:) Friday, May 29, 2009

ကိလေသာ ၁၀-ပါး

ကိလေသာ ၁၀-ပါး
ကိလေသာဟူသည်မှာ သတ္တဝါတို့ကို ညှင်းဆဲနှိပ်စက် ညစ်နွမ်းပင်ပန်းအောင် ပြုလုပ်တတ်သည့် အကုသိုလ် တရားဆိုးများ ဖြစ်ပါသည်။ ယင်းကိလေသာတရားတို့သည်-

၁) လောဘ= လိုချင်တပ်မက်မှု
၂) ဒေါသ= ကြမ်းတမ်းပြစ်မှားမှု
၃) မောဟ= အမှန်မသိမြင် မိုက်မဲမှု
၎) မာန= ထောင်လွှားတတ်ကြွမှု
၅) ဒိဋ္ဌိ= အထင်အမြင် အယူအဆ လွဲမှားမှု
၆) ဝိစိကိစ္ဆာ= အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု
၇) ထိန= ပျင်းရိ ထိုင်းမှိုင်းလေးလံမှု
၈) ဥဒ္ဓစ္စ= မငြိမ်မသက် လှုပ်ရှားပျံ့လွင့်မှု
၉) အဟိရိက= မကောင်းမှုပြုရန် မရှက်မှု
၁၀) အနောတ္တပ္ပ= မကောင်းမှုဖြစ်မှာ မကြောက်မှု-
ဟူ၍ အကျဉ်းအားဖြင့် ၁၀-ပါးရှိသည်။

ကိလေသာ ၁၅၀၀။…..။ အကျယ်အားဖြင့်မူ ယင်းကိလေသာဆယ်ပါးကိုမူတည်၍ ကိလေသာ၏ အာရုံဖြစ်သော ရုပ် နာမ်တရား ၇၅-ပါးနှင့် မြှောက်ရသည်။ ၁၀X၇၅ = ၇၅၀။
ဤ၌-
(က) ရုပ်တရားဟူသည်မှာ နပ္ဖန္နရုပ် ၁၈-ပါးနှင့် လက္ခဏာရုပ် ၄-ပါး ပေါင်း ၂၂-ပါး။
(ခ) နာမ်တရားဟူသည်မှာ စိတ်-၁၊ စေတသိက်-၅၂၊ ပေါင်း ၅၃-ပါး။
(ဂ) ယင်းရုပ်တရား ၂၂-နှင့် နာမ်တရား-၅၃ ပေါင်း ရုပ် နာမ်တရား ၇၅ ဖြစ်သည်။
ဖော်ပြခဲ့သည့် ၇၅၀ ကို (အတွင်း အဇ္ဈတ္တနှင့် အပ ဗဟိဒ္ဓ) သန္တာန် ၂-ပါးဖြင့် မြှောက်လျှင် ၇၅၀X၂= ၁၅၀၀ ဖြစ်သည်။


ဇိနတ္ထပကာသနီကျမ်း နိဒါန်းမှ ကူးယူဖော်ပြပေးလိုက်တာပါ။ ကိလေသာ ၁၀-ပါးက နားလည်ရလွယ်ပါတယ်။ ဒါပေမဲ့ ကျယ်ဖွင့်ထားတဲ့ ၁၅၀၀-ကိလေသာတွေကတော့ အဘိဓမ္မာလေ့လာဖူးမှသာ ကောင်းစွာနားလည်ပါနိုင်ပါလိမ္မယ်။


:) Wednesday, May 27, 2009

မွေးနေ့ပူဇာ ဓမ္မစာ

မွေးနေ့ပူဇာ ဓမ္မစာ

ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရ ရဲ့ ၂၇-မေလ-၂၀၀၉ မှာကျရောက်တဲ့ ၃၁-နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ရေးသားလိုက်တာပါ။

