နှလုံးသွင်းမှန်နိုင်ဖို့ ကြိုးစားလို့နေရပါတယ်။
နှစ်လိုဖွယ် အာရုံအမျိုးမျိုးကို မသင့်သော အားဖြင့် နှလုံးသွင်းသောကြောင့် ကာမဂုဏ်တို့အား တောင့်တခြင်း (ကာမစ္ဆန္ဒ) ဖြစ်တတ်စေနိုင်တယ်။ မနှစ်လိုဖွယ် အာရုံအမျိုးမျိုးတို့ကို မသင့်သောအားဖြင့် နှလုံးသွင်းသောကြောင့် သူတစ်ပါးအား ပျက်စီးစေလိုခြင်း
(ဗျာပါဒ) တို့ ဖြစ်စေနိုင်တယ်။
ကျွန်တော်လည်း ခုတလော မနှစ်လိုဖွယ် အာရုံတွေနဲ့ တွေ့ကြုံနေရတယ်။ အဲဒါကတော့ ကျွန်တော့်အနေနဲ့ ဘာတစ်ခွန်းမှ မဆွေးနွေးဖူးတဲ့ ကိစ္စကို အကြောင်းပြပြီး မဟုတ်မမှန် စွပ်စွဲခံရတာပါပဲ။ လူမျိုးရေး နိုင်ငံရေး ရှုတ်ထွေးစေသူ၊ ပဋိပက္ခတွေ ဖြစ်အောင် လှုံ့ဆော်သူအဖြစ် ဘလော့ဂ် လိပ်စာနဲ့ တကွ နာမည်ပျက်စာရင်း ကြေငြာခံရခြင်းပါပဲ။ တကယ်တန်းတော့ ကျွန်တော်ရေးနေသမျှကို ဖတ်ကြည့်ရင် ဘာလူမျိုးရေး၊ ဘာနိုင်ငံရေးမှ မပါဘူးဆိုတာ သိသာပါတယ်။
စတင်စွပ်စွဲသူကလည်း မူဝါဒရေးရာ အနိုင်မပြောနိုင်လို့ မရိုးသားတဲ့ နည်းနဲ့ အနိုင်ယူဖို့ကြိုးစားခြင်းပါ။ အဲဒါကို အချို့ကလိုက်ပြီး သူများပြောတိုင်း လိုက်ပြောတယ်။ အခြားနေရာမှာ ရှိပြီးသား ပိုစ်တစ်ခုကို စာသားလေး အနည်းငယ်ဖြည့်စွက်ရုံနဲ့၊ ခေါင်းစဉ်လေး ပြောင်းရုံနဲ့ ကိစ္စပြီးသွားပြီထင်ပြီး ပို့စ်အသစ်တွေတင်ကြတယ်။ တကယ်တော့ ကိုယ်လုပ်နေတဲ့ အလုပ်က သူခိုးအလုပ်၊ သို့မဟုတ် သူခိုးအားပေး အလုပ်ဆိုတာကို နားမလည်ကြဘူး။ စူးစမ်းဆင်ခြင်ခြင်းလည်း မရှိဘူး၊ အခြားလူရဲ့ ပို့စ်တွေကိုလည်း မဖတ်ဖူးဆိုတာ ထင်ရှားပါတယ်။ အဲလိုလုပ်နေကြသူတွေထဲမှာ သိပ်ထင်ရှားတဲ့ မြန်မာ သတင်းဘလော့ဂ် အချို့လည်းပါ, ပါတယ်။
သတင်းဘလော့ဂ်အဖြစ်ရပ်တည်မယ်ဆိုရင် သတင်းစာကျင့်ဝတ်တွေ လိုက်နာသင့်ပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ ဘလော့ဂ်အဖြစ်ရပ်တည်ချင်ရင်လည်း စာပေသမားကျင့်ဝတ်တွေ၊ မူပိုင်ခွင့်ကိစ္စတွေ (ဘယ်သူတရားစွဲစွဲ/ မစွဲစွဲ) လေးစားသင့်ပါတယ်။ ကိုယ့်ကြောင့် သူတပါး နှစ်နာမှု တစ်စုံတစ်ရာ အဖြစ်ရအောင် စူးစူးစမ်းစမ်းလေး လုပ်သင့်ပါတယ်။ တကယ်တော့ ကျွန်တော်လည်း မဟုတ်မမှန် စွပ်စွဲခံရခြင်းနဲ့ ပတ်သက်လို့ ဖြေရှင်းခဲ့တာ ပို့စ် ၂-ခုလောက်ရှိပါပြီ။ ကျွန်တော့် ဘလော့ဂ်လိပ်စာ ပါတဲ့ ပို့စ်တွေကို ဖျက်ပေးသင့်ပါတယ်။ တာဝန်ရှိတဲ့ ဘလော့ဂ်တွေကလည်း ဖျက်မပေးကြဘူး။ နောက်ပိုင်း ဝါဒရေးရာအရ အနိုင်မပြောနိုင်သူအချို့က စွပ်စွဲချင်ရင် အဲဒီပို့စ်ကို ကိုးကားပါသည်ဆိုပြီးတော့ ပို့စ်အသစ်တွေတင်လာကြတာကိုပါ တွေ့နေရပါသေးတယ်။ အဲဒီပို့စ်တွေဟာ သူခိုးပို့စ်တွေမှန်း သူတို့လည်းသိတယ်။ ပုဂ္ဂိုလ်ရေး အာရုံစိုက်မှုနဲ့ ဒီကောင် လူမုန်းများရင် ပြီးတာပဲဆိုပြီး စွပ်စွဲနေတာပါ။
အဲဒီစွပ်စွဲချက်တွေအပေါ် ကျွန်တော့်အနေနဲ့ အတတ်နိုင်ဆုံး နှလုံးသွင်းမှန်အောင် ကြိုးစားနေပါတယ်။ ငါ့ကို မဟုတ်မမှန် စွပ်စွဲတယ် စွပ်စွဲတယ် ဆိုပြီး နေ့စဉ်နဲ့ အမျှ နှလုံးသွင်းနေရင် ဒေါသတရားတွေသာပွားများလာမယ်။ ဒေါသကို ပွားနေရင် အာဃာတတွေ ဖြစ်လာမယ်။ သူတပါးကို ပျက်စီးစေလိုမှု ဗျာပါဒနိဝရဏတရားတွေဝင်လာမယ်။ မကောင်းတော့ဘူးပေါ့။ ကိုယ့်စိတ်ဆင်းရဲရမယ်။ အမှန်တကယ် သူတို့ရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကို အားထုတ်ရင် စိတ်ရောကိုယ်ပါ ပင်ပန်းလာမယ်။ ကိုယ်လုပ်လို့ ထိရောက်မှုတစ်စုံတရာရှိရင် ကိုယ်ရောသူပါ ထိခိုက်ကုန်မယ်။ အဲဒါကြောင့် စွပ်စွဲတယ် စွပ်စွဲတယ်ရယ်လို့ ထပ်တလဲလဲ နှလုံးမသွင်းမိအောင် ကြိုးစာပါတယ်။
သာသနာပက ပုဂ္ဂိုလ်အချို့လည်း သူတို့နည်းနဲ့ သူတို့ နှလုံးသွင်းမှန်အောင် သွင်သင်ဆုံးမမှုလေးတွေ ရှိကြပါတယ်။ ကုသိုလ်တရားတွေ ပွားများလာလောက်အောင် အတွေးအခေါ်မမြင့်မားပေမဲ့ သူတို့နည်းလေးတွေလည်း မဆိုးပါဘူး။ အကုသိုလ်တွေ အပိုဝင်မလာအောင်တော့ တားနိုင်တယ်ထင်ပါတယ်။ သူတို့နည်းကတော့ ဆဲတာတို့ စွပ်စွဲတာတို့ ခံရတဲ့အခါ ကိုယ်နဲ့ မဆိုင်ပါဘူး၊ ကိုယ့်ပြောနေတာ မဟုတ်ပါဘူး ဆိုပြီး မသိသလို မကြားသလို နေလိုက်ဖို့ပါပဲတဲ့။ စကားနည်း ရန်စဲပေါ့။ သူတို့နည်းလေးလည်း မဆိုးပါဘူး။ ကျင့်သုံးနိုင်ရင် အတိုင်း အတာတစ်ခုထိ အသုံးကျပါတယ်။
ကျွန်တော်ကတော့ လောကဓံတရားနဲ့ပါ ယှဉ်ပြီး ဆက်တွေးလိုက်မိတယ်။ ရေးထားသမျှ ပို့စ်တွေကို ကောင်းပါတယ်၊ နှစ်သက်ပါတယ်ဆိုလာတဲ့ ကွန်မန့်လေးတွေ၊ စိဘောက်က စကားလေးတွေဟာလည်း ချီးမွှမ်းခံရခြင်း ဆိုတဲ့လောကဓံပဲ၊ မကျေမနပ်နဲ့ ခုလို ကဲ့ရဲ့ ပြစ်တင်ခံရခြင်းဟာလည်း အလားတူ လောကဓံတစ်ခုပဲလို့ တွေးလိုက်တယ်။ စောစောက သူတို့ပို့စ်တွေကို ဖတ်ဖတ်ခြင်း အနည်းငယ် စိတ်ဆိုးမိတာတွေ အားလုံးပျောက်သွားတယ်။ အတိုက်အခိုက်တွေ တော်တော် ခံနိုင်တဲ့ ရင့်ကျက်တဲ့ လူလိုလို ဘာလိုလိုဖြစ်သွားတယ်။ သူတို့ကိုတောင် ကျေးဇူးတင် သလိုဖြစ်မိပါသေးတယ်။
