပ် လုပ်ခဲ့တာ။ ထားပါတော့ ကျွန်တော်ကလည်း ဘလော့ဂ်စာပေ၊ ဖိုရမ်စာပေ သခိုးဖမ်းဖို့ စိတ်မဝင်စားပါဘူး။ ကိုယ့်ဟာကိုယ် သူခိုးမဖြစ်အောင်သာ နေပါတယ်။

ကျွန်တော်စိတ်ဝင်စားတာပြောမယ်။ ကျွန်တော် အစ္စလာမ်ဘလော့ဂ်တွေကို သွားတာ အကြောင်းရှိတယ်။ အကိုးအကားတွက် မြန်မာလိုရေးတဲ့ စာပေတွေ လိုချင်လို့ပါ။ ဦးနုရေးတဲ့ ကျမ်းတွေ ရချင်တယ်။ အစ္စလာမ်ရဲ့ ကျင့်စဉ်ပိုင်းဆိုင်ရာ စာအုပ်တွေ ရချင်တယ်။ ကျွန်တော်လိုချင်သမျှ အားလုံးတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ တော်တော်များများတော့ ရခဲ့တယ်။ မျှော်လင့်မထားတာတွေလည်း ရခဲ့တယ်။

အဲဒီစာအုပ်တွေကို ဖတ်မယ်။ ကုရ်အာန်ကို ဖတ်မယ်။ အစ္စလာမ်သာသနာဖက်က ရေးချင်သလို ရေးနေတာတွေတွေ့ရလို့ အဲဒါတွေကို ပြန်ချေပမယ်။ အဲဒါပဲ ကျွန်တော့်ရည်ရွယ်ချက်က။ အမှန်တရားကို ဖော်ထုတ်တဲ့အခါ အမှားဆိုတာ ထိခိုက်မှုရှိမှာပဲ။ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ပဲလေ။ အစ္စလာမ်တွေလည်း ရုပ်တုကိုးကွယ်တာ အဓိပ္ပာယ်မရှိကြောင်းဖော်ထုတ်နေရင် ရွှေတိဂုံ၊ ဆူးလေပေါ်က ဘုရားဖူးပြည်သူတွေ ဒုစရိုက်ကောင်တွေများ ထင်ရလောက်အောင် ရေးကြပါတယ်။ အဲဒီတိုင်း ကုရ်အာန်မှာကိုပါတယ်။ ကျွန်တော်ကတော့ စိတ်မဆိုးဘူး။ ကိုယ်လက်ခံချင်လည်း ဖြစ်တယ်။ လက်မခံချင် ပယ်လို့ရတယ်။ ပြောနေတာ/ရေးနေတာက သူ့အခွင့်အရေး၊ လက်ခံတာမခံတာက ကိုယ့်အခွင့်အရေး။ စိတ်ဆိုးနေရင် ကိုယ်ပဲ အရှုံးပေါ်မှာပေါ့။

ကိုဌေးလွင်ဦးဘလော့ဂ်ကိုပဲ ပြောရဦးမှာပဲ။ သူက အကိုးအကားမခိုင်လုံပဲနဲ့ သုတေသန စာပေဆန်ဆန် အရေးအသားတွေရေးတယ်။ ဆက်လက်သုတေသန ပြုဖို့တွေ တိုက်တွန်းထားတယ်။ ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်တဲ့ အရေးအသားတွေလည်းတွေ့ရတယ်။ ဥပမာ ထုတ်ပြမယ်…

၁) ကောဏာဂမန ဘုရားရှင်ကို စာလုံးပေါင်းပါမှားရေးပြီး နွား ဆိုတဲ့ အဓိပ္ပာယ်ထိဖွင့်ခဲ့တယ်။
၂) ဂေါတမ ဘုရားရှင်ကို ဘာသာအသီးသီးက တမန်တော်တွေနဲ့ တတန်းတည်းထား တန်းညှိဖော်ပြခဲ့တယ်။
၃) မေတ္တေယျ ဘုရားရှင်ကို စာလုံးပေါင်းပါမှားရေးပြီး မေတ္တာ ဆိုတဲ့ အဓိပ္ပာယ်နဲ့ တမန်တော် မုဟမ္မဒ် ဖြစ်လိမ္မယ်လို့ ဆိုခဲ့တယ်။

