ကိုဌေးလွင်ဦးသို့ ပေးစာ(၃)
ကိုယ်တော်အီဗရာဟီးမ်(မင်းကြီးသင်္ခါ) ပို့စ်ကို ဝေဖန်ခြင်း
ဖော်ပြပါပိုစ်မှာ ကိုဌေးလွင်ဦးက ‘ဘာသာတရားတစ်ခုနှင့်တစ်ခုကြား နားလည်မှုရစေရန်၊ ပိုမို နီးစပ်မှုရှိစေရန် စေတနာကောင်းများဖြင့် သုတေသန ပြုလုပ်သင့်ပေသည်’ လို့ နိဂုံးချုပ်ထားတာတွေ့ရတယ်။ စကား အသုံးအနှုံးလေးလည်း လှတယ်။ ရည်ရွယ်ချက်လေးလည်း ကောင်းသလိုပါပဲ။ ဒါပေမဲ့ ကျွန်တော့် အမြင်ကို ပြောပါရစေ။ အတွေးအခေါ် အယူအဆ မတူတဲ့ ဝါဒ ၂-ခုကို နားလည်မှုရှိရအောင်လုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါလိမ္မယ်။ ဒါပေမဲ့ နီးစပ်မှုရှိအောင် ဆိုတာကတော့ ဘယ်နည်းနဲ့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ နီးစပ်မှုရှိအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုတေသနပြုနေရင်တော့ အချိန်ကုန်လူပန်းတာပဲ အဖတ်တင်ပါလိမ္မယ်။ သမိုင်းကြောင်း ဝတ္ထုကြောင်းဆင်တူရာတွေကို ဝေါဟာရတွေပါ ကူးယူအသုံးချပြီး ရေးချင်ရာလျောက်ရေးရင်တော့ ရှုတ်ထွေးမှုတွေဆီ ဦးတည်နေလို့ ဘာသာတရား ၂-ခု လုံးအတွက် ဆိုးကျိုးတွေသာ ဖြစ်လာပါလိမ့်မယ်။
နားလည်မှုတွေ အပြန်အလှန်ရဖို့ဆိုတာကတော့ ကျွန်တော့်အနေနဲ့လည်း တတ်နိုင်သမျှ ကြိုးစားနေတဲ့ အရာပါပဲ။ လူတွေအားလုံးကို ကိုယ်နဲ့ ရိုးရာဓလေ့၊ ကိုးကွယ်သည့်ဘာသာ မတူညီသူတွေအပေါ်မှာ နားလည်ပေးတတ်တဲ့ အမြင်လေးတွေ ရှိစေချင်ပါတယ်။ ပိဋကတ်တော်မှာ ရှာဖွေရင်တော့ အချင်းချင်း နားလည်ပေးမှုအတွက် အဆင့်မြင့်တဲ့ အတွေးအခေါ်တွေ တွေ့ရပါလိမ္မယ်။
ဗုဒ္ဓဝါဒမှာ ဘယ်လောက်ပဲဆိုးဝါးတဲ့ ပြစ်မှုကို ကျူးလွန်သူဖြစ်ပါစေ။ သူ့စိတ်ထဲက ကိလေသာ အညစ်အကြေးသည်သာ အကြောင်းတရားဖြစ်တယ်။ အပြစ်တင်စရာ ပုဂ္ဂိုလ်သတ္တဝါမရှိဘူးလို့ ဆိုထားပါတယ်။ သူတပါးအပြစ်ကို ဒေါသစိတ်မပွားဘဲ ဒီလောက်ထိ သဘောထားကြီးကြီးနဲ့ ရှုမြင်ပေးတဲ့ အဆုံးအမကတော့ ကျွန်တော်ဖတ်ဖူးသလောက် အခြားဘယ်ကျမ်းဂန်မှာမှ အတွေ့ဖူးပါဘူး။
