:) Saturday, February 7, 2009

လက်နက်ကဲ့သို့ အသုံးချနိုင်သော အမှန်တရား

လက်နက်ကဲ့သို့ အသုံးချနိုင်သော အမှန်တရား

ဖိုရမ်က ပို့စ်လေးပဲ တင်ပါဦးမယ်။ ဒီတစ်ခါတော့ ဆွေးနွေးဖက်ရဲ့ ပြန်စာမှာ စိတ်ဝင်စားစရာ မေးခွန်းလည်း ပါလာပါတယ်။ ကျွန်တော်ကလည်း ဖြေဖို့အဆင်သင့်ပါပဲ။ အခုလို အထင်လွဲအာရုံစိုက်ခံနေရချိန်မှာ ကိုယ့်ဘက်က အမှာမပါအောင်၊ မရိုင်းစိုင်းရအောင် အထူသတိထားပြီး တွေးတွေးဆဆ ရေးထားပါတယ်။ အပြည့်အစုံကို ဖတ်ချင်ရင်တော့ ဒီနေရာမှာ ရှိပါတယ်။

ဖိုရမ်ထဲသွားရမှာ စိတ်မပါသူတွေအတွက် အဆက်အစပ်မရှိမှာစိုးလို့ နည်းနည်းရှင်းပြပါဦးမယ်။ အရင်ပို့စ်တွေမှာတုန်းက ကျွန်တော့်ကို *cutie16os* က စကားလုံးလှလှလေးနဲ့ အခြားဘာသာအား စော်ကားသူလို့ ဆိုခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်ကလည်း စကားလုံးလှလှတွေဟာ ကျွန်တော့်ရဲ့လက်နက်မဟုတ်ရပါဘူး၊ အမှန်တရားသည်သာ ကျွန်တော်လက်နက်ဖြစ်ပါတယ်လို့ ပြန်ခဲ့ပါတယ်။ အဲဒီက ဆက်ပြီး ဒီပို့စ်ဖြစ်လာတာပါ။

******

ဟုတ်ကဲ့ *cutie16os* ပြန်စာအတွက်ကျေးဇူးတင်ပါတယ်။

အမှန်တရား ဆိုတာကိုသိချင်လို့
အမှန်တရား ဆိုတာဘာကိုပြောတာလဲ

ကျွန်တော်ရင်ထဲမှာ အမှန်လို့စွဲစွဲမြဲမြဲ လက်ခံထားတဲ့ အကြောင်းအရာတွေက အများကြီးရှိပါတယ်။ ဇဝေဇဝါဖြစ်နေတဲ့ အကြောင်းအရာတွေကလည်း အများကြီးပါ။

ဒီဘာသာကြီးမှာ ရှိနေတာတွေက အမှားတရားတွေမို့
ကိုရွက်ဝါက အမှန်တရားတွေကို လာထောက်ပြနေရတယ်ပေါ့
ဒါမှမဟုတ် ဒီတော့ပစ်စသူရဲ့ အမှားတရားတွေကို လာထောက်ပြနေတာပေါ့
အကိုကမှ ငါပြောတာ လက်မခံတာ အဓ္မမကိုဆုပ်ကိုင်ပီး အမှားတွေကိုလက်ခံနေလို့ဆိုတဲ့ ငါဆွဲကြီးပဲ....
လူတိုင်းကတော့ ကိုယ်ပြောတာ... ကိုယ်လုပ်တာ မှန်တယ်လို့ယူဆကြတာပဲ...
ကိုယ်ပြောတာ လက်မခံတိုင်း... အမှားကိုဆုပ်ကိုင်တယ်တို့ အဓ္မမကိုလက်ခံတယ်တို့ ပြောလို့မှမရပဲ။

ကျွန်တော်စွဲစွဲမြဲမြဲ လက်ခံထားတဲ့ အမှန်တရားနဲ့ ကွဲလွဲနေရင်တော့ အဲဒါကို အမှားလို့ပဲ ကျွန်တော်က ဆိုချင်တယ်။ ဒါပေမဲ့ မင်းတို့ အယူအဆမှားနေတယ် ငါအယူအဆကသာ အမှန်ဖြစ်တယ်လို့ တရားလက်လွတ်၊ ပြောရပြီးရော ကျွန်တော် မပြောပါဘူး။ အဲလိုပြောတာတွေကိုလည်း လက်မခံပါဘူး။ အကြောင်းအကျိုး ခိုင်ခိုင်မာမာနဲ့ သက်သေပြနိုင်ရင်တော့ ကိုယ့်အမှန်တရားကို ချပြတယ်။ သူတို့အမှားတွေကို ထောက်ပြဝေဖန်ပါတယ်။ အဲဒီမူဝါဒအတိုင်း ဘလော့ဂ်ပို့စ်တွေကို ရေးပါတယ်။ အဲဒီမူဝါဒအတိုင်း ဖိုရမ်မှာ ဆွေးနွေးပါတယ်။

ဆွေးနွေးပွဲမှာ စကားလုံးလှလှတွေသုံးပြီး အခြားဘာသာကို တိုက်ခိုက်သူလို့ ကျွန်တော်ကို *cutie16os* က စွပ်စွဲခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်က ကျွန်တော့်လက်နက်ဟာ စကားလုံး လှလှတွေ မဟုတ်ရပါဘူး၊ အမှန်တရားသာ ဖြစ်ပါတယ်လို့ ပြန်ခဲ့ရတယ်။ အခုဆက်ပြီး အမှန်တရားကို လက်နက်သဖွယ် ဘယ်လိုသုံးသလဲဆိုတာ ကျွန်တော်ပြောပါ့မယ်။