အထက်ကပြောခဲ့တဲ့ ဘုရားရှင်တွေဟာ ကျွန်တော်တို့ အယူအရ သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် သမ္မာသမ္ဗုဒ္ဓဘုရားတွေပါ။ ကျွန်တော်တို့ ဦးထိပ်ပန်ဆင်ထားတဲ့ ဘယ်သူနဲ့မှ နှိုင်းလို့မရတဲ့ အမြတ်ဆုံးရတနာပါ။ (ပိဋကစာပေအတိုင်းပြောရရင် ထာဝရတည်သော၊ လောကတစ်ခုလုံးကို ဖန်ဆင်းပါသည်ဟု မိမိကိုယ်ကို ထင်နေသော ဗြဟ္မာမင်းကြီးနဲ့တောင် မနှိုင်းသာအောင် မြင့်မြတ်တာပါ။) ဗုဒ္ဓဘာသာကို သက်ဝင်သူတစ်ရောက်ရဲ့ ရင်ထဲကို ဝင်ကြည့်ပါ။ အထက်က အကြောင်းအရာတွေကို ထိုင်ကြည့်နေရမှာလား။ တစ်ခုခု ပြန်မပြောသင့်ဘူးလား။ တစ်ခုခု ပြန်မရေးသင့်ဘူးလား။ အကျိုးအကြောင်း မခိုင်လုံရင် မကန့်ကွက်သင့်ဘူးလား။ အဲလိုကန့်ကွက်ရာမှာ ကိုယ့်အမှားမရှိအောင် ဘာသာခြားစာပေ အကိုးအကားမရှာသင့်ဘူးလား။ အဲဒီရည်ရွယ်ချက်နဲ့ အစ္စလာမ် ဘလော့ဂ်တွေကိုလျှေက်လည်ခဲ့ပါတယ်။ ပုန်းကွယ်ထားစရာ အင်တာနက်စည်းကမ်း၊ လူမှုရေးစည်းကမ်းတွေ မချိုးဖောက်ခဲ့ပါဘူး။

အာဒံ အကြောင်းရေးထာတဲ့ ပို့စ်မှာ “သရက်ပင်ကို ညောင်ပင်ကဲ့သို့ အစ္စလာမ်ဘာသာတို့၏ စာပေကျမ်းဂန်များကိုယ်တိုင်က ခရစ်ယံအယူ အဆများ၏ ဝါးမျိုခြင်းကို အလူးအလိမ့် ခံထားရသောကြောင့် ဖြစ်၏” ဆိုတဲ့ ကောက်ချက် စာသားလည်းဖတ်ရတယ်။

ကမ္ဘာဦးလူသားတွေဖြစ်တဲ့ အာဒံနဲ့ ဧဝ အကြောင်းရေးတာမှာ ခရစ်ယာန်စာပေကို ပုတ်ခတ်ပြီးရေးထားတာတွေ ဒေါင်းလုပ်ချရာကနေရတဲ့ အစ္စလာမ်စာအုပ်တွေမှာလည်း ဖတ်ရတယ်။ ကျွန်တော်မကျွမ်းကျင်တဲ့အပိုင်းတွေဖြစ်လို့ မဆွေးနွေးပါဘူး။ ဒါပေမဲ့ ကျွန်တော်သိထားတာက ဓမ္မဟောင်းကျမ်းက ရှေး၊ ကုရ်အာန်ကျမ်းက နောက်ပါ။ ဝါးမျိုပါတယ်စွပ်စွဲချင်ရင် ခရစ်ယာန်ကသာ အစ္စလာမ်ကို ဆိုသင့်တယ်ဖြစ်ပါလိမ္မယ်။ သူကမူရင်း ဟိုကကော်ပီကိုး။ ကျွန်တော် မကျွမ်းကျင်တဲ့အပိုင်းဖြစ်လို့ အမှားပါချင်လည်းပါမယ်။ အဲဒီအကြောင်းကို ကျွန်တော်သိပ်ပြီးလည်း စိတ်မဝင်စားပါဘူး။