ကျွန်တော်လည်း ဆရာတော်နဲ့ အွန်လိုင်းပေါ်ကပဲ ခင်မင်ရင်းနှီးခဲ့တာပါ။ ဗုဒ္ဓတရားတော်တွေနဲ့ ပတ်သက်လာရင် မေးသမျှ ဖြေပေးပြီး ကူညီတတ်တဲ့ ဆရာတော်ပါ။ ဆရာတော်အတွက် မွေးနေ့အမှတ်တရ ပို့စ်တွေဖတ်ရပါတယ်။ ဆရာတော်ဟာ ၂၇-မေလ-၂၀၀၉ မှာ သက်တော် ၃၁-နှစ် ပြည့်တော့မှာဖြစ်ပြီး မွေးနေ့ အမှတ်တရ အင်တာနက် စာမျက်နှာတစ်ခုဖွင့်မယ်ဆိုတာလည်း သိခဲ့ရပါတယ်။ အဲဒီ စာမျက်နှာမှာ ဖော်ပြထားတဲ့ ဆရာတော်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် ကိုလည်း ဖတ်ရှုကြည်ညိုခဲ့ရပါတယ်။

ဆရာတော်ဟာ ဘုရားရှင်ရဲ့ သားတော်ပီပီ စရိယာ ၃-ပါးစုံအောင် ဖြည့်ကျင့်ဆည်းပူးသူပါ။

ငယ်စဉ်ကစလို့ ယနေ့ထိ ပရိယတ္တိလုပ်ငန်းနဲ့ သာသနာ့ဝန်ကို ကောင်းစွာထမ်းဆောင်ခြင်း၊ ဇာတိမြေမှာ ရိပ်သာဖွင့်၍ တရားဟောခြင်း၊ တရားဆွေးနွေးမေးမြန်းလိုသူ လူငယ်များကို ကိုယ်ကျိုးမျှော်ကိုးမှု လုံးဝမရှိဘဲ မညည်းမညူ ဖြေကြားပေးခြင်း၊ ကွန်ပြူတာ အင်တာနက်ခေတ်မှာ အွန်လိုင်းရေဒီယိုများက တရားတောင်းတဲ့အခါ ဟောကြားပေးခြင်းတို့ဖြင့် လောကအကျိုးအတွက် ဆောင်ရွက်လျှက်ရှိပါတယ်။

ဉာတတ္ထစရိယာ အနေနဲ့ကတော့ ယောနယ်ဇာတိဖြစ်တဲ့ ပြည်ပရောက်မြန်မာများကို စုစည်းပြီး ယောအသင်းကို ဦးဆောင်ကာ ဆွေတော်မျိုးတော် ယောနယ်သားများအကြား ဒါနကစလို့ သူတော်ကောင်းတရားအမျိုးမျိုး ထွန်းကားအောင် ထမ်းဆောင်နေသူဖြစ်ပါတယ်။

ဆရာတော်ဟာ အချိန်ရရင်ရသလို မိမိကိုယ်တိုင် နိဗ္ဗာန်ချမ်းသာမြတ်ကို မျက်မှောက်ပြုနိုင်ဖို့ ဗောဓိဉာဏ်အကျိုးတွက်လည်း ပဋိပတ္တိ အလုပ်ကို အားထုတ်ပါသေးတယ်။ လူသူဝေးတဲ့ တောထဲမှာ ကာလကြာရှည်စွာ သတင်းသုံးပြီး တရားအားထုတ်တတ်ပါတယ်။

ဆရာတော်နဲ့ ပတ်သက်ပြီး ကျွန်တော်သိသမျှကို စာဖတ်သူများ ကြည်ညိုပွားနိုင်အောင် စရိယာသုံးပါး ခွဲခြားပြီး ရေးသားပူဇော်လိုက်တာပါ။ တကယ်တော့ ဆရာတော်ရဲ့ စွမ်းဆောင်ချက်တွေက ကျွန်တော့်ရေးသမျှနဲ့ မပြည့်စုံနိုင်သေးပါ။