(၁-က) ဂေါတမ ဗုဒ္ဓကို သဗ္ဗညုတရွှေဉာဏ်တော် အရှင် လို့ ကျွန်တော် စွဲစွဲမြဲမြဲယုံကြည်ထားတယ်။ အဲဒီတော့ အဲဒါဟာ ကျွန်တော့်အတွက် အမှန်တရားပဲ။ ဒါပေမဲ့ ဒါဟာ ကျမ်းဂန်ကို စွဲလို့ယုံကြည်ခြင်းဖြစ်တယ်။ ကျွန်တော် ဘယ်လိုမှ သက်သေလည်း မပြနိုင်ဘူး အဲဒါကြောင့် အဲလို အမှန်တရားမျိုးကို ကျွန်တော် လက်နက်အဖြစ် အသုံးမပြုနိုင်ပါဘူး။

(၁-ခ) ဗုဒ္ဓရဲ့ဂုဏ်တော်တွေထဲက သတ္ထာဒေဝ မနုဿာနံ၊ လူနတ်တို့၏ ဆရာ၊ Teacher of Men and Gods ဆိုတာကိုလည်း အမှန်တရားအဖြစ် စွဲစွဲမြဲမြဲလက်ခံထားတယ်။ အဲဒီအချက်ကိုတော့ ကျွန်တော် သက်သေပြခဲ့တယ်။ ပလန်းနက် ဖိုရမ်မှာပါ။ မင်္ဂလသုတ်၊ သိင်္ဂါလသုတ်၊ ပရာဘဝသုတ်၊ ကာလာမသုတ် တော်တွေကို ချပြခဲ့တယ်။ အဲဒီတရားတွေဟာ လောကလူသားတို့အတွက် ကောင်းရာ ကောင်းကြောင်းကို သင်ပြထားတဲ့ သူ့ဏ္ဍအလိုက် အလွန်တရာ ပြည့်စုံတဲ့ အဆုံးအမတွေ ဖြစ်တယ်။ အခြား ဘယ်စာပေမှာမှ ဒါလောက်ကောင်းတဲ့ တရားမတွေ့ဖူးဘူး။ တွေ့ဖူးသူရှိရင် ချပြပါ။ သူ့ထက်သာလွန်နေရင် သူ့ကို ပယ်လိုက်မယ်။

လူပြုတဲ့ကျမ်း၊ တမန်တော်ပြုတဲ့ကျမ်း၊ ဘုရားသခင်ပြုတဲ့ကျမ်း ဘယ်ကျမ်းမှာမှ သူ့လိုပြည့်စုံတဲ့ အဆုံးအမ မတွေ့ရင် အဲဒီတရားတော်တို့ရဲ့ မူလပိုင်ရှင်ဖြစ်တော်မူတဲ့ ဂေါတမဗုဒ္ဓကို လူနတ်တို့၏ ဆရာ၊ Teacher of Men and Gods အဖြစ် လက်ခံလိုက်ပါတော့လို့ ပြောခဲ့တယ်။ အဲဒါ ကျွန်တော်လက်ခံထားတဲ့ အမှန်တရားကို ချပြပြီး ဆွေးနွေးပွဲမှာ လက်နက်သဖွယ် အသုံးချလိုက်တာပဲ။ ရှာနိုင်ရင် ရှာခဲ့ကြ မရှာနိုင်ရင် ကျွန်တော်ပြောတာ လက်ခံပေတော့ ဆိုတဲ့ သဘောပဲ။

(ပြောခဲ့ရတာ လည်းကြောင်းရှိပါတယ်။ အဲဒီထဲမှာ ခရစ်ယာန်ဘာသာဝင် တတ်တတ်ကြွကြွဆွေးနွေးနေသူ တစ်ယောက်က ခရစ်တော်ကို ဘုရားဖြစ်ကြောင်း သူတို့စာပေတွေ အဆိုအမိန့်တွေနဲ့ ရေးပြပြီး စိတ်ချရလောက်တဲ့ ဘာအထောက်အထားမှ မပါပဲ အတင်းကြီး ယုံကြည်ခိုင်းနေလို့ပါ။ သူ့ကိုတော့ အများတကာက ဘာသာရေး ကြော်ငြာကောင်းသူ ကိုယ့်ဘုရားကို ရောင်းစားဖို့ဈေးခေါ်နေသူ လို့တောင် အချို့က စွပ်စွဲကြပါတယ်။ )

(၂-က) ကျွန်တော်အနေနဲ့ လောကတစ်ခုလုံးကို ဖန်ဆင်းမွေးမြူတော်မူသော ထာဝရတည်တော်မူသော အရှင်ဆိုတာ မရှိဘူးလို့ အခိုင်အမာ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ဒါဟာလည်း ကျမ်းဂန်ကိုစွဲပြီး ယုံကြည်ခြင်းဖြစ်လို့ (၁-က) အတိုင်းပါပဲ။ ခိုင်မာတဲ့ အထောက်အထားမပြနိုင်တာကြောင့် ဆွေးနွေးပွဲတွေမှာ အသုံးချလို့ကောင်းတဲ့ လက်နက်မဖြစ်လာပါဘူး။ အဲဒီအကြောင်း ပြောတိုင်းလည်း ဗုဒ္ဓဝါဒအရ၊ ကျွန်တော်တို့ အယူအရ စသဖြင့် အစချီပြီးပြောခဲ့ပါတယ်။