ဗုဒ္ဓဘုရားရှင်ဟာ သက်တော်ထင်ရှားရှိစဉ်က အတိုက်အခိုက်မျိုးစုံ ခံခဲ့ရပါတယ်။ မူဝါဒရေးရာ အရ တိုက်ခိုက်မှုတွေသာမက ပုဂ္ဂိုလ်ရေး မနာလိုမှုနဲ့ နာမည်ပျက်အောင် ကြံဆောင်တာတွေ၊ အသက်ကိုပါ ရန်ရှာတာတွေ ခံခဲ့ရပါတယ်။ ဒါတွေကိုလည်း ဗုဒ္ဓက အဲဒီပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ကို သုံးသပ်ပြတာက လွဲလို့ လူဒုက္ခ၊ စိတ်ဒုက္ခ ဖြစ်စေနိုင်တဲ့ တုန့်ပြန်မှုမျိုးတွေ မလုပ်ခဲ့တာ တွေ့ရပါတယ်။
အဲဒီကိစ္စတွေပေါ်မှာပဲ သုံးသပ်ပြပြီး ဝိပါက်တော် (၁၂) ခန်းတရားဒေသနာတို့ကို ဟောခဲ့ပါတယ်။ အဲဒီတရားတွေရဲ့ အဓိက အဆုံးအမကတော့ “ငါဘုရား အလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလ နုစဉ်အခါတုန်းက အဲဒီကို မှားယွင်းတဲ့ ကာယ၊ ဝစီ၊ မနော အမှုတွေကို ပြုခဲ့မိတယ်။ ဒါကြောင့် ခုဘုရားဖြစ်တဲ့ ဘဝမှာ ဒီလို ဝိပါက်တွေ ပါလာတယ်”- လို့ပဲ အလွယ်ပြောလို့ရပါတယ်။ သဒ္ဓါတရားရှိတဲ့သူတွေကတော့ ကျမ်းဂန်လာအတိုင်း ယုံကြည်ကြတယ်။ သဒ္ဓါတရားမရှိလို့ မယုံကြည်နိုင်ရင်လည်း အပြစ်မဆိုပါဘူး။ ပုံဝတ္ထုသက်သက် ဖြစ်တယ်လို့သာ သဘောထားကြပါ။
ဒါပေမဲ့ အဲဒီပုံဝတ္ထုကပေးတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အဆုံးအမ ကတော့ လူ့လောကကို မကောင်းတဲ့ ကာယ၊ ဝစီ၊ မနော အမှုတို့ မပြုမိစေဖို့ သတိပေးထားတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ မိမိအသက်ကို ရန်ရှာသူ၊ ပုဂ္ဂိုလ်ရေး အငြိုးအတေးနဲ့ နာမည်ပျက်အောင် ကြံဆောင်သူတွေကိုတောင် ဒီလို ရှုမြင်ပေးနိုင်တယ် ဆိုရင် ကျွန်တော်တို့ ဗုဒ္ဓဝါဒရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ နားလည်ပေးနိုင်မှုတွေကို ကိုဌေးလွင်ဦးလည်း တီးမိခေါက်မိလောက်ပါပြီ။ အစ္စလာမ်အဆုံးအမတွေထဲမှာ အဲလိုဆင်တူရိုးမှား၊ ဒါမှမဟုတ် အဲဒီလောက် မြင့်မြင့်မားမား၊ ဒါမှမဟုတ် အဲဒီထက်သာလွန်တဲ့ အတွေးအခေါ်တွေရှိရင် (နားလည်ပေးမှုနဲ့ ပတ်သက်လို့ပေါ့) မျှဝေစေချင်ပါတယ်။