စာဖတ်ပရိတ်သတ်များလည်း ကြည်ညိုနိုင်အောင် ထေရုပ္ပတ္တိ အကျဉ်းချုပ်ကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

အရှင်တိက္ခဉာဏာလင်္ကာရ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

မြန်မာကောဇာသက္ကရာဇ် ၁၃၄၀ ခု ကဆုန်လပြည့်ကျော် (၆)ရက်၊ ခရစ်နှစ် ၁၉၇၈ ခု မေလ ( ၂၇ ) ရက်နေ့တွင် မကွေးတိုင်း ဂန့်ဂေါမြို့ ခင်သာရပ်ကွက်၌ ခမည်းတော် ဦးအံ့မော် မယ်တော် ဒေါ်ဟန်အေးတို့မှ ဖွားမြင်သည်။ အသက် ၁၁ နှစ်အရွယ်တွင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ခဲ့သည်။ ရန်ကုန် မန္တလေးမြို့များ၌ စာပေကျန်းဂန်များ လေ့လာသင်ယူခဲ့သည်။ သာမဏေကျော်ဘွဲ့၊ ၀ိနယ၀ိဒူဘွဲ့၊ သာသနာဓဇဓမ္မာစရိယဘွဲ့ တို့ကိုရရှိ အောင်မြင်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ ကေလနိယ တက္ကသိုလ်၌ M.A တန်းကို တက်ရောက်သင်ယူခဲ့သည်။

ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်၊ ဗဟန်း ၀ိသုဒ္ဓါရုံတိုက်သစ် နှင့် မန္တလေးမြို့ ၀ိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်း၌ စာပေများပို့ချခဲ့သည်။

ဇာတိရပ်ရွာ၌ အုံ့တုံးတောင်တောရ ဓမ္မရိပ်သာကို ဆရာနှင့်တွဲကာ ဦးဆောင်ပြုဖွင့်လှစ်ခဲ့ပြီး တရားဓမ္မများ ဟောပြောပြသခဲ့သည်။ မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ နည်းအတိုင်း ကျင့်ကြံအားထုတ်ခဲ့သည့် အတွေ့အကြုံကို အဖြူရောင်သံစဉ် ရေဒီယိုမှ ကမ္ဘာတ၀ှန်း တရားချစ်ခင် သူတော်စင်တို့သိအောင် ဟောပြောခဲ့သည်။ လူမှုရေး လုပ်ငန်းများအဖြစ် ပြည်ပရောက် ယောနယ်အသင်းများကို ဦးဆောင် ဖွဲ့စည်းခဲ့သည်။

မွေးနေ့ပူဇာ တေးကဗျာ

(အရှင်)တိက္ခဉာဏ၊ မည်ရထေရ်သည်
ဗုဒ္ဓဘုရား၊ ချစ်သားဂုဏ်ညီ
လောကာ, ဉာတိ၊ ဗောဓိသုံးလီ၊
စရိယတရား ပွားများနေပေသည်။

၂၀၀၉ နှစ် သက္ကရာဇ်မှာ၊ ၂၇ ရက် မေလချိန်ခါ
၃၁ ပြည့် မွေးနေ့မင်္ဂလာ၊ စာဖတ်သူများ သဒ္ဓါပွားစေရာ
(ထေရုပ္ပတ္တိကျဉ်းမျှဖော်ကာ)
ဆရာတော်အတွက်၊ မွေးရက်ပူဇာ
ရေးလိုက်ရ၊ ပြုကြ နုမောဒနာ။

၃၁-နှစ်ပြည့် မွေးနေ့မင်္ဂလာမှ အစပြု၍ အရှင်တိက္ခဉာဏာလင်္ကာရ (ဆရာတော်ဦးယော) ကျမ်းမာပျော်ရွှင်စွာဖြင့် သာသနာ့အကျိုးကို ဆထက်တံပိုးတိုးကာ ထမ်းဆောင်နိုင်ပါစေ။