နောက်တစ်ခု ထပ်စဉ်းစားမိတာက ကျွန်တော်က မြန်မာစာနဲ့ ရေးသားဖြန့်ဝေနေကြတဲ့ အွန်လိုင်းက ဘလော့ဂ်တွေ၊ ဖိုရမ်တွေ၊ ဝဘ်ပေ့ခ်ျတွေ အားလုံးကို အဆင့်အတန်းရှိစေချင်တယ်။ ကျွန်တော် ထောက်ပြမှုတွေကြောင့် နောက်ပိုင်းစွဲချက်တွေက ကိုးကားရာ မူလပို့စ်ကို ညွှန်းလာတာတွေ့ရတယ်။ အဲဒီပို့စ်တွေဟာ အခြေအမြစ်မရှိမှန်း၊ သူခိုးကျင့် သူခိုးကြံ ပိုစ်တွေမှန်း သူတို့သိတယ်နော်။ ကျွန်တော်ကို တိုက်ခိုက်ရပြီးရောဆိုပြီး ပြန်တင်နေတာ။ ဘာပဲဖြစ်ဖြစ် မိမိကိုယ်တိုင် သူခိုးအလုပ်ကို မလုပ်ကြတော့ပဲ သူခိုးအားပေး အလုပ်လောက်ပဲလုပ်တော့တယ်ဆိုတော့ ဒါ တိုးတတ်လာတယ် လို့ပဲ ပြောရမယ်။ ဝမ်းသာစရာပါပဲ။
အကုသိုလ်တရားတွေ ပေါ်မလာအောင် အထက်ကပြောခဲ့တဲ့ နည်းတွေအတိုင်းတော့ သဘောထားတတ်နေပါပြီ။ ကုသိုလ်စိတ်တွေပွားများ စေနိုင်တဲ့ ဘုရားအလိုတော်ကျ နည်းအတိုင်း ပေါ်လာသမျှ အာရုံကို အရှုခံသဘောထားပြီး မပြတ်မလပ်သော သတိနဲ့ လက္ခာသုံးပါးမှာတင်ပြီး ရှုမှတ်နိုင်ဖို့ဆိုတာကတော့ ကြိုးစာနေဆဲပါ။

2 comments:
အတိုက်အခိုက်တွေ တော်တော် ခံနိုင်တဲ့ ရင့်ကျက်တဲ့ လူလိုလို ဘာလိုလိုဖြစ်သွားတယ်။
““““““““““““““““““““““
လူတွေက ကိုယ်သေချာမသိပဲ ယုံကြည်ထားတာတွေကို ဝေဖန်လာခဲ့ရင် အကြောက်အကန် ပြန်လည်ချေပချင် (ရှင်းပြချင်)ကြသတဲ့။ ဘာလို့လဲဆိုတော့ ရမ်းသမ်းယုံကြည်ထားတာပါလို့ အထင်ခံရာမှာ စိုးလို့ပါတဲ့။
ဥပမာ တြိဂံတစ်ခုရဲ့ အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ ၁၂၀-ဒီဂရီပါလို့ ပြောရင် ဘယ်သူမှ စိတ်ဆိုးမှာမဟုတ်ဘူး။ ၁၈၀-ဖြစ်ကြောင်း ကောင်းကောင်းပြန်ရှင်းပြလိမ့်မယ်။ သူတို့သေချာသိတာကိုး။ ၁၂၀-ဆိုသူကလည်း ယုံကြည်လောက်တဲ့ (သူ့ဥာဏ်ရည်နဲ့ လိုက်မှီတဲ့) သက်သေပြချက် ကိုရတော့ ... “အော်-ဟုတ်သားပဲ” ဖြစ်သွားမှာပါ။
စဉ်းစားစရာလေး တစ်ခုများဖြစ်မလားလို့ ဝင်ပြောသွားလေရဲ့။
“““““““““““““““““““““““
ကျွန်တော်လည်း နှလုံးသွင်းမှန်တဲ့ ရင့်ကျက်သူတစ်ယောက် ဖြစ်ချင်တယ်။
သုခမိန်(E-Journal)
ကိုသုခမိန် ဥပမာလေးလည်း ကောင်းတာပဲ။ မှတ်သားထားပါတယ်။
Post a Comment