(၂-ခ) လူ့သဏ္ဌာန်က ရုပ်တရား နာမ်တရားတို့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဖြစ်စဉ်တွေ။ (ဥပမာ မြင်သိစိတ် ဖြစ်ပေါ်ခြင်းတို့) ဟာ တန်ခိုးရှင်တစ်ဦးဦးဖန်တီးလို့ ဖြစ်ပေါ်တာ မဟုတ်ဘူး။ လူတွေမှာ သန္ဓေသားထွန်းကား လာခြင်းဟာ ထာဝရတန်ခိုးရှင်က ပေးတဲ့လက်ဆောင် မဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။ အဲဒီအကြောင်းကိုတော့ ဘာသာခြားများကို ဖိတ်ခေါ်လို ဆိုပြီး တင်တဲ့ပို့မှာတော့ အကျယ်တဝင့်ရှင်းခဲ့ပါတယ်။ အကြောင်းတရားတွေစုံလင်ရင် အကျိုးတရားတွေ ဖြစ်ပေါ်လာစမြဲဖြစ်တယ်။ အကြောင်းတရားမစုံလင်ရင် ဘယ်တန်ခိုးရှင်မှ မဖန်ဆင်းနိုင်သလို၊ အကြောင်းတရားတို့ ပြည့်စုံညီညွတ်တဲ့အခါ အကျိုးတရားတွေ ပေါ်ပေါက်မလာအောင် ဘယ်တန်ခိုးရှင်မှ ပိတ်ပင်တားဆီးလို့ မဖြစ်နိုင်ဘူး ဆိုတာကို ခိုင်ခိုင်လုံလုံ ရှင်းပြခဲ့ပါတယ်။ ကိုယ်ထုတ်ပြတဲ့ အချက်တွေရဲ့ ခိုင်မာခြင်းကိုလည်း ခေတ်သစ် မိသားစု အခြေအနေတွေနဲ့ သက်သေထားပြီး အတည်ပြုထားပါတယ်။ အဲဒါကြောင့် နေရာတကာ ထာဝရဘုရားသခင် အလိုတော့ကျဖြစ်တယ်၊ အလ္လာရှင်မြတ် ဆန္ဒတော်အတိုင်းဖြစ်တယ်လို့ မျက်စေ့စုံမိတ် မယုံကြည်ကြဖို့ သတိပေးထားပါတယ်။

(၃-က) ဒီနေ့ခေတ် ကျွန်တော်တို့ မြန်မာပြည်မှာ ဘုန်းတော်ကြီးတွေလေ့လာနေကြတဲ့ ပိဋကတော်ဟာ ဂေါတမ ဘုရားရှင် ကိုယ်တော်တိုင်ဟောကြားထားတဲ့ တရားမှန်လို့ စွဲစွဲမြဲမြဲလက်ခံထားပါတယ်။ (ဒါပေမဲ့ ကျွန်တော့်အရည်အချင်းနဲ့ သက်သေမပြနိုင်လို့ ဘယ်ဆွေးနွေးပွဲမှာမှ အခိုင်အမာ မဆိုခဲ့ပါ။)
(၃-ခ) ဒါပေမဲ့ ကျွန်တော်ဖတ်နေတဲ့ ပိဋကတ်တော် မြန်မာပြန်ဟာ ကောင်းရာကောင်းကြောင်း လမ်းညွှန်ထားတဲ့ အဆုံးအမ တရားတွေဖြစ်တယ်ဆိုတာကိုတော့ သက်သေလည်း ပြနိုင်ပါတယ်။ ပြလည်းပြနေပါတယ်။

(၄-က) မိုကုတ်၊ မဟာစည်၊ တောင်မြို့၊ မင်းကွန်း၊ သဲကုန်း စသဖြင့် မြန်မာပြည်မှ ဆရာတော်ကြီးများ ဟောတရားဟာ မြတ်စွာဘုရားရှင်ရဲ့ မူဝါဒအတိအကျဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။ ပုဂ္ဂိုလ်ကိုစွဲ၍ ယုံကြည်ခြင်းသာဖြစ်တယ်။ ကျွန်တော့်လေ့လာအားနဲ့ အထက်ပါကိုယ်တော် တပါးပါးရဲ့ ကျမ်းစုံအောင်၊ တရားစုံအောင် မလေ့လာနိုင်လို့ သက်သေမပြနိုင်ပါ။
(၄-ခ) ဒါပေမဲ့ အဲဒီကိုယ်တော်တွေအားလုံး လောကကောင်းကျိုးအတွက် ဆုံမနေကြတယ်လို့တော့ အခိုင်အမာ ပြောရဲပါတယ်။ ပြောလည်းပြောနေပါတယ်။ လက်လှမ်းမီသမျှ ဝေလည်းဝေမျှနေပါတယ်။

အခုလောက်ဆိုရင် ကျွန်တော်ပြောချင်တဲ့ အမှန်တရားကို *cutie16os* သဘောပေါက်လောက်ပြီ ထင်ပါတယ်။ (က),(ခ) အမှန်တရား ၂-မျိုးလုံးဟာ ကျွန်တော့်ရင်ထဲမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား လက်ခံပြီးသား အမှန်တရားတွေပါ။ ဒါပေမဲ့ (က) အမျိုးအစားတွေဟာ သက်သေပြဖို့ ခက်ခဲတဲ့ (သို့) မဖြစ်နိုင်တော့တဲ့ အမှန်တရားတွေဖြစ်လို့ ဆွေးနွေးပွဲတိုင်းမှာ လိုအပ်ရင်တော့ ပြောပါတယ်။ အခိုင်အမာတော့ မဆိုခဲ့ပါဘူး။ (ခ) အမျိုးအစား အမှန်တရားတွေကတော့ သိသာထင်ရှားပြီး သတိထားမယ်ဆိုရင် ဘာသာခြားရော၊ ဗုဒ္ဓဘာသာဝင်တွေပါ ငြင်းစရာမရှိလောက်အောင် ခိုင်မာနေလို့ အမှန်ဖြစ်တယ်လို့ သက်သေပြချက်နဲ့တကွ အခိုင်အမာ ဆိုပါတယ်။

နောက်တခုက... ဘာသာတိုင်းမှာ ကောင်းတာရှိသလို မကောင်းတာလဲရှိနိုင်တယ်...
လက်ခံနိုင်တာ ရှိသလို...လက်မခံနိုင်တာလဲ ရှိနိုင်တယ် ....