စာဖတ်သူများလည်း ဆရာတော်ရဲ့ ထေရုပ္ပတ္တိအကျဉ်းချုပ်ကို ဖတ်ရှုကာ သံဃာရတနာမြတ်အပေါ်ထားရှိသော သဒ္ဓါတရား တိုးပွားနိုင်ကြပါစေ။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကာ ကုသိုလ်တရားတို့ ပွားများနိုင်ကြပါစေ။

မွေးနေ့ အမှတ်တရ အင်တာနက်စာမျက်နှာ http://www.tknn.org/
ယောအသင်း အင်တာနက်စာမျက်နှာ http://yawcommunity.blogspot.com/


:) Saturday, May 23, 2009

လောကီဗောဇ္ဈင် လူသုံးဗောဇ္ဈင်

လောကီဗောဇ္ဈင် လူသုံးဗောဇ္ဈင်

ယခုပထမစတင်ပြီး လောကီဗောဇ္ဈင်- လူသုံးဗောဇ္ဈင်ကို တင်ပြရပါမယ်။ ဗောဇ္ဈင်တရားတွေရဲ့ သဘောကို အတန်ငယ် တီးခေါက်ရိပ်စားမိအောင်လည်းတစ်ကြောင်း ဒီဗောဇ္ဈင်တရားတွေဟာ လောကရေးမှာလည်း အသုံးပြုယင် တိုးတတ်ဖို့ရာသာဖြစ်ကြောင်း သိဖို့ပါပဲ။ တကယ့်ဗောဇ္ဈင်တရားမဟုတ်ပေမယ့် ပရိယာယ်ဗောဇ္ဈင်၊ ဗောဇ္ဈင်အတု ဆိုရမှာပေါ့။ နိဗ္ဗာန်ဟာ တကယ့် ငြိမ်းမှု၊ အေးချမ်းမှု ထိုနိဗ္ဗာန်၏ ငြိမ်းချမ်းမှုနဲ့ တစ်စွန်းတစ်စ တူယောင်မှု ပြုပြီး လောကမှာ စားဝတ်နေရေး မပူပန်ရ မကြောင့်ကြရအေးအေး ချမ်းချမ်း နေရတာကို လောကနိဗ္ဗာန်လို့ တင်စားခေါ်ဝေါ်ကြတယ်။ အဲ ဒါလိုပဲ တကယ့်ဗောဇ္ဈင်တော့ မဟုတ်၊ ဗောဇ္ဈင်တရား ပွားများ ယင်မဆုတ်ယုတ်နိုင် တိုးတတ်ဖို့ရာသာ ဖြစ်သလို လောကရေးမှာ ဒီတရားတွေ လက်ကိုင်ထား သုံးသွားယင် မဆုတ်ယုတ်နိုင် တိုးတတ်နိုင်လို့ ဗောဇ္ဈင်နဲ့တူလို့ ပရိယာယ်အားဖြင့် ဆိုရခြင်းဖြစ်ပါတယ်။

