:) Tuesday, March 17, 2009

ဥပဒေသနဲ့ ပရမတ္ထဓမ္မ

ဥပဒေသနဲ့ ပရမတ္ထဓမ္မ

ဥပဒေသဆိုတာ အာဏာပါဝါရှိသူ ခေါင်းဆောင်တစ်ဦးဦက ဖြစ်စေ၊ စည်းမျည်းစည်းကမ်းရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်သူ လူအများရဲ့ ဆုံးဖြတ်ချက်ကဖြစ်စေ ချမှတ်ထားတဲ့ လူ့အဖွဲ့အစည်းတစ်ခုတွင်း အဖွဲ့ဝင်တွေ လိုက်နာရမဲ့ အချက်တွေဖြစ်ပါတယ်။

ပရမတ္ထဓမ္မ ဆိုတာကတော့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အပေါ်မှာမှ မီခိုမနေပဲ ကာလ/ဒေသ/ ပုဂ္ဂလ မရွေး အမြဲတမ်းမှန်နေတဲ့ သဘာဝတရားကို ပြောချင်တာပါ။

ရဟန်းတော်တွေဟာ နေမွန်းလွဲသွားတာကို မသိလိုက်လို့ အစားအစာတွေကို စားလိုက်မိတယ်ဆိုရင် အပြစ်ရှိလား- လို့ အချို့က မေးတတ်ကြတယ်။ အဲဒီမေးခွန်းအပေါ်မှာ ကျွန်တော့် အမြင်ကို ပြောရရင် ဥပဒေသနဲ့ ပရမတ္ထဓမ္မကို နားမလည်လို့ မေးတာပဲ။

ဥပဒေသဆိုတာက ဝိနည်းကျမ်းဂန်က လာရှိတဲ့ ဘုရားရှင်ရဲ့ အမိန့်တွေဖြစ်တယ်။ သံဃာအသင်းဝင်ဖြစ်တဲ့ ရဟန်းတော်တိုင်းဟာ အဲဒီ အမိန့်တွေကို အပြည့်အဝ လိုက်နာဖို့လိုအပ်တယ်။ မလိုက်နာရင် အာပတ်သင့်တယ်။ မသိလို့ပဲဖြစ်ဖြစ် သိသိကြီးနဲ့ ဖြစ်ဖြစ် နေလွဲတဲ့ကာလကျမှ အစားအစာစားမိရင် ဒါအာပတ်သင့်မှာပဲ။ ဒါပေမဲ့ အဲဒီအာပတ်က ကုစားလို့ရတယ်။

နေလွဲညစာစားတာ နောင်သံသရာအတွက် ဆိုးကျိုးတစ်စုံတရာ ဖြစ်စေနိုင်တဲ့ ပစ်မှုလားဆိုရင်တော့၊ ဒုစရိုက်တရားဆယ်ပါးမှာ မပါဝင်လို့ မဟုတ်ဘူးလို့ပဲ ဖြေရမယ်ထင်တယ်။ ဒါဆိုရင် ဘုရားရှင်က ရဟန်းတော်တွေကို ဘာကြောင့် နေလွဲညစာ မစားကြဖို့ အမိန့်ထုတ်ခဲ့တာလည်းလို့ စဉ်းစားစရာရှိတယ်။ ကျွန်တော်နားလည်ထားတာကတော့ သာသနာ့တာဝန်ကိုထမ်းဆောင်ရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်လို့ အလုပ်ပိုအချို့ကို လျော့ချထားတာ၊ နေလွဲညစာ မစားသော်လည်း ကျန်းကျန်းမာမာနဲ့ မိမိအကျိုး၊ လောကအကျိုး၊ လုပ်စရာရှိတာတွေကို ထိထိရောက်ရောက် လုပ်နိုင်ကြတာတွေ ကြောင့် အဲဒီဥပဒေကို ထုတ်ပြန်ခဲ့တာဖြစ်မယ်။ အဲဒီပစ်မှုဟာ ဒုစရိုက်ပစ်မှု မဟုတ်လေတော့ ရဟန်းတော်များအတွက် အမှန်တကယ် လိုအပ်တဲ့အချိန် (ဥပမာ- နာမကျန်းဖြစ်နေတဲ့ အချိန်တွေမှာ) ချွင်းချက်အဖြစ်နဲ့ ခွင့်ပြုတော်မူခဲ့ပါတယ်။

ဒီနေရာမှာ သူ့အသက် သတ်ခြင်းသိက္ခာပုဒ်လေးပါ နည်းနည်းပြောချင်တယ်။ သူ့အသက်သတ်ခြင်း ကိစ္စကိုတော့ ဘုရားရှင်က ဒုစရိုက်တရားထဲမှာ ထည့်ဟောထားတယ်။ ရဟန်းတော်များကိုလည်း သူ့အသတ် မသတ်ကြဖို့ ဝိနည်း ဥပဒေ ပြဌာန်းခဲ့တယ်။ ဒုစရိုက်တရားဖြစ်တယ်လို့ ဆိုတော့ အဓိပ္ပာယ်က ဘုန်းကြီးပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်၊ ဘာလူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာကိုးကွယ်ကိုးကွယ် အဲဒီအလုပ်ကိုလုပ်ရင် အကုသိုလ်ဖြစ်မှာပဲ- လို့ အဓိပ္ပာယ်ရတယ်။