ဖြစ်နေတာက ဒီလိုပါ။ အဲဒီလိုဖြစ်စဉ်တွေ၊ အဲဒီလို မူပိုင်ခွင့် ချိုးဖောက်မှုဒဏ်တွေ ပိဋကတော်ပါ ခံရတော့မယ့် အခြေအနေကို ရောက်နေတယ်။ မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက်က မြန်မာအစ္စလာမ်ပညာရှိ ဦးနုဆိုတဲ့ ပုဂ္ဂိုလ်က သံတော်ဦးတင်လွှာကျမ်းကို ပြုစုခဲ့တယ်တဲ့။ အဲဒီကျမ်းမှာ အစ္စလာမ်သာသနာရဲ့ ကျင့်စဉ်တွေကို ဖော်ပြထားတယ်တဲ့။ အဲဒီထဲမှာ နောက်ဆုံးဖော်ပြထားတာက

“ မမြဲသော တရားတို့ကို အဖန် တလဲလဲ ရှုဆင်ခြင်၍ မယုတ်မလွန်ကျင့်ခြင်းသည် လည်းတစ်ပါး”-

လို့ပါတယ်တဲ့။ ဘယ်စာအုပ်ထဲကလည်း မမှတ်မိတော့ဘူး ဖတ်ဖူးတယ်။

အဲဒီစာသားတွေကိုကြည့်ရင် မမြဲသောတရားဆိုတာ အနိစ္စသဘော၊
အဖန် တလဲလဲ ရှုဆင်ခြင်၍ ဆိုတာ သတိပဋ္ဌာန်ရဲ့ သဘော၊
မယုတ်မလွန်ဆိုတာ အင်္ဂါ ၈-ပါးနှင့်ပြည့်စုံသော မစ္ဇျိမလမ်းစဉ်ရဲ့ သဘော၊

ကျွန်တော်တို့ ဗုဒ္ဓသာသနာတော်တွင်းကို တော်တော်ကြီးရောက်နေပြီနော်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေးသုံးပါးသာ စုံနေရင် ဒါသေခြာတယ် လုံးဝ သာသနာတွင်းတရားလို့ ပြောရတော့မယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့သာလျှင် ဟောပြောပို့ချနိုင်သော တရားလို့ ပြောရတော့မယ်။ ကျွန်တော်လေ့လာမိသလောက် ကုရ်အာန်မှာ အဲဒီလောက် အတွေးအခေါ်ပိုင်း မြင့်မားတဲ့ ကျင့်စဉ်မတွေ့ရဘူး။ အမြင့်မားဆုံးတွေ့နိုင်ရင် သီလကျင့်စဉ်ပေါ့ဗျာ။ ခုဟာက သမာဓိ၊ ပညာ စုံနေပြီတောင် ပြောလို့ရတယ်။

အဲဒါကို ကျွန်တော်က ဗုဒ္ဓရဲ့ မူပိုင်လို့ပဲ ထင်တယ်။ ဦးနုကပဲ မင်းတရားကြီး သဘောတော်ကျအောင်၊ မင်းတရားကြီး အစ္စလာမ်သာသနာကို ကြည်ညိုအောင် အပိုလေးထည့်ပြီး လျှေက်ထားခဲ့တာလား။ လေ့လာချင်တယ်။ ဦးနုမတိုင်ခင် စာပေတွေမှာကိုးက ရှိတယ်ဟ ဆိုရင်လည်း အဲဒီစာပေတွေရဲ့ မူရင်းကိုလိုက်ချင်တယ်။ ကျင့်စဉ်တွေကို မောင်ပိုင် မစီးဘူးနော်။ လေ့လာချင်ရင် လူမျိုးမရွေး ဘာသာမရွေး လေ့လာလို့ရတယ်။ လေ့လည်း လေ့လာသင့်တယ်။ လေ့လာပြီးလို့ ကျင့်ချင်ရင် ကျင့်လို့ရတယ်။ ဒါပေမဲ့ တရားတော်ရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓနဲ့ တရားတော်ရဲ့ မူလမှတ်တမ်းဖြစ်တဲ့ ပိဋကတော်ကိုတော့ မရိုးမသား ဖယ်ရှားဖို့ ကြိုးစားပြီး ဘယ်ကလာတာ၊ ညာကလာတာ၊ ဘယ်တမန်တော်ဟောတာ၊ ကောင်းကင်ကကျတာ ဒါမျိုးတွေ အလုပ်မခံနိုင်ဘူး။ ဖော်ထုတ်သင့်တယ်။ နောင်လာနောင်သားအတွက် မကောင်းဘူး။ ရှုတ်ထွေးတဲ့ မှတ်တမ်းတွေဖြစ်သွားမယ်။