ကိုဌေးလွင်ဦးက နားလည်မှုဆိုတာလေးကို သုံးခဲ့လို့ ဒီလိုပို့စ်တွေရေးနေတဲ့ ကျွန်တော့်ရင်ထဲကိုလည်း ခန့်မှန်းတတ်အောင်၊ ကျွန်တော်တို့ ဘာသာတရား အဆုံးအမကိုလည်း အမြည်းသဘောလောက်ကလေး နက်နက်နဲနဲ တွေးခေါ်မိအောင် ပြောခဲ့တာပါ။
အခုဆက်ပြီး နီးစပ်မှုရှိစေရန်ဆိုတဲ့ စကားလေးကို ရှင်းပါရစေ။
ဖန်ဆင်းရှင်ဝါဒတွေနဲ့ ဗုဒ္ဓဘာသာကတော့ တောင်နဲ့မြောက်ပါ။ ဘယ်လိုမှ နီးစပ်မှုမရှိနိုင်ပါဘူး။ အဲဒီစိတ်ကူးနဲ့ သုတေသန ပြုလို့ကတော့ အချိန်ကုန် လူပန်းတာပဲ အဖတ်တင်ပါလိမ္မယ်။ မနီး,နီးအောင် ဆွဲရေးမယ်ဆိုရင်လည်း မူဝါဒရေးရာ ရှုတ်ထွေးမှုကို ဖန်တီးသလိုဖြစ်ပြီး ဝါဒ ၂-ရပ်လုံးအတွက် ကောင်းကျိုးဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က သူ့ကိုသူ တန်ခိုးရှင်တစ်ဦးဦးရဲ့ ကိုယ်စားလှယ်ဖြစ်တယ်၊ သားတော်ဖြစ်တယ်၊ အဲဒီတန်ခိုးရှင်နဲ့ သူနဲ့ တနည်းနည်း အဆက်အသွယ်ရှိတယ်- စတဲ့စကားတွေကို လုံးဝမပြောခဲ့ပါဘူး။ သူ့စကား ကိုလူတကာ လက်ခံလာဖို့ သဘာဝလွန် တန်ခိုးရှင်တစ်ဦးဦးဆီက အကူအညီ တစ်စုံတရာ မယူခဲ့ပါဘူး။
- ဒီလောကကြီးကို တန်ခိုးရှင်တစ်ဦးဦးက ဖန်ဆင်းတယ်ဆိုတဲ့ အယူ၊
- ဖန်ဆင်းရှင်ဝါဒီတွေ ပြောပြောနေတဲ့ ဝိညာဉ်လို့ခေါ်တဲ့ ခိုင်မြဲတဲ့ နာမ်တရားအစုကလေး ရှိတယ်ဆိုတဲ့ အယူ တွေကို လွဲမှားသော အယူများအဖြစ် အထင်အရှား ဆုံးမထားပါတယ်။
ကျွန်တော်တို့ ဘာသာတရား အဆုံးအမတွေကိုကြည့်ရင် အကျိုးအကြောင်း ဆင်ခြင်ဟောကြားထားတာတွေသာ တွေ့ရပါလိမ္မယ်။
အစ္စလာမ် သာသနာမှာတော့ တစ်ဆူတည်းသော ဘုရားဆိုတာ သိပ်အရေးကြီးနေတယ်။ တစ်ဆူတည်းဖြစ်ကြောင်းကို ခိုင်လုံအောင် ပြောနိုင်ရင်ပဲ သူတို့မှာ ကျင့်ဆောင်စရာ ဘာတာဝန်မှ မရှိတော့သလို၊ တာဝန်တွေကုန်သွားပြီလား ထင်ရလောက်အောင် အရေးတကြီးရှင်းပြ နေကြတာတွေ့ရတယ်။ အခြားဘာသာတရားတွေမှာ တစ်ဆူမက များပြားနေတယ်ဆိုတာတွေကို ထောက်ထောက်ပြပြီး အလုပ်များနေကြတယ်။ တကယ်တန်းရှာကြည့်တော့လည်း အဲဒီထဲမှာ ဘာ philo၊ ဘာ Ethic မှမတွေ့ရဘူး။