ကျူးလွန်သူက ရဟန်းတော်ဖြစ်ရင်တော့ အာပတ်လည်းသင့်၊ အကုသိုလ်လည်းဖြစ်လို့ ပြောရမှာပေါ့။ အကုသိုလ်ဖြစ်တာက ဒုစရိုက်အမှုကို ပြုမိလို့။ ဘယ်နည်းနဲ့မှ ကုစားလို့လည်း မရတော့ဘူး။ မကောင်းတာလုပ်မှတော့ အထောက်အပံ့ အကြောင်းတရားတွေစုံတဲ့အခါ အဲဒီအပြစ်က မကောင်းကျိုးပေးဖို့ စောင့်နေလိမ္မယ်။ အာပတ်သင့်တာက ဘုရားစကားနဲ့ အညီမနေလို့ပါ။ ဝိနည်းကျမ်းလာ ကုစားနည်းအတိုင်း ကုစားရင် ရနိုင်ပါတယ်။ ဒါပေမဲ့ အသတ်ခံရတဲ့ သူက လူသတ္တဝါဖြစ်နေရင်တော့ အဲဒီရဟန်းဟာ ပါရာဇိက ကျပါပြီ။ လူသတ်ခြင်းဆိုတဲ့ ပစ်မှုအတွက် ရဟန်းဘဝ ဆုံးရှုံးခြင်းဆိုတဲ့ ပစ်ဒဏ်ကို ဗုဒ္ဓက ချမှတ်သွားခဲ့တာပါ။

ဖော်ပြပါ သူ့တပါးအသက်သတ်ခြင်း သိက္ခာပုဒ်ကိုတော့ ဒုစရိုက်တရားနဲ့ ယှဉ်နေတာဖြစ်လို့ ဗုဒ္ဓက ချွင်းချက်မဲ့ ပြဌာန်းခဲ့ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ကာကွယ်ဖို့၊ သာသနာ့အန္တရာယ်ကို ရှင်းလင်းသုတ်သင်ဖို့၊ မိမိအသက်အန္တရာယ်ကျရောက်တော့မှာဖြစ်လို့- စသဖြင့် ဘယ်လောက်ပင် အရေးကြီးတဲ့ ကိစ္စဖြစ်ပါစေ သူတပါး အသက်ကို သတ်ဖို့ ဗုဒ္ဓက သူ့ရဲ့သားတော် ရဟန်းသံဃာများကို ခွင့်မပြုခဲ့ပါဘူး။

အာပတ်သင့်တယ်ဆိုတာ ရဟန်းတွေမှာသာ ဖြစ်ပါတယ်။ ဘုရားရဲ့ အမိန့်ဝိနည်းတရားတော်နဲ့ အညီမနေကြလို့ ဖြစ်တဲ့ကိစ္စပါ။ အဲဒါ ဥပဒေသ ဖြစ်ပါတယ်။ ရဟန်းတော်များကလွဲလို့ အခြား ဘယ်သူမှ အာပတ်မသင့်ပါဘူး။

အကုသိုလ်ဖြစ်တယ်ဆိုတာ ဒုစရိုက်အမှုကို လုပ်လို့ဖြစ်တာပါ။ အဲဒါကတော့ လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ်၊ ဘာလူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာကိုးကွယ်ကိုးကွယ် ဒုစရိုက်လုပ်ရင် အကုသိုလ်ဖြစ်မှာပါပဲ။ အဲဒါက ဗုဒ္ဓဘာသာ စာပေမှာ လာရှိတဲ့ ကမ္မနိယာမဆိုင်ရာ သဘာဝဓမ္မပါ။ ပုဂ္ဂိုလ်ကိုလိုက်ပြီး တစ်စုံတစ်ရာ မပြောင်းလဲပါဘူး။

သံဃာဆိုတဲ့ လူ့အဖွဲ့အစည်း ကြာရှည်တည်ပြီး သာသနာတော် အဆုံးအမအဓွန့်ရှည်စေဖို့၊ ရဟန်းတော်တွေကို လူပုဂ္ဂိုလ်တွေက လေးစာကြည်ညိုစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဗုဒ္ဓက ရဟန်းတွေအတွက် ဝိနည်းဥပဒေတွေကို ပြဌာန်းခဲ့တာပါ။ ဗုဒ္ဓရဲ့ သဘောထားအရ လူတစ်ယောက်ကို ရဟန်းအဖြစ် ခံယူအောင် ဘယ်သူကမှ ဖိအားပေးလို့ မရပါ။ သူကိုယ်တိုင်က ဘုရားတရားသံဃာကို၊ သာသာနာတော်ကို ကြည်ညိုလေးစားပြီး ဝိနည်းတရားတော်တွေကို လိုက်နာနိုင်တယ်ဆိုတဲ့ အနေအထားရှိမှ ဝင်ရတာပါ။ မိဘကလည်း ဖိအားမပေးရပါဘူး။

လောကဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားအတွက် ဗုဒ္ဓက ပရမတ္ထဓမ္မတွေကို ဖော်ထုတ်ပေးခဲ့တာပါ။ အဲဒါတွေဟာ ဗုဒ္ဓတည်ထွင်ထားတာ မဟုတ်ပါဘူး။ ဗုဒ္ဓက ရှာဖွေဖော်ထုတ်ခဲ့လို့သာ ဗုဒ္ဓဝါဒလို့ ခေါ်နေတာပါ။ ဗုဒ္ဓဘုရားရှင် ပွင့်ပေါ်လာလည်း(ပွင့်ပေါ်မလာလည်း) ဒီဓမ္မက ဒီတိုင်းရှိနေမှာပါ။ နယူတန်ထုတ်ဖော်ခဲ့တဲ့ ကမ္ဘာ့ကြီးမှာ ဆွဲအားရှိတယ်ဆိုတဲ့ နိယာမလိုပေါ့။ သူက ပြောပြော/မပြောပြော၊ ကျွန်တော်တို့က ညီမျှခြင်းတွေရေးပြီး တွက်ချက်လေ့လာမှုတွေ လုပ်လုပ်/မလုပ်လုပ် ကမ္ဘာကြီးကတော့ ဆွဲအားရှိနေမှာပါပဲ။

ပိဋကစာပေကို သေသေခြာခြာ လေ့လာတဲ့အခါမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက ဘယ်ဟာတွေကတော့ ဥပဒေသတွေဖြစ်တယ်၊ ဘယ်ဟာတွေကတော့ ပရမတ္ထဓမ္မတွေဖြစ်တယ်ဆိုတာကို ကောင်းကောင်း သဘောပေါက် ကြတယ်။ အဲဒီတော့ ဘာသာရေး ဝိနည်းတွေကို နိုင်ငံတော်တစ်ခုခု၊ ဒေသတစ်ခုခုရဲ့ ဥပဒေအဖြစ် ပြဌာန်းဖို့ စိတ်မဝင်စားတော့ဘူး။ ဥပဒေလို့ဆိုကတည်းက အဲဒါ သဘာဝဓမ္မမဟုတ်ဘူး။ ပုဂ္ဂိုလ်ကိုလိုက်လို့၊ ကာလ/ဒေသ ကိုလိုက်လို့ ပြောင်းလဲပေးသင့်တာလေးတွေ ရှိနိုင်တယ်- ဆိုတာကိုလည်း သဘောပေါက်ထားကြတယ်။ ဗုဒ္ဓကိုယ်တော်တိုင်ကလည်း ဒါတွေဟာ စည်းမျဉ်းစည်းကမ်းတွေဖြစ်တယ်။ ပြင်ဆင်လိုက ပြင်ဆင်ပိုင်ခွင့်ရှိတယ်ဆိုပြီး အတိအလင်း မှာတော်မူခဲ့တယ်။

ပိဋကတော် မြန်မာပြန်မှာ ရေးတာကိုးက စည်းကမ်းဥပဒေတွေ အဓိကဟောထားတဲ့ ဝိနည်းကျမ်းကို အာဏာဒေသနာလို့ခေါ်ပြီး၊ သဘာဝဓမ္မကို အဓိကဟောထားတဲ့ အဘိဓမ္မာကျမ်းကိုတော့ ပရမတ္ထဒေသနာတဲ့။

ဘာသာခြားစာပေကျမ်းဂန်တွေတော့ ကျွန်တော်ဖတ်ကြည့်သမျှ ဘယ်ဟာသဘာဝဓမ္မလည်း ဘယ်ဟာက စည်းကမ်းဥပဒေလဲဆိုတာ ကွဲကွဲပြားပြားနားလည်နိုင်ဖို့ သိပ်ခက်တယ်။ အချို့လည်း လုံးစေ့ပတ်စေ့ကိုပဲ သဘာဝဓမ္မထင်ပြီး အကုန်လျောက်လိုက်နာကြတယ်။ အချို့ကတော့ ကိုယ်မွေးလာတဲ့ သားသမီးလည်း ပုံစံခွက်ထဲရိုက်သွင်းတယ်။ အချို့လည်း ကိုယ့်ကိုလက်ထပ်တဲ့ ချစ်သူ ဇနီး၊ခင်ပွန်းကိုပါ ပုံစံခွက်ထဲ ရိုက်သွင်းတယ်။ ကာလာမသုတ်တော်ကို လေ့လာထားတဲ့ ကျွန်တော့်အတွက်ကတော့ အဲဒီဖြစ်စဉ်တွေက ဥပဒေသနဲ့ ပရမတ္ထဓမ္မကို ကွဲကွဲပြားပြားနားမလည်ရာကနေ ဆင်းသက်လာတဲ့ စိတ်ပျက်စရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေပဲလို့ မြင်မိတယ်။

0 comments:

My Little Blog