၁) သတိသမ္ဗောဇ္ဈင်
သတိသမ္ဗောဇ္ဈင်ဆိုတာ သတိတရားပါပဲ။ သတိဆိုတာအမှတ်ရမှု မမေ့မှုဖြစ်ပါတယ်။ ဒီသတိဟာ မိမိကိုယ်ကို ထိန်းထား စောင့်ရှောက်ထားတဲ့ အထိန်း အစောင့်အရှောက် တရားပါပဲ။ ဒီသတိရှိနေယင် မိမိလုပ်ငန်း မိမိတာဝန် မိမိကိစ္စတွေမှ လွတ်မသွားဘဲ စွဲမြဲနေတော့တယ်။ သတိ၏ ဆန့်ကျင်ဘက်က ပမာဒ မေ့လျှော့မှု မိမိတာဝန် အလုပ်ကိစ္စမှတစ်ပါး တခြားမဆိုင်ရာ ကိစ္စတွေမှာ အပျော်အပါး အကစားစတဲ့ အကျိုးမဲ့ အလုပ်တွေမှာ လိုက်စားမိုက်မှားနေမှုပါပဲ။ မေ့လျှော့မှု ပမာဒဝင်လာယင်ဖြင့် အထိန်းပြုတ်သွားတော့တာပါပဲ။ ဒီတော့ အားလုံးတာဝန်ကိစ္စ တွေမှာ သတိထိန်းချုပ်မှုဟာဖြင့် အလွန်ပဲ လိုအပ်လှပါတယ်။
ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ လောကဘယ်အရေးမှာမဆို ဒီသတိဟာ မပါမပြီး၊ ပညာဆိုတာ သတိရှိမှ တိုးတတ်နိုင်တယ်၊ မေ့လျော့နေသူ မေ့လျော့တတ်သူဟာ ပညာတိုးတတ်ဖို့ထား ဖြစ်ဖို့တောင်မလွယ်လှ။ စီးပွားရေးမှာလည်း မေ့လျော့တဲ့ သတိကင်းတဲ့ ပုဂ္ဂိုလ်ဟာ စီးပွားရေးတိုးအောင် မလုပ်နိုင်ပါဘူး။ ဆုတ်သာဆုတ်သွားမှာပဲ။ ကုန်သွယ်လယ်လုပ်စသော လောကလုပ်ငန်းတွေ တိုးတတ်မှုမှာ ဒီသတိဟာ မရှိမဖြစ် အလွန်အရေးကြီးလှပါတယ်။ ကျန်းမာရေးမှာလည်း သတိရှိမှ ကျန်းမာရေး ကောင်းအောင် စောင့်ရှောက်နိုင်တယ်။ ကျန်းမာရေးမပျက်အောင် ကာကွယ်နိုင်တယ်။ မကျန်းမာလျှင်လည်း ကျန်းမာအောင် သတိက ပြုပြင် ပေးနိုင်တယ်။ နိုင်ငံရေးမှာလည်း သတိရှိမှ နိုင်ငံအရေးအရာတွေမှာ တိုးတတ်အောင် ဆောင်ရွက်နိုင်ပါတယ်။ သတိမရှိ မေ့လျော့ပေါ့ဆနေလျှင် နိုင်ငံရေးဆောင်ရွက်ရာမှာ လစ်ဟင်းပြီး နိုင်ငံနာတတ်ပါတယ်။ ဒါကြောင့် သတိဟာဖြင့် ကိစ္စတိုင်းမှာ မပါမပြီး အရေးကြီးလို့ ထိုသတိကို အမြဲပွားအောင် ကြိုးစားကြလျှင် ကိုယ့်ကိစ္စမှန်သမျှမှာ တိုးတတ်အောင်မြင် ခွင့်သာကြုံကြရပါလိမ့်မယ်။