ဒီနေ့ နည်းပညာခေတ်မှာများ တမန်တော်သစ်ပေါ်လာရင်တော့ သူကလည်း လေယဉ်တွေ၊ ရထားတွေစီးပြီး ကမ္ဘာပတ်ဦးမှာ။ ရောက်လေရာရာမှာ တရားတွေဟောပြီး၊ ပိဋကရယ်၊ ဓမ္မဟောင်းရယ်၊ ဓမ္မသစ်ရယ်၊ ကုရ်အာန်ရယ်၊ သူ့ဝါဒအနည်းငယ်ရယ် ပေါင်းစပ်ပြီး ကျမ်းပြုသွားရင် ဘယ်လိုလုပ်မလဲ။ မဟာသတိပဋ္ဌာနသုတ္တန်ဟာ ရန်ကုန်မြို့တော်ကျ၊ ဓမ္မစကြာသုတ္တန်ဟာ နယူးယောက်မြို့တော်ကျ၊ မင်္ဂလသုတ္တန်ဟာ ပဲရစ်မြို့တော်ကျ ဆိုပြီး ကောင်းကင်ကျ ကျမ်းဂန်ရေးသွားရင် ဘယ်လိုလုပ်မလဲ။

မူပိုင်ခွင့်စကားပြောရတာလည်း လောကအတွက်ပါ။ ကျွန်တော့်ကိုယ်ကျိုး တပြားသားမှမပါ, ပါဘူး။ ဗုဒ္ဓကိုယ်တော်အတွက်ကတော့ ပိုလို့တောင် ဝေးတာပေါ့ဗျာ။ သာသနာ့တာဝန်ထမ်းနေတာလည်း မဟုတ်ပါဘူး။ သာသနာပြုပါတယ်ဆိုတဲ့ ခေါင်းစဉ်အကြီးကြီးလည်း ကိုယ့်ကိုယ်ကို မတတ်ဘူး။ နောင်လာနောင်သားတွေအတွက် ဗုဒ္ဓဝါဒ သန့်သန့်ဆိုတာ လွယ်လွယ်ကူကူ ရှာဖွေနိုင်ဖို့ တတ်နိုင်တဲ့ ဘက်က စေတနာထား ရေးသားနေခြင်းပါ။

စကားတွေက အများကြီးပြောလိုက်ရပြီ။ ကျွန်တောအဓိကပြောချင်တာက ကျွန်တော် အစ္စလာမ်ဘလော့ဂ်တွေကို သွားတာမှန်တယ်။ အကြောင်းရင်းကတော့ အထက်ကပြောခဲ့သလို ပါပဲ။ ဦးနုရေးတဲ့ ကျမ်းတွေရချင်တယ်။ အစ္စလာမ်ရဲ့ ကျင့်စဉ်ကျမ်းတွေရချင်တယ်။

ဒီနေ့ခေတ် လူပြောများနေတဲ့...
သာသနာတော် သန့်ရှင်းရေး၊
သာသနာတော် တည်တန့်ရေး၊
သာသနာတော် ပြန့်ပွားရေးအပြင်

ကျွန်တော်က သာသနာ့မူပိုင်ခွင့်လေးပါ စိတ်ဝင်စားတယ်။ ဗုဒ္ဓသာသနာ အရေခြုံပြီး မရိုးမသား ဝင်လာမယ့် ဝါဒအမျိုးမျိုးရဲ့ အန္တရာယ်ကို စိုးရိမ်တယ်။ သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါး တရားတော်တွေကို ထာဝရဘုရားသခင်ဟောတာပါလို့ ပြောကုန်ကြတော့မယ် ဆိုတဲ့ ဆရာတော် တစ်ပါးရဲ့ အဆုံးအမကိုလည်း သတိရနေတယ်။