အထက်က အချက်လေးက *cutie16os* ပြောတာ လွတ်လပ်ပေါ့ပါးသလိုလို၊ မျှတတဲ့ အတွေးလိုလို၊ အေးချမ်းသလိုလို ရှိတယ်။ ဒါပေမဲ့ အဲဒီစကားဟာ ကိုယ့်ဘာသာတရားအပေါ်မှာ ကိုယ် ခိုင်မာတဲ့ ယုံကြည်မှု မရှိတာကို ဖော်ပြနေသလို ဖြစ်နေပါတယ်။

ကျွန်တော်ကတော့ အဲဒီအတိုင်း လက်မခံနိုင်ပါ။ ဗုဒ္ဓဘုရားရှင်ကို ကိလေသာ အားလုံးမှကင်းစင်သူလို့ လက်ခံထားလို့ ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ မကောင်းတာမရှိ၊ အကောင်းချည်းဖြစ်ရမယ်လို့ တထစ်ချ အခိုင်အမာ ယုံကြည်နေပါတယ်။ နားလည်တဲ့ အဆုံးအမတွေ ရှိသလို၊ လိုက်မမီအောင် ခက်ခဲတဲ့ အတွေးအခေါ်ပိုင်းတွေ ပါတယ်ဆိုရင် လက်ခံနိုင်ပါတယ်။

အပေါ်မှာ ကိုရွက်ဝါပြောသလို... ဗုဒ္မဘာသာမှာ ဘာလို့အရုပ်တွေကို ကိုယ့်ဟာကိုထုပီး
ကိုယ့်ဟာကိုယ် ပြန်ကိုးကွယ်နေသလဲလို့ မေးလို့ရတယ် (ကန်တော့ပါ...စော်ကားလိုစိတ်လုံးဝမရှိပါ...အဖြေပေးစရာလဲမလိုပါ...
ပြောချင်တဲ့အကြောင်းအရာရောက်အောင် ဥပမာတခုပေးခြင်းပါ) .... ဒါမဲ့ဒီလိုမေးခွန်းမျိုး ဘယ်မွတ်စလင်

ဘယ်ခရစ်ယာန်မှ...ခုထိပေါ့...ဖတ်ဖူးသမျှဘာသာရေးတော့ပစ်တွေမှာမတွေ့မိဘူး....(အရင်ကကျွန်တော်ဖတ်ဖူးသမျှပြောတာနော်..

*cutie16os* မေးချင်ရင်မေးလို့ရပါတယ်။ စော်ကားလိုစိတ် မရှိကြောင်းလည်း သိသာထင်ရှားလို့ ကျေးဇူးတင်ပါတယ်။ စော်ကားမယ်ဆိုရင်လည်း ကျွန်တော်ကတော့စိတ်ဆိုးမှာ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံး အကျိုးရှိနိုင်ဆုံးဖြစ်တဲ့နည်းနဲ့ တုန့်ပြန်မှာပါ။

အဲဒီမေးခွန်းမျိုးက ဖိုရမ်လောကမှာတော့ ကျွန်တော်လည်း မနှံ့စပ်လို့ အာမ၊ မခံရဲဘူး။ ရှိတော့ရှိနိုင်ပါတယ်။ အပြင်လောကမှာတော့ ရှိတာ အမှန်ပါ။ ကျွန်တော်တို့ရဲ့ ကျမ်းပြုအကျော် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီးတို့လို ပုဂ္ဂိုလ်တွေဆီကို အဲလိုမေးခွန်းတွေ ရောက်ဖူးပါတယ်။ ဆရာတော်ကြီးတို့လည်း အေးအေးဆေးဆေး ဖြေကြားတော်မူပါတယ်။ ကျွန်တော် လည်းဘလော့ဂ်ပို့စ်တွေရေးပြီး အဲဒီအကြောင်းရှင်းဖူးပါတယ်။

လင့်ခ်က ဒီမှာ ပါ။ *cutie16os* ဖတ်ဖို့ pdf ဖိုင်အဖြစ် ဒေါင်းလုပ်လည်းပေးလိုက်ပါတယ်။ ဒီမှာ ကလစ်လိုက်ပါ။ pdf ဖိုင်ထဲမှာတော့ အခြားဖတ်ဖို့လိုအပ်တဲ့ ပို့စ်လေးတစ်ခု ရှေ့ကရှိနေပါတယ်။ သီးခံပြီးဖတ်ကြည့်ပါ။ ရုပ်ပွားဆင်းတုတော်တွေကို အရိုအသေပေးကြခြင်းနဲ့ပတ်သက်လို့ ခေတ်လူငယ်တွေ လက်ခံနိုင်အောင် ရှင်းပြထားပါတယ်။ မကျေလည်တာရှိရင် ပြန်ဆွေးနွေးပါ။ ဖြေရှင်းပါ့မယ်။