၂) ဓမ္မဝိစယသမ္ဗောဇ္ဈင်
ဓမ္မဝိစယသမ္ဗောဇ္ဈင်ဆိုတာ ပညာပါပဲ။ ပညာဆိုတာ အသိအမြင် ဉာဏ်ကို ဆိုလိုပါတယ်။ သတိဟာ အရေးကြီးတယ် ဆိုပေမယ့် ပညာမပါယင် သတိရှိရုံနဲ့ တယ်ခရီးမရောက်နိုင်ပါဘူး။ ဒီပညာကလည်း လောက ကိစ္စတိုင်းမှာ အလွန်အရေးကြီးပါတယ်။ ဥပမာ ပညာရေးမှာ အတတ်တွေ၊ ပညာတွေ သင်တဲ့အခါ အသိဉာဏ်မပါလျှင် ဘယ်မှာခရီးရောက် တိုးတတ်နိုင်ပါ့မလဲ။ အသိ ဉာဏ်ရှိမှ အသိဉာဏ် တိုးတတ်အောင် လုပ်မှ ဆိုင်ရာ အတတ် ပညာဟာ တိုးတတ်အောင်မြင် နိုင်ပါတယ်။ စီးပွားရေးမှာလည်း ဒီပညာဟာ မရှိမဖြစ်ပါပဲ။ ကုန်သွယ်လယ်လုပ်စသော ဆိုင်ရာ မိမိလုပ်ငန်းတွင် ကျမ်းကျင်နားလည်တဲ့ အသိဉာဏ်လိုပါတယ်။ အသိဉာဏ် ကျွမ်းကျင်မှု မရှိယင် လုပ်ငန်းတိုးတတ်မှု မဖြစ်နိုင်ပါဘူး။ ခုခေတ် သိပ္ပံပညာတွေ ထွန်းကားနေတော့ ဒီလုပ်ငန်းတွေမှာလည်း သိစရာ နားလည်စရာတွေက မဆုံးနိုင်အောင်ပါပဲ။ ဒီတော့ စီးပွားရေး တိုးတတ်လိုသူတိုင်းဟာ ဒီပညာ ဒီအသိ တွေကို တိုးတတ် ဆည်းပူး နေကြရမှာပါပဲ။ ကျန်းမာရေးမှာလည်း အသိဉာဏ်က လိုလျက်ပါပဲ။

ဇီဝံ ပညာယ ရက္ခေယျ - အသက်ဉာဏ်စောင့် ဆိုတာလို ကျန်းမာရေး အသိဉာဏ်ရှိမှ ကျန်းမာရေးကောင်းအောင် ထိန်းထားနိုင်ပါတယ်။ အခန့်မသင့်လို့ မကျန်းမာလျှင်လည်း အသိဉာဏ်ရှိမှ ကျန်းမာအောင် ပြုပြင်နိုင်တယ်။ နိုင်ငံရေးမှာလည်း ဒီပညာ ဒီအသိဟာ အရေးကြီးလှပါတယ်။ နိုင်ငံရေးမှာ အသိဉာဏ် မရှိကြယင် မိမိတို့ နိုင်ငံရေးဆောင်ရွက်မှုကြောင့် တိုင်းပြည်မှာ ဒုက္ခရောက်ရပါတယ်။ နိုင်ငံရေး အသိရှိမှ တိုင်းပြည် တိုးတတ်သာယာအောင် တိုင်းသူပြည်သားတွေ ချမ်းသာအောင် ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် ဒီပညာ ဒီအသိဟာ အရေးကြီးလှပါတယ်။ ပုခက်ထဲက သင်္ချိုင်းကျအောင် ဆိုတာလို တစ်သက်လုံး ဆည်းပူးသော်လည်း ပြည့်နိုင်တယ် ကုန်နိုင်တယ် မရှိလေတော့ ဒီပညာတွေ ဖတ်ရင်း၊ ကြံရင်း၊ လုပ်ရင်း၊ လေ့လာရင်း၊ သင်ကြားရင်း၊ နာခံရင်းနဲ့ အမြဲတမ်း ဆည်းပူးနေရမှာသာ ဖြစ်ပါတယ်။ ဒီလိုဆည်းပူးအားဖြည့် ပေးယင် ပညာဟာ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာ တိုးတတ်အောင်မြင်လာမှာ မလွဲပါဘူး။