နင်လားဟဲ့ ဟိုဝါဒ ငါလားဟဲဒီဝါဒ ရိုးရိုးသားသား တည့်ယှဉ်မယ်ဆိုရင် မကြောက်ပါ။ အားလုံကို ဖိတ်ခေါ်ပါတယ်။ ဗုဒ္ဓဝါဒထက် သာလွန်နေတော့လည်း သူ့ကို လက်ခံလိုက်ယုံပေါ့။ ရိုးသားမှုလေးနဲ့တော့ လာခဲ့ဖို့လိုပါလိမ္မယ်။ ကျွန်တော်တို့မှာက သစ္စာတရားသည်သာ လက်နက်သဖွယ်ရှိပါတယ်။ အလိမ်အညာနည်း ကောက်ကျစ်တဲ့နည်း ပြိုင်ကြကြေးဆိုရင် ဗုဒ္ဓဝါဒက ဘယ်ဝါဒကိုမဆို စိုးရိမ်လျက်ပါ။

ခင်ဗျားစိတ်ရင်း ဘယ်လိုရှိလဲဆိုတာ ခင်ဗျားရဲ့ အရေအသားတွေက ဖော်ပြပြီးသား- ဆိုတာလောက်နဲ့ အလုပ်မဖြစ်ဘူး။ ကန့်ကွက်ဝေဖန်မှာဖြင့်ရင် ဝေဖန်ပြ။ ပြန်ရှင်းမယ်။ ထောက်ခံအားပေးမှာဖြင့်ရင် အားပေးသွား။ ကျေးဇူးတင်ကြောင်း ပြန်ပြောမယ်။

အစ္စလာမ်ဘလော့ဂ်တွေကို မသွားပါနဲ့ဆိုတာက ice palace ရဲ့ သာသနာတော်ကို ကာကွယ်နည်းးတစ်မျိုးလား။ အင်တာနက်မှာဖြန့်ဝေထားမှတော့ ဖတ်မှာပေါ့ဗျာ။ ဒေါင်းလုပ်ပေးထားမှတော့ ဒေါင်းလုပ်ချမှာပေါ့ဗျာ။ ice palace က အဲဒီဘလော့ဂ်တွေ အားလုံးကို ကိုယ်စားပြုနေလို့လား။ ကျွန်တော့်သဘောကတော့ လူလာဖတ်တာ များလေ သဘောကျလေပဲ။ ကိန်းဂဏန်းလေးကြည့်ပြီး ကျေနပ်နေတာ။ ဖတ်စေချင်လို့တင်ထားတာကိုး။ တော်တော်ကြာ အဲလိုသဘောကျနေသူတွေက ice palace ရဲ့ စကားတွေကို စိတ်ဆိုးနေကြပါဦးမယ်။

ကျွန်တော့်ကို စွဲချက်တွေ ထပ်တင်ထားသေးတယ်။ ကျွန်တော် တတိယအကြိမ် (နောက်ဆုံးအကြိမ်) ဖြေရှင်းပါမယ်။

၁) http://islam-yaungche.blogspot.com အဲဒီဘလော့ဂ်မှ စီဘောက်တွင် စာရေးခဲ့ပါတယ်။ အခြားဘယ်စီဘောက်မှာမှ ဝင်မရေးခဲ့ပါ။ ကျွန်တော့်ဘလော့ဂ်လိပ်စာလည်း မပေးခဲ့ပါ။ ဖိုရမ်မှ မိတ်ဆွေများ မဖြေကြားကြလို့ ဖိုရမ်လိပ်စာသာပေးခဲ့ ပါတယ်။ (ရေးခဲ့ရင်လည်း ကွယ်ဝှက်စရာ၊ ရှက်စရာမလိုပါဘူး။ ခိုးတာ၊ ဝှက်တာမှ မဟုတ်ပဲ။ ဘလော့ဂါက စာဖတ်သူအပေါ် ပေးထာတဲ့ အခွင့်အရေးထက် ကျော်လွန်စော်ကားခြင်းမှ မဟုတ်တာပဲ။)