ဲဒီလိုပြောလို့ စိတ်မရှိကြပါနဲ့။ နားမခံသာမှန်းသိပေမဲ့ ပြောရတာ အကြောင်းရှိပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာ ကွန်မန့်လာရေးသူအချို့ကလည်း အတွေးအခေါ်ပိုင်း ကျင့်ဝတ်ပိုင်းကို တကယ်ဆွေးနွေးမယ်ဆိုရင် နောက်တွန့်နေကြတယ်။ ကျွန်တော့်အတွက် အခုလို ဘာသာရေးဆွေးနွေးမှုတွေကို အစပျိုးစေခဲ့တဲ့ ဝိုင်ဖိုရမ်က ညီအစ်ကို များလည်း နှုတ်ဆိတ်နေကြတယ်။ ကျွန်တော်ကတော့ အတွေးအခေါ်နဲ့ ကျင့်ဝတ်နောက်ကိုပဲ အဓိကလိုက်တယ်။ ဘယ်လိုအတွေးအခေါ်တွေရနိုင်မလဲ၊ ဘယ်လိုကိုယ်ကျင့်တွေပေးနိုင်မလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘာသာရေး စာပေတွေကို ဖတ်တယ်။
အဲဒီတော့ ကျွန်တော်အဓိက အကြံပေးချင်တာက ကိုဌေးလွင်ဦးအနေနဲ့ နီးစပ်မှုရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစ္စလာမ်သာသနာကို သုတေသနပြုချင်ရင် ခရစ်ယာန်တို့ ဂျူးတို့နဲ့ နှိုင်းယှဉ်ပြီး လုပ်ပါ။ ရကောင်း ရပါလိမ္မယ်။ သူတို့ တမန်တော်များကလည်း သဘာဝလွန် ထာဝရတန်ခိုးရှင်နဲ့ တစ်နည်းနည်း ပတ်သက်နေကြကြောင်း ကျမ်းဂန်တွေမှာတွေ့ရလို့ပါ။ အမှန်တကယ် နီးစပ်မှုတွေဖော်ထုတ်နိုင်ရင်လည်း ယနေ့ ကမ္ဘာ့ပြဿနာတစ်ခုဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်နိုင်တာပေါ့။ ဗုဒ္ဓဝါဒနဲ့နှိုင်းယှဉ်ပြီး ပြုမိရင်တော့ တောင်နဲ့မြောက်ပမာ ဖီလာဆန့်ကျင်မှုတွေသာ တွေ့ရဖို့ရှိပါတယ်။
အခုဆက်ပြီး ကိုယ်တော်အီဗရာဟီးမ်နဲ့ ပတ်သက်လို့ပြောချင်တယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာစာပေကျမ်းဂန်တွေမှာ စကြာဝတေးမင်းဆိုတာကို အလွန်တရာ မြင့်မြင့်မားမား အလေးထားမှုတွေ တွေ့ရတယ်။ လောကုတ္တရာဉာဏ်အဖြစ်နဲ့ ဘာမှ မတတ်လှမ်းနိုင်ရင်နေပါစေ။ သူ့ရဲ့ ကိုယ်ကျင့်နဲ့ မျှတတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုတွေကြောင့် သူသေတဲ့အခါမှာ သူ့အရိုးကို စေတီတည်ထားကိုးကွယ်ထိုက်တယ်လို့ ကိလေသာကင်းစင်သူ အရိယာများနဲ့တန်းတူ အလေးအမြတ်ပြုဖို့ လမ်းညွှန်ထားတယ်။