၃) ဝီရိယ သမ္ဗောဇ္ဈင်
ဝီရိယ သမ္ဗောဇ္ဈင်ဆိုတာ ဝီရိယပါပဲ။ လုံလခေါ်ကြတဲ့ ကြိုးစားမှု အားထုတ်မှု ဆိုပါတယ်။ ဒီလို လုံ့လဝီရိယကလည်း အလွန်အရေးပါတဲ့ တရားပါပဲ။ လောကမှာ တိုးတတ်နေတဲ့သူတွေ တိုးတတ်နေတဲ့ အရာဝတ္ထုတွေဟာ ဝီရိယရဲ့ အစွမ်းသတ္တိကြောင့် ရတဲ့ အကျိုး အာနိသင်တွေပါပဲ။ သတိ ပညာရှိဥိး ဝီရိယမရှိလျှင် မတိုးတတ်နိုင်ပါဘူး။ လောကဓာတ် သိပ္ပံပညာတွေဟာ အံ့မခန်းတိုးတတ်နေပါတယ်။ ထိုထိုအရာတွေဖြစ်မြောက်မှုမှာ သိပ္ပံပညာသိရုံနဲ့ တင်းတိမ်နေယင် ယခုလို တိုးတတ်ဖြစ်မြောက်မှာ မဟုတ်ပါဘူး။ မိမိတို့ရဲ့ အသိပညာ အသုံးချပြီး ဇွဲသန်သန်ထား ကြိုးစားအားထုတ် လုပ်ခဲ့ကြလို့ အံ့မခန်းဖွယ်ရာ ဖြစ်မြောက်နေတဲ့ အရာဝတ္ထုတွေပါ။

ဝီရိယရှိသူမှာ တတ်တတ်ကြွကြွနိုးနိုးကြားကြား အားမာန်အပြည့်နဲ့၊ ဝီရိယရဲ့ ဆန့်ကျင်ဘက် အပျင်းသမားကတော့ တွန့်တွန့်ဆုတ်ဆုတ် ကုတ်ကုတ်ရွံ့ရွံ့နဲ့၊ ဒီအခြင်းအရာ နှစ်မျိုးကပင် အောင်မြင်မယ့်အသွင် ဆုတ်ယုတ်အောက်ကျမယ့်အသွင် ပြနေခဲ့ ပါတယ်။ ဝီရိယဟာ လူ့ဘဝရဲ့ အသက်လို့ ဆိုရလောက်အောင် အရေးပါလှပါတယ်။ ဒါကြောင့် ကိစ္စတိုင်း လုပ်ငန်းတိုင်း အရေးအရာတိုင်းမှာ မဖြစ်သေးတဲ့ ဝီရိယဖြစ်လာအောင်၊ ဖြစ်ပြီးတဲ့ ဝီရိယတိုးတတ်လာအောင် ပွားများပေးဖို့က လူချင်းတူတူ သူချင်းမျှမျှ ဖြစ်လိုသူတိုင်း သူ့ထက်ကဲကာ အသာရလိုသူတိုင်းရဲ့ တာဝန်တစ်ရပ်ပဲဆိုတာ ထင်ရှားလှပါတယ်။

ပီတိသမ္ဗောဇ္ဈင်
ပီတိသမ္ဗောဇ္ဈင်က ပီတိနှစ်သက်မှုပါပဲ။ ကိုယ့်အလုပ် ကိုယ့်ကိစ္စမှာ နှစ်သက်အားရမှု မရှိတဲ့သူဟာ ထိုအလုပ်မှာ စိတ်မပါ မဝင်စား တိုးပွားအောင်မြင်အောင် မလုပ်နိုင်ပါဘူး။ အလုပ်မှာ နှစ်သက်အားရကျေနပ်နေမှ အောင်မြင်အောင် လုပ်နိုင်ပါတယ်။ တချို့အလုပ်က ပင်ပန်းပေမယ့် သီချင်းတကြော်ကြော်နဲ့ ပျော်ပျော်ကြီး လုပ်နေတာတွေ့ရတာ အလုပ်မှာ နှစ်သက်မှု ပီတိဖြစ်နေလို့ပါပဲ။ သတိလည်းကောင်း ပညာလည်းကောင်း ဝီရိယလည်းသန် နေယင် အလုပ်မှာ ကျေနပ်မှု ပီတိဆိုတာလည်း ဖြစ်မြဲပါပဲ။ လူ့လောက တာဝန်တွေ ဆောင်ရွက်ရာမှာ ပီတိဟာလည်း အရေးကြီးပါတယ်။ ဒီပီတိပွားများမှု အလုပ်မှာ ကျေကျေနပ်နပ် အားရပါရ လုပ်နိုင်ပြီး အလုပ်အထမြောက် အောင်မြင်မှာမို့ ပီတိကိုလည်း တိုးပွားအောင် ကြိုးစားသင့်ပါတယ်။