၂) ကိုဌေးလွင်ဦး ဘလော့ဂ်မှာတော့ ကွန်မန့်တင်နေပါတယ်။ တင်လည်းတင်ပါဦးမယ်။ သူရေးသမျှလေးကို ဖတ်ပြီး စာဖတ်သူတွေ အတွေးအမြင် မမှားစေချင်တဲ့ စေတနာနဲ့ပါ။ (ဒါလည်း သူခွင့်ပြုထားလို့ရေးတာပါ။ သူ့ပေးထားတဲ့ အခင့်အရေးလည်း ဖြစ်တယ်။ ခိုးကြောင်ခိုးဝှက် ကိစ္စမျိုးလည်းမဟုတ်တော့ နောက်ထပ်စွဲချက်တွေ မလာပါနဲ့တော့။)

၃) အစ္စလာမ်မြန်မာများနဲ့ ဗုဒ္ဓဘာသာမြန်မာများကို သွေးခွဲလိုခြင်းမရှိပါ။ တတ်နိုင်မယ်ဆိုရင် သွေးစည်းညီညွတ်မှုကို တည်ဆောက်ပေးချင်ပါတယ်။ ရိုဟင်ဂျာအကြောင်းတစ်စုံတစ်ရာ ဆွေးနွေးထားခြင်းမရှိပါဘဲနဲ့ ရိုဟင်ဂျာကိစ္စကို တည်ကာ ဝါဒရေးရာ အရှုံးအနိုင်တွက် ခုလို စွပ်စွဲခြင်းက မကောင်းပါ။ တဖက်သားနစ်နာပါတယ်။ ဒီလိုနည်းလမ်းမျိုးနဲ့ ဆွေးနွေးဖက်အား ရန်သူများအောင် ကြံဆောင်ခြင်းမှာ ရိုးသားခြင်းမရှိပါ။ မိမိလုပ်ရပ်အတွက် မိမိအမျိုး၊ ဘာသာ၊ သာသနာပါ နာမည်ပျက်နိုင်ပါတယ်။

(ရိုဟင်ဂျာကိစ္စလည်း စိတ်ဝင်စားပါတယ်။ လူမျိုးစု သမိုင်းတွေနဲ့ ဆိုင်နေလို့ ကိုယ်မကျွမ်းကျင်တဲ့ ကိစ္စမို့ ဘာမှ မပြောခဲ့ပါ။ ရိုဟင်ဂျာအပေါ် ကျွန်တော့်သဘောထားကတော့ ကာလတစ်ခုကြာအောင် အခြေကျနေထိုင်ပြီး ဖြစ်လျှင် ပြည်တွင်းမှ တရုတ်လူမျိုး၊ ကုလားလူမျိုးများ ကဲ့သို့ နေထိုင်ခွင့်က ရှိသင့်ပါတယ်။ နှင်ထုတ်ခြင်းတော့ မပြုသင့်ပါ။ သို့သော် ၄င်းတို့အား ကိုယ်ပိုင် တိုင်း၊ ခရိုင်၊ ပြည်နယ် စသည် နယ်မြေတစ်ခုခု အပိုင်ပေးသင့်/မပေးသင့်၊ တိုင်းရင်းသား စာရင်းသွင်းသင့်/မသွင်းသင့် ဆိုသည်မှာ ရခိုင်တိုင်းရင်းသားတို့၏ အမျိုးသားရေး အကျိုးစီးပွားနှင့်ပါ သက်ဆိုင်နေပါတယ်။ ရခိုင်အမျိုးသားများရေးသားသော ဆောင်းပါးများအရ ဒေါက်တာသန်းထွန်း၊ သိန်းဖေမြင့် စသော ပညာရှင်ကြီးတို့၏ စာပေများကို ရိုဟင်ဂျာတို့ရဲ့ မရိုးမသား အသုံးချမှုများ ဖတ်ရဖူးပါတယ်။ ရိုဟင်ဂျာများသတင်း ကြားရတာ စိတ်မကောင်းခြင်း ကရုဏာသက်ခြင်းမှ တပါး ဘာမှ မတတ်နိုင်ပါ။ ရိုးသားမှု ရှိ/မရှိ မသေခြာသူကို မည်မျှပင် ဒုက္ခရောက်နေသော်လည်း ထောက်ခံဖို့ မရဲပါ။ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ us, eu, un မှ ပုဂ္ဂိုလ်ကြီးများပြောကြသော အကြီးအကျယ် စိတ်မကောင်ဖြစ်ရပါသည် ဆိုသည်ထက်ပို၍ သာမာန်ဘလော့ဂါ ကျွန်တော် ကိုရွက်ဝါ ဘာမှ မတတ်နိုင်ပါ။ ရခိုင်တို့၏ အမျိုးသာရေး ရခိုင်လူမျိုးတို့သာ သတိ၊ ဝိရိယ၊ ဉာဏ် အားစိုက်ထုတ်ရပါမယ်။ ရိုဟင်ဂျာတို့ အရေးလည်း ထို့နည်းတူပါ။ အပြင်လူကတော့ အပြင်လူသာဖြစ်ပါတယ်။)