အလွယ်ကူဆုံးရှင်းရရင်တော့ ဘုရားရှင်ကို ရည်စူးပြီး ဆင်းတုတော်တွေ၊ စေတီတွေ၊ ပုံကားချပ်တွေကို အရိုအသေပေးနေခြင်းဟာ၊ ဗိုလ်ချုပ်အောင်ဆန်းကို ရည်စူးပြီး အုပ်ဂူ၊ ရုပ်တုနဲ့၊ ဓာတ်ပုံတွေ အလေးပြုနေတာနဲ့ သဘောတရားခြင်း အတူတူပါပဲ။ သီလ,သမာဓိ,ပညာ ဆိုင်ရာသူ့ရဲ့ဂုဏ်တော်တွေ၊ ကျင့်စဉ်တွေ၊ အဆုံးအမတွေ ပြန်လည်အောင်းမေ့သတိရခြင်းပါ။ ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုတာလည်း ထို့နည်းတူပါပဲ။ သူ့ရဲ့ ရဲရင့်ခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ ရိုးသာခြင်း အစရှိတဲ့ ဂုဏ်ပုဒ်တွေကို သတိတရ အရိုအသေပေးခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ဆီက သဘာဝလွန်စွမ်းအား တစ်ခုခု မျှော်ကိုးတာ မပါပါဘူး။ ထို့နည်းတူပါပဲ။ ဗုဒ္ဓဆီက ကယ်တင်ခြင်း၊ ကောင်းချီးမင်္ဂလာ အစရှိတဲ့ အကျိုးကျေးဇူး တစ်စုံတစ်ရာမျှော်ကိုးပြီး ထိုင်ကန်တော့နေတာ မဟုတ်ပါဘူး။ အဲလိုလူတွေရှိရင်လည်း အဲဒါဘာသာခြားတို့ဆီက ကူးစက်လာတဲ့ အတွေးအခေါ်တွေပါ။ ကျွန်တော်တို့ ဗုဒ္ဓဝါဒက လာတဲ့ အတွေးအခေါ်အယူအဆတွေ မဟုတ်ပါဘူး။

(မှတ်ချက်။ ။ကျွန်တော်တို့ ဗုဒ္ဓဘာသာ စာပေတွေမှာကြည့်ရင် မြတ်စွာဘုရားရှင်ရဲ့ ရူပကာယတော်ကို ကြည်ညိုရုံလေးနဲ့၊ သာယာသော အသံတော်ကို ကြည်ညိုယုံလေးနဲ့ နတ်ပြည်ရောက်ရတယ်ဆိုတဲ့ တရားတော်တွေ ရှိပါတယ်။ အဲဒါတွေဟာ သဒ္ဓါသမားအတွက် တရားတွေပါ။ မူလက ဗုဒ္ဓအပေါ် သဒ္ဓါတရားမရှိတဲ့ ဘာသာခြားမိသားစုမှာဖွားသူတွေအတွက် မသင့်တော်ပါဘူး။ ဘာသာခြားတွေအတွက်က အတွေးအခေါ်ပညာပိုင်းဆိုင်ရာ ဒေသနာတွေနဲ့သာ ပိုမိုသင့်တော်ပါတယ်။ မြန်မာပြည်ဟာ ဗုဒ္ဓဝါဒအပေါ် အားကောင်းသော သဒ္ဓါတရားတို့ရဲ့ တည်နေရာဌာန သဘောမျိုးဆောင်နေပါတယ်။ သဒ္ဓါတရားက အားကောင်းလွန်းတော့ ဘာသာခြားတို့က ကြည့်ရင် နားမလည်နိုင်စရာ အထင်သေးစရာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ခေတ်အဆက်ဆက် လူပညာရှိ ရဟန်းပညာရှိများအကြား ပြဿနားအရပ်ရပ် အမေးအဖြေ စာပေတွေ ပေါ်ထွန်းခဲ့တာဟာ မြန်မာပြည်ဟာ သဒ္ဓါတရားအားကောင်းတာမှန်ပေမဲ့ ပညာတရားလည်း မဆိတ်သုဉ်းသေးဘူးဆိုတဲ့ သက်သေပါပဲ။)

ဒါမဲ့တော်ရုံတန်ရုံဘာသာရေး တော့ပစ်တွေ ခုနောက်ပိုင်းမဖတ်မိအောင်ကို ရှောင်ပါတယ်... အရင်ကဖတ်လိုက်ရင်လဲ
ဒီအကြောင်းအရာတွေနဲ့ချည်းပဲ.... ထပ်တရာဖစ်ပီး.... လုံးလည်လိုက်နေလို့....ဆက်မဖတ်တော့တာပါ...ဘာသာရေးတော့ပစ်ဆိုတော်တော်ကိုရှောင်ပါတယ်)
စိတ်ထဲမှာ ရှိရင်လဲရှိနိုင်တယ်... ဒါလူ့စိတ်ပဲ..ရှိချင်တာရှိလို့ရတယ်..ဒါမဲ့ အဲ့လိုကိုးကွယ်နေသူတွေရှေ့မှာ
သွားမေးတာ စော်ကားတာပဲဖစ်မှာပေါ့....ပီးတော့

စိတ်ထဲရှိတဲ့အတိုင်းပြောရင် စော်ကားသလိုဖြစ်တတ်တယ်ဆိုတာတော့ ကျွန်တော်လည်း အပြည့်အဝ လက်ခံတယ်။ အဲလိုစော်ကားမှုမျိုး ကိုယ့်ဘက်က မပြုမိဖို့လည်း အမြဲသတိထားပါတယ်။