ဒီတော့စကြာဝတေးမင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်မလဲ- တွေးကြည့်ပါဦး။ ကိုယ်တော်အီဗရာဟီမ်နဲ့ နှိုင်းယှဉ်ဖို့ စကြာမင်းကျင့်ဝတ်တွေ ခဏဖယ်ထားရအောင်၊ မင်းကျင့်တရား၊ သင်္ဂဟတရား၊ နာယကဂုဏ် အဲဒါတွေလည်း အကုန်လုံး အပြည့်အစုံကြီးထည့်မပြောသေးဘူး။ မင်းကျင့်တရားထဲကမှ သီလဆိုတဲ့ တရားလေးနဲ့ မှတ်ကျောက်တင်ကြည့်ရအောင်။ ဗုဒ္ဓဝါဒအရ မင်းကောင်းမင်းမြတ်ဆိုတာ ၅-ပါးသော နိစ္စသီလကို မြဲရတယ်၊ အခါအားလျော်စွာ ဥပုသ်သီလကို ဆောက်တည်ရတယ်- လို့ဆိုထားတယ်။ ကိုယ်တော်အီဗရာဟီမ်က ၅-ပါးသောသီလမှ မြဲပါရဲ့လား။
ကျွန်တော်သမ္မာကျမ်းစာလည်း ဖတ်ကြည့်မိတယ်။ ကိုဌေးလွင်ဦးညွှန်းတဲ့နေရာတွေကိုပါပဲ ဖတ်ကြည့်မိတယ်။ အာဗြံ၊ အာဗြဟံ ဆိုတဲ့ အမည်နဲ့ ပုဂ္ဂိုလ်အကြောင်း အများကြီးဖတ်ရတယ်။ စုံစုံလင်လင်မဖတ်ရသေးလို့ ကျမ်းကိုးကြီးထည့်ပြီးတော့ ဝေဖန်ချက်မပေးတော့ပါဘူး။ မှတ်သားမိသလောက် အာဗြံရဲ့ဘဝကြမ်းလိုက်တာ။ ကျွန်မနဲ့လည်း သားတစ်ယောက်ထွန်းကားတယ်။ ဇနီးသည်နဲ့ကျွန်မ ပြဿနာတွေတတ်တယ်။ မိမိကိုယ်ဝန်လွယ်ထားတဲ့ ကျွန်မကို အကာအကွယ်မပေးနိုင်ခဲ့ဘူး။ မိမိဇနီးကို ဇနီးအဖြစ်အမှန်မပြောရဲခဲ့လို့ ဘုရင်ကဇနီးသည်ကို သိမ်းတာ ခံလိုက်ရသေးတယ်။ နောက်ပိုင်းမှာတော့ မကျူးလွန်ခင် မိမိလက်ထဲပြန်ရခဲ့တယ်။ ဇနီးသည်နဲ့ သားရတနာထွန်းကားတော့ ကျွန်မကမွေးတဲ့သားအပေါ် စိတ်တိုင်းကျ မစီမံနိုင်ဘူး။ နောက်တော့ ကိုယ့်သားအရင်းကို ယစ်ပူဇော်ဖို့ မသိနိုးနားခေါ်သွားရရှာတယ်။ ဘာမှ သူ့ဘဝမှာ မြင့်မြင့်မားမားရှာမတွေ့ဘူး။ အဲလိုလူမျိုးကိုများ ပိဋကတ်တော်ကလာရှိတဲ့ စကြာမင်းနဲ့ နှိုင်းယှဉ်ပြောဖို့ စိတ်ကူးခဲ့တာကတော့ စကြာဝတေးမင်းဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ကျင့်ဝတ်တွေကို နားလည်ဖို့တော့ ဝေးစွ၊ သာမာန် ကလျာဏပုထုဇဉ်တစ်ယောက် ကျင့်ဝတ်တောင် ဗုဒ္ဓဝါဒမှာ ဘယ်လိုဆိုထားသလဲဆိုတာ ကိုဌေးလွင်ဦး သဘောမပေါက်လို့ဖြစ်ပါလိမ္မယ်။
မေတ္တာပို့ခံထိုက်သူ မုဟမ္မဒ် နဲ့ ပတ်သက်လို့၊ မေတ္တေယျဆိုတဲ့ ဘုရားဘွဲ့တော် အဓိပ္ပာယ်နဲ့ ပတ်သက်လို့ နောက်စာမှာ ဆက်ဆွေးနွေးပါ့မယ်။
လေးစားစွာဖြင့်
ရွက်ဝါ