ကျန်တာတွေက ပုဂ္ဂိုလ်ရေးကိစ္စတွေ ဖြစ်လို့ ဘာမှပြန်မပြောတော့ဘူး။ သဘောတရားရေးကိုဦးတည်ပြီး လာမယ်ဆိုရင် ကျွန်တော်ပြန်စာ ဆက်ရေးပါ့မယ်။ ပုဂ္ဂိုလ်ရေး ဦးတည်ပြီး ရေးနေသေးရင်တော့ ကျွန်တော် နောက်ထပ်ပြန်စာမရေးတော့ပါ။ ကျွန်တော့မှာ အခြားအကြောင်းအရာတွေ ရေးစရာအများကြီးရှိနေသေးလို့ပါ။ စွပ်စွဲခံရတဲ့ ကိစ္စနဲ့ တန်ဖိုးမရှိလှတဲ့ ပို့စ်တွေတင်ရတာ ၂-ခုရှိပါပြီ။

လေးစားစွာဖြင့်
ကိုရွက်ဝါ

ကျွန်တော်လည်း ဘာသာရေး စိတ်ဝင်စားလို့ ဆွေးနွေးရင်းကနေ အဲဒီထဲကို နစ်နေပြီ။ ဒါပေမဲ့ ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော့်ဘလော့ဂ်ကို ပုံမှန်အားပေးနေတဲ့ ခပ်အေးအေး သမား အချို့ကတော့ ကျွန်တော့်လုပ်ရပ်တွေကို မထောက်ခံဘူးထင်တယ်။ တိတ်ဆိတ်သွားကြပြီ။ ပရိတ်သတ်နည်းသွားလို့ စိတ်မကောင်းပါဘူး။ ကျွန်တော်ကတော့ လုပ်သင့်တယ်ထင်လို့ ဆက်လုပ်ပါဦးမယ်။ သီးခံပေးကြပါ။ ကုန်ကြမ်းတွေ မပြည့်စုံတဲ့အခါ။ ရှင်းချင်သမျှ အကုန်ရှင်းပြီးတဲ့အခါ စာအုပ်လေးတစ်အုပ် ဖြစ်အောင်လုပ်ပြီး ဒေါင်လုပ်ပေးပါ့မယ်။ နောက်တော့ ရေးနေကျ အကြောင်းလေးတွေပဲ ဆက်ရေးပါ့မယ်။

7 comments:

M.Y. said...
This post has been removed by the author.
M.Y. said...

This is a very thoughtful post. ကိုရွက်ဝါ..