ဒီဘာသာရေးတော့ပစ်တွေမှာ....အစ္စလာမ်အတွက်တော့ပစ်တွေ
တင်တင်ပီး ရေးကြတဲ့ အကြောင်းအရာတွေကလဲ ဒါတွေချည်းပဲ ဖန်တရာတေနေပီ.... ဖိုရမ်ပေါင်းစုံလဲ
ကုန်လောက်ပါပီ.....မသိလို့မေးချင်တာဆိုရင်လဲ .... ရှင်းပြပေးကြရင်.... ပီးပီပေါ့နော်...
ခုက...ရှင်းပီးရင် ဒါဆိုဒီလိုလုပ်တာ မှားတာ..ဒီလိုကိုးကွယ်တာမှားတယ် ... ဒီလိုယူဆတာမှားတယ်လို့ ဝေဖန်တာတွေကများနေတယ်....


ကျွန်တော်ကတော့ *cutie16os* ပြောသလောက် စုံစုံလင်လင် မရောက်ဖူးသေးပါဘူး။ ဒီဖိုရမ်က ကျွန်တော့်အတွက် ပထမဆုံး ဖိုရမ်ပါပဲ။ သူ့ဘရားကိုယ်ဆဲ ကိုယ့်ဘုရားသူဆဲတွေ မတွေ့ရလို့လည်း စရေးဖြစ်တာပါ။ အဲလိုတွေဆွေးနွေးနေကြတဲ့ နေရာတွေမှာ ဘယ်ကစ ဘယ်စကားပြောရမှန်းမသိလို့ သိပ်မပြောဖြစ်ပါဘူး။ ပြောတော့ပြောချင်သေးတယ်။ ကျွန်တော်ကတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဖို့ စိတ်ကူးမရှိပါဘူး။

အဲ့ဒါဆိုရင်လဲ .... ဘိုးစဉ်ဘောင်ဆက်က ဒီလိုတွေပြောခဲ့... ဒီလိုတွေ
သင်ပေးခဲ့လို့ သိလာတာ...ကိုးကွယ်လာတာပါ (For Me) ... အဲ့လူတွေကိုပဲ အပြစ်တင်ရတော့မလား...ဒီဘာသာ..ဒီအယူအဆတွေ
စလုပ်ခဲ့တဲ့ဘုရားသခင်နဲ့ လူတွေကိုပဲအပြစ်တင်ရမလား...............


အပြစ်တင်စရာလူကတော့ လိုက်ရှာမနေပါနဲ့။ မိရိုးဖလာအတိုင်းနေသွားရင်တော့ ဘယ်ဘာသာဝင်ဖြစ်ဖြစ် အားနည်းတယ်၊ ကိုယ့်ပိုင်အတွေးအခေါ်ဉာဏ် မသုံးဘူး၊ - လို့မြင်တယ်။ ကျွန်တော်တို့ ဘုရားရှင်ရဲ့ ကာလာမသုတ်တော်အတိုင်းလေ့လာပြီးဆုံးဖြတ်မယ်ဆိုရင် ကျမ်းဂန်တွေက အလွဲရေးတိုင်းလည်း ကိုယ်က လွဲစရာမလိုဘူး။ မိဘက အလွဲကိုးကွယ်တိုင်းလည်း ကိုယ်က တလွဲကိုးကွယ်စရာမလိုဘူး၊ တိုးတတ်တဲ့တိုင်းတပါးက အယူအဆမှားလို့လည်း ကိုယ်ကမှားစရာမလိုပါဘူး။ ကိုယ့်ဝါဒ ကိုယ်ပိုင်ထူထောင်ပိုင်ခွင့်ရှိပါတယ်။ အဲဒါ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဆုံးမခဲ့တဲ့ ကိုးကွယ်မှုဆိုင်ရာ လွတ်လပ်ခွင့်ပဲ။ လေ့လာကြည့်ပါ။ အပြစ်တင်စရာလူမရှိဘဲ မိမိသာ မိမိအတွက်အရေးကြီးတယ်လို့ ဆိုထားတာတွေ့ရပါလိမ္မယ်။

ဘယ်ဗုဒ္မဘာသာတော့ပစ်မှာများ ဒီလိုမျိုးတွေတွေ့ဖူးပါလဲ....ဗုဒ္မဘာသာတော့ပစ်တွေများအေးချမ်းလို့
ဓမ္မစာအုပ်တွေ ရှယ်ချင်ရှယ်...ဒါမှမဟုတ်ကိုယ့်ဘာသာရဲ့နေ့ထူးနေ့မြတ်အကြောင်းတွေပြောချင်ပြော....
လုပ်နေကြတာပါပဲ....


အဲဒါကတော့ *cutie16os* နေရာစုံမရောက်ဖူးလို့ပါ။ ဗုဒ္ဓဘာသာကို စော်ကားသူတွေလည်းတွေ့ဖူးပါတယ်။ ဘာသာကိုပုတ်ခတ်တယ်။ ဘုရားရှင်ကိုပုတ်ခတ်တယ်။ ဒါမျိုးတွေလည်း ခံရပါတယ်။

ဗုဒ္ဓဘာသာ တော့်ပစ်တွေမှာ ဓမ္မစာအုပ်ရှယ်တာတွေ၊ ဘာတွေ အစစအရာရာ အခြားဘာသာတွေထက် ပိုပြီးစည်စည်ကားကား ကြီးရှိနေမယ်ဆိုတာ လက်ခံပါတယ်။ အဲဒီမှာလည်း အကြောင်းတွေက အများကြီးပါ။ မြန်မာပြည်ကလို့ ဆိုရင် အများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်။ အဲဒီတော့ အင်တာနက်ပေါ်မှာလည်း မြန်မာအသိုင်းအဝိုင်းက ဗုဒ္ဓဘာသာဝင်တွေပိုများပါလိမ္မယ်။