ပဿဒ္ဓိသမ္ဗောဇ္ဈင်
ပဿဒ္ဓိသမ္ဗောဇ္ဈင်က ပဿဒ္ဓိတရားပါပဲ၊ ပဿဒ္ဓိဆိုတာ ကိုယ်စိတ်ငြိမ်းချမ်းမှု။ ပီတိဖြစ်နေယင် ကိုယ့်အလုပ်ထဲ နှစ်သက်အားရနေယင် ပဿဒ္ဓိငြိမ်းချမ်းမှုဟာ ရလာစမြဲပါပဲ။ ပဿဒ္ဓိငြိမ်းအေးမှုရဲ့ ဆန့်ကျင်ဘက်က စိတ်ပူပန်မှု။ စိတ်ပူပန်မှုရှိယင် ကိုယ်လည်းပူပန်နေတာပါပဲ။ ကိုယ်စိတ်ပူပန်နေယင် အလုပ်တွင်စိတ်မပါ၊ မတွင်ကျယ်။ စိတ်ငြိမ်းချမ်းနေယင် ချွေးတွေသံတွေနဲ့ ပင်ပန်းတဲ့ အလုပ် လုပ်နေရပေမဲ့ ကိုယ်လည်း ငြိမ်းချမ်းလျက်ပါပဲ။ ဒါကြောင့် တချို့သီချင်းတကြော်ကြော်နဲ့ ပျော်ပျော်ကြီး အလုပ် လုပ်နိုင်ကြတာ။ ဒီတော့လောကရေးရာမှာ ကိုယ့်ဝန်တာ ကိုယ့်လုပ်ငန်း ကိုယ့်ကိစ္စတွေမှာ ပဿဒ္ဓိ ငြိမ်းချမ်းမှုဟာလည်း ပွားဖို့များဖို့ အားရှိနေဖို့ အရေးကြီးလို့ ပွားများပေးရမယ့် တရားတစ်ခုပါပဲ။

သမာဓိသမ္ဗောဇ္ဈင်
သမာဓိသမ္ဗောဇ္ဈင်က သမာဓိ၊ သမာဓိဆိုတာ ဧကဂ္ဂတာ ခေါ်တဲ့ တစ်ခုတည်းသော အာရုံရှိမှုပါပဲ။ အာရုံတစ်ခုတည်းမှာ မိမိစိတ်ခိုင်မြဲစွာထားမှု ဒါကို တည်ကြည်မှုလို့လည်း ခေါ်ပါတယ်။ လောက အလုပ်တာဝန် ကိစ္စတွေမှာ ဒီသမာဓိဟာလည်း မပါမဖြစ်။ သမာဓိနဲ့ ဆန့်ကျင်ဘက်က ပျံ့လွင့်မှု မတည်ကြည်မှု။ စိတ်ပျံ့လွင့်နေသူမှာ ပညာရေးမှာ အရာရောက်အောင် လုပ်နိုင့်ပါ့မလား။ ပညာနဲ့ သမာဓိကလည်း ဖက်မိဖို့ အရေးကြီးပါတယ်။ စီးပွားရေး ဖြစ်တဲ့ ထိုထိုလုပ်ငန်းတွေမှာလည်း စိတ်ပျံ့လွင့်နေသူ ကိုယ့်အလုပ်ထဲ စိတ်မဝင်စားသူဟာ လုပ်ငန်းတွေ တိုးတတ်အောင် မလုပ်နိုင်ပါဘူး။ ကိုယ့်အလုပ်ထဲ စွဲမြဲတည်နေတဲ့ သမာဓိရှိမှ လုပ်ငန်းဟာ ကောင်