ဘာသာအားလုံးကို အနုစိတ်လေ့လာပြီးသကာလ၊ အဲဒိ အစ္ဏလာမ် ဘာသာက နေ ကူးပြောင်းခဲ့တဲ့ ဆရာတော် ဦးဇောတိက ကတော့ ဗုဒ္ဒဘာသာ ဆိုတာ တစ်ကယ်တော့ Religion နဲ့ ism မဟုတ်ဘူးဆိုပါတယ်။

သိစရာမှန်သမျှတစ်စမကျန်သယမ္ဘူဥာဏ်ဖြင့်အမှန်အတိုင်းသိတော်မူသော ဗုဒ္ဒရဲ့ ကျင့်စဉ်ကို လိုက်နာတဲ့အတွက် ဗုဒ္ဒ၀ါဒ (Buddhism)လို့ ခေါ်ဆိုခြင်းသာဖြစ်ပါတယ် လို့ အမေးရှိခဲ့စဉ်တုန်းက မိန့် တော်မူပါတယ်။

လူတိုင်းအတွက် မှန်မမှန်လက်တွေ့ စမ်းသပ်နိုင်တဲ့နည်းလမ်းနဲ့ အမှန်တရားကို လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့တရားတော်မြတ်ကို လူမျိုးမရွေး ကျင့်သုံးနိုင်တဲ့ အတုမရှိသော လမ်းစဉ်အမှန် တစ်ခုပါတဲ့။

ဗုဒ္ဒတရားတော် ရဲ့ ဂုဏ်တော် ၆ပါးထဲက
- လာခဲ့စမ်းပါရှုစမ်းပါဟု ၀မ်းသာရွှင်လှိုက်ဖိတ် ခေါ်အပ်သောတရားတော်။
- သူများပြောကြားစကားနှင့်မျှမယုံရဘဲ ကျနကိုယ်တိုင်သိမြင်အပ်သောတရားတော် ဆိုနှစ်ပါးနဲ့ တင် သိပ္ပံနည်းအရပါ။ကိုယ်တွေ့ စမ်းသပ်နိုင်ပါတယ်။


ဒါနဲ့ ဘေးနားက တရားတော် လင့်ခတွေလမ်းညွှန်ပေးလို့ ကျေးဇူးတင်ကြောင်းပြောခဲ့ပါရစေဗျာ။ ပရိတ်ကြီး ၁၁သုတ် on-line ရှာနေတာကြာပီခုမှတွေ့ တယ်။

Anonymous said...

လူတိုင်းအတွက် မှန်မမှန်လက်တွေ့ စမ်းသပ်နိုင်တဲ့နည်းလမ်းနဲ့ အမှန်တရားကို လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့တရားတော်မြတ်ကို လူမျိုးမရွေး ကျင့်သုံးနိုင်တဲ့ အတုမရှိသော လမ်းစဉ်အမှန် တစ်ခုပါတဲ့။

ကိုမောင်ရင်ပြောခဲ့တဲ့ ဦးဇောတိက စကားလိုပါပဲ။
ဗုဒ္ဓတရားတော်က တကယ်ကျင့်ရမယ်။ ဆုတောင်းခြင်း ။ အာပတ်ဖြေခြင်းတွေနဲ့ ကုသိုလ် အကုသိုလ်တွေကို ဖန်တီးလို့မရဘူး။
လာရောက်အားပေးလျှက်ပါ။ ဆက်ရေးပါ ကိုရွက်ဝါရေ..

ရွက်ဝါ said...

ကိုမောင်ရင်ရော အမည်မသိသူကိုပါ ကျေးဇူးတင်ပါတယ်။ ဆက်လက်ဆွေးနွေးပါဦး။ ဆက်လက်အားပေးကြပါဦးလို့လည်း ဖိတ်ခေါ်ပါတယ်။

Anonymous said...

ကိုရွက်ဝါ..
ဆက်ရေးသားပါ.. အားပေးပါတယ်..
ကိုဌေးလွင်ဦး ပိုစ့်ကို မောင်လူအေးရဲ့  ဘလော်ဂ့်ကနေတစ်ဆင့် ဖတ်မိရင်း..ကိုရွက်ဝါရဲ့ စာတွေ ဖတ်ဖြစ်နေပါတယ်..

withmetta said...

ကိုရွက်ဝါကြီးအတွေးကောင်းတယ်. ကြိုက်ပါတယ်.. နောင်လည်း ဖတ်နေဦးမယ်

မြတ် said...

ဆက်လက်ရေးသားပါ။ အမြဲအားပေးနေမယ်

My Little Blog