နောက်တစ်ချက်က ဖြန့်ဝေစရာ စာပေနဲ့ တရားတို့ရဲ့ အနည်းအများ ပမာဏပါ။ ဗုဒ္ဓဘာသာပိဋကတော်ဟာ နိုင်ငံတကာက အကြီဆုံးစာအုပ်ကြီးအဖြစ် စံချိန်တင်ခံထားရတဲ့ ကျမ်းပါ။ သမ္မာကျမ်းစာတို့။ ကျမ်းမြတ်ကုရ်အာန်တို့ထက် အဆပေါင်းများစာ ကြီးပါတယ်။ ပါဠိကျွမ်းကျင်သူတစ်ဦးအနေနဲ့ တစ်နေ့ ၈-နာရီအချိန်ပေးပြီးဖတ်မယ်ဆိုရင် ၁-နှစ်ခွဲလောက်အချိန်ပေးပြီး ဖတ်ရမယ်လို့ကြားဖူးပါတယ်။ မြန်မာပြန်ပိဋကတ်တော်ကို တစ်နေ့တစ်နေ့ မိနစ် ၂၀-စာလောက် ဘလော့ဂ်ပို့စ်လေး ရေးပြီးတင်ရင် ၁၀-နှစ်တောင် ကုန်ချင်မှကုန်ပါ့မယ်။ ဒါတောင် ကျမ်းရင်းသက်သက်ပြောတာပါ။ ကဋ္ဌကထာ။ ဋီကာနဲ့ ခေတ်အဆက်ဆက် ရဟန်းပညာရှိ လူပညာရှိတို့ရဲ့စာတွေ ဖြန့်ဝေမယ်ဆိုရင် ကျွန်တော်တို့မှာ ဓမ္မလက်ဆောင်ပေးစရာတွေက များလွန်းပါတယ်။ ခရစ်ယာန်၊ အစ္စလာမ်တို့မှာလည်း အတော်များများတော့ ရှိပါလိမ္မယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာနဲ့ နှိုင်းစာရင်တော့ တော်တော်လေးကိုပဲ နည်းနေဦးမှာပါ။

အဲ့လိုပဲ အစ္စလာမ်တွေ ခရစ်ယာန်တွေရော... ဘာသာရေး
စာအုပ်တွေရှယ်မယ်....ဒီတော့ပစ်ထဲကလို.... ဘုရားမရှိခိုးတတ်တဲ့သူတွေ ရှိခိုးချင်လို့မေးရင် တတ်တဲ့သူကဖြေပေးမယ်...အဲ့လိုမျိုးလုပ်ခွင့်မရှိဘူးလား အေးအေးချမ်းချမ်း??


ခရစ်ယာန်ဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေလည်း အေးအေးချမ်းချမ်းနဲ့ ဘာသာရေးစာပေတွေ ဝေမယ်။ အမေးအဖြေတွေလုပ်မယ်ဆိုရင် လုပ်ခွင့်ရှိပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။ ဘာသာခြားများရော ဘာသာတွင်းက လူငယ်များပါ စနစ်တကျ လေ့လာနိုင်စရာ အခွင့်အလမ်းတွေ ပွင့်လာမှာဖြစ်လို့ ကျွန်တော်ကတော့ အားပေးပါတယ်။ အဲဒါကြောင့်လည်း အေးအေးဆေးဆေး ကိုယ့်ကျမ်းစာ ကိုယ်ဖြန့်ဝေနေတဲ့ ဘလော့ဂ်တွေဆိုရင် အားပေးပါကြောင်းတောင် ရေးခဲ့ပါတယ်။ ကိုဌေးလွင်ဦးဘလော့ဂ်ကတော့ ဘာသာရေး ရှုတ်ထွေးမှုတွေ ဖန်တီးနေသလိုဖြစ်လို့ ကွန်မန့်ရေးပြီး ပြန်ရှင်းနေရပါတယ်။

ဒါမဲ့ မွတ်စလင် ဒါမှမဟုတ် ခရစ်ယာန် ဘာသာဝင်တွေ တော့ပစ်များတင်လိုက်လို့ကတော့
ပွဲကြီးပွဲကောင်းပဲ...လာကြပါပီ .... ဒီဖိုရမ်မှာ အဲ့လောက်ကြီး ပက်ပက်စက်စက်မဖစ်တာကိုပဲ
ကျေးဇူးတင်ရမှာပဲ (ဖိုရမ်၂ခု ပက်ပက်စက်စက်ရေးခြင်းကို မြင်ဖူးခဲ့ဖူး၏)


