:) Tuesday, March 24, 2009

ဆရာဦးဆန်းလွင်( အရှင်အာဒိစ္စရံသီ)


ဆရာဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ)
(၁၉၃၈-၂၀၀၂)

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အဖ ဦးဖိုးညွန့်၊ အမိဒေါ်လှကြီးတို့မှ ၁၉၃၈-ခု၊ ဇန်နဝါရီလ ၁၃-ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးဆန်းလွင်ပင် ဖြစ်သည်။ ၁၉၆၂-ခုနှစ်တွင် ဒဿနိကဗေဒ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ (ရွှေတံဆိပ်) ရသည်။ မဟာဝိဇ္ဇာတန်း တက်ပြီးနောက် မြစ်ကြီးနား ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်များ၌ ကထိကအဖြစ် အမှုထမ်း ဆောင်ခဲ့သည်။

အသက် ၁၈-နှစ် အရွယ်တွင် မိဘရိုးရာ အစ္စလာမ်ဘာသာမှ ခရစ်ယာန်ဘာသာသို့ ဝင်ရောက် လေ့လာပြီး မနှစ်သက်၍ လေးနှစ်ကြာတွင် ခရစ်ယာန်ဘာသာကို စွန့်လွှတ်လိုက်သည်။

အသက် ၂၂-နှစ်တွင် ကွန်မြူနစ်ဝါဒကို လေ့လာပြီး ဘာသာအယူဝါဒများကို စွန့်ပယ်၍ ကမ္ဘာ့ အတွေးအခေါ်မျိုးစုံ၊ ဘာသာမျိုးစုံကို လေ့လာသည်။

အသက် ၃၂-နှစ်တွင် ဗုဒ္ဓကိုယ်ကျင့်တရား ပညာကျမ်း ပြုစုရန် ပါမောက္ခ၏ တာဝန်ပေးချက်အရ ကမ္ဘာအေး ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ကမ္ဘာ့ဗုဒ္ဓဘာသာကို စတင်လေ့လာသော အခါမှစ၍ မိမိရှာဖွေနေသော သစ္စာဝါဒကို တွေ့ပြီဟု ဝမ်းသာပြီး ပိဋကတ်သုံးပုံ(မြန်မာပြန်)ကို ကုန်အောင် လေ့လာသည်။

၁၉၇၂-ခုနှစ်တွင် တက္ကသိုလ်က ထွက်ပြီး ရုပ်ရှင်ဒါရိုက်တာ လုပ်သည်။ ဒါရိုက်တာအဖြစ် ‘မျက်နှာငယ်ရမှာက မောင့်ချစ်ဦး’၊ ‘လောကကို အလှဆင်မယ်’၊ ‘မနော်ဟရီအလှ’ ရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်ရှင်ဇာတ်ညွှန်းအနေဖြင့် ‘ငါ့ညီ ငါ့မြေ ငါ့အမေ’၊ ‘လကွယ်မိုးနှောင်း’ နှင့် ‘မသည်းနုရဲ့ သံသရာ’ ဇာတ်ကားများကို ရေးသားခဲ့သည်။ ‘ရုပ်ရှင်အနုပညာနှင့် ရုပ်ရှင် အတတ်ပညာကျမ်း’ကို ဆန်းလွင် အမည်ဖြင့် ပြုစုခဲ့သည်။ ‘ဖဲသမား’ (Gambler) အမည်ဖြင့် ပြန်ဆိုခဲ့သော ဘာသာပြန်ဝတ္ထုမှာ ၁၉၆၈-ခုနှစ် အမျိုးသားစာပေဆု၊ ဘာသာပြန်စာပေ စတုတ္ထဆု ရရှိခဲ့သည်။

လုံးချင်းစာအုပ်အနေဖြင့် သျှင်ဥက္ကဋ္ဌသို့ ပြန်ကြားချက်နှင့် ရွှေဥဒေါင်းသို့ ပြန်ကြားချက်၊ ဖီလိုဆိုဖီ ကကြီး၊ ခကွေး၊ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ၊ အိုင်းစတိုင်း၊ ဘာထရန်ရပ်ဆယ်၊ တရုတ် တွေးခေါ် ရှင်ကြီးများ၊ ရုရှား တွေးခေါ်ရှင်ကြီးများ၊ တရားတွေ့ဖို့ ချမ်းမြေ့ဖို့၊ အတွေးအမြင် ဆောင်းပါးများ၊ ကျူရိုးရှင်၊ ထိပ်ဆုံးက စပိုင်၊ ရွှေတောင်တတ် ဒဿန၊ ရတနာသုံးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း၊ သစ္စာဉာဏ်ပွင့်ဒဿန၊ သေခြင်း ဒဿန၊ ဂိုးလ်စတိန်း ကိုယ်တွေ့ ဝိပဿနာ(ဥိးဟန်ဌေးနှင့် ပူးတွဲရေးသည်) မိုကုတ်ဝိပဿနာရှုနည်း၊ ထေရဝါဒ အခြေခံ အယူအဆများကို အဆင့်မြင့် နားလည်ခြင်း၊ ဗုဒ္ဓ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးတရား၊ ဓမ္မဒဿနစာစု စသည်များအား ရေးသားခဲ့သည်။ တက္ကသိုလ် အောင်မှူး အမည်ဖြင့်လည်း စိတ်ညှို့အိပ်မွေချနည်းနှင့် အသုံးချနည်း အပြည့်အစုံ စာအုပ်ကို ရေးသားပြုစုခဲ့သည်။ အင်တာနေရှင် မဂ္ဂဇင်းနှင့် ဓမ္မရုပ်စုံမဂ္ဂဇင်းတို့တွင် အယ်ဒီတာချုပ် အဖြစ်တာဝန် ထမ်ဆောင်ခဲ့သည်။

အသက် ၅၈-နှစ်တွင် ပဲခူးတိုင်း၊ ဒိုးသောင်ကျေးရွာ၊ ရွှေမင်းဝင်ရပ်ကွက်၊ ဓမ္မစာရိကျောင်းတွင် ရဟန်းအဖြစ်ခံယူပြီး ရွှေမင်းဝင် နိုင်ငံတကာ ဝိပဿနာ အလုပ်စခန်းကို ဖွင့်လှစ်ခဲ့သည်။ ၂၆၊ ၁၁၊ ၂၀၀၂ (အင်္ဂါနေ့) ည ၁၀-နာရီ ၁၀-မိနှစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။

‘ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက’ စာအုပ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်။

0 comments:

My Little Blog