ခရစ်ယာန်၊ အစ္စလာမ် ဘာသာဝင်တွေ တော့ပစ်တင်လိုက်တဲ့အခါ ပွဲကြီးပွဲကောင်း လာကြပါပြီဆိုတာကို အကြောက်အကန် မငြင်းလိုပါဘူး။ ဒါပေမဲ့ အဲလို ဘာသာမတူတိုင်း စော်ကားတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေလို့ ဆိုလာရင်တော့ ကျွန်တော်ငြင်းရလိမ္မယ်။ ခရစ်ယာန်တို့ရဲ့ ကျမ်းဂန်ထဲက တမန်တော်တွေအချို့ကို အစ္စလာမ်က ဆဲတယ်။ အစ္စလာမ်တို့ရဲ့ မြင့်မြတ်သော တမန်တော်မုဟမ္မဒ်ကို ခရစ်ယာန်တွေက ဆဲတယ်။ အဲလိုဖိုရမ်တွေကို ကျွန်တော်ရောက်ဖူးတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဒီလိုမစော်ကားဘူး။ ဗုဒ္ဓဘာသာဝင်တွေ မရိုင်းစိုင်းဘူးလို့ ကျွန်တော်အာမ၊ မခံနိုင်ဘူးနော်။ ဒါပေမဲ ဗုဒ္ဓကတော့ ဝါဒမတူသူတွေကိုလည်း အလေးထားကြောင်း ဖြစ်နိုင်ရင် စားဝတ်နေရေး ပြဿနာတို့မှ အကာအကွယ်ပေးခဲ့ကြောင်းကို သုတ္တန်နဲ့တကွ ဖြန့်ဝေပါဦးမယ်။

အော်...တခုကျန်ခဲ့လို့
အပေါ်မှာပြောထားတဲ့ စိတ်မ၀င်စားဖူးဆိုတာ...
အဲ့လိုအတိုက်အခိုက်တွေကို လိုက်ဖြေရှင်းဖို့ ငြင်းဖို့ခုံဖို့သိပ်စိတ်မ၀င်စားတာကိုပြောတာပါ...
အဲ့ဒါကြောင့်လဲ...တော်ရုံ ရီပလိုင်းမလုပ်ခဲ့တာပါ..

တစ်လျှေက်လုံး ဖတ်ခဲ့ရသမျှ *cutie16os* ရေးထားတာ ကျွန်တော်သဘောကျတယ်။ ဒီနေရာရောက်မှ ကျွန်တော့်ဆွေးနွေးချက်တွေအပေါ် တန်ဖိုးမထားသလို ခံစားလိုက်ရတယ်။ အတိုက်အခိုက်တွေ အငြင်းအခုံတွေလို့ နာမည်ဆိုးနဲ့ ကင်ပွန်းတပ်ခံလိုက်ရတယ်။ ကျွန်တော်က တော့ဆွေးနွေးနေတယ်လို့ပဲ ကိုယ့်ကိုယ်ကို ယူဆထားတယ်။ ငြင်းနေတာ မဟုတ်ဘူး။

“စကားဆို မတင်းနဲ့၊ တရားလို မငြင်းနဲ့” တဲ့ အဲဒါကျွန်တော် ကြိုက်တဲ့ ဆောင်ပုဒ်လေးပဲ။
သိပ်ပြီးတင်းလွန်းရင် စကားပြောတဲ့နေရာ ဘယ်ကောင်းမလဲ ရန်ဖြစ်ရမှာပေါ့။ သိပ်ပြီးငြင်းလွန်းရင်လည်း ဘယ်လိုလုပ် အမှန်တရားရောက်နိုင်မလဲ။ စိတ်အေးအေးနဲ့ ဆွေးနွေးမှ အမှန်ဆီကို ၂-ဦး ၂-ဘက် ဦးတည်နေမှာပေါ့။

တော်ရုံဆိုတဲ့စကားက ကျွန်တော့်အားထုတ်မှုတွေကို ပေါ့ပျက်ပျက်လုပ်လိုက်တယ်။ ကျွန်တော်ကတော့ အားလုံးကိုအလေးထာတယ်။ သူများစကားတွေ တစ်လုံးမှ ပေါ့ပျက်ပျက်မလုပ်ပြစ်ဘူး။ ကျွန်တော် လေးလေးနက်နက်တွေးပြီး အပင်ပန်းခံရေးခဲ့သမျှကိုတော်ရုံတန်ရုံ ထင်ခံရတာတော့ စိတ်မကောင်းပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီပြန်စာထဲမှာ နောက်ထပ်စွပ်စွဲချက်တွေထပ်ပါ မလာတော့လို့ ဝမ်းသာ ကျေနပ်ရပါတယ်။

kyaymoneyait ပြန်စာထဲက ဆဲတဲ့သူတွေကိုတောင် ထိုင်ရှိခိုးရမလိုဆိုတဲ့ စကားက ကျွန်တော့်စာတွေကို သေခြာမဖတ်ဘဲ ရေးတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဆဲတဲ့သူတွေကို ကျွန်တော်အနေနဲ့ ရှုတ်ချကြောင်း၊ ဗုဒ္ဓဝါဒအတိုင်းဆိုရင် ဒုစရိုက်ကောင်များလို့တောင် ဆိုထိုက်ကြောင်း ပြောပြီးသားပါ။

ကျန်တဲ့အပိုင်းကတော့ အဆဲခံရသူများအနေနဲ့ လည်း ဖြစ်လာတဲ့ အခြေအနေကနေ အကောင်းဆုံး ရလဒ်တစ်ခုဆီ ဘယ်လိုချည်းကပ်မလဲဆိုတာကို အကြံပေးတဲ့အပိုင်းပါ။ လောကကြီးဆိုတာက ကိုယ့်စိတ်ကြိုက်ဖန်တီးလို့မှ မရတာ ရင်ဆိုင်နေရတဲ့ အနေအထားကနေ အကောင်းဆုံးအခြေအနေဆီကို အပြစ်ကင်းတဲ့နည်းနဲ့ အားလုံးကို ချည်းကပ်စေချင်လို့ပါ။

ကျန်တာတွေကတော့ ကျွန်တော်လည်း အနေနဲ့ အထူးပြောစရာမရှိပါဘူး။

လေးစားစွာဖြင့်
ကိုရွက်ဝါ

0 comments:

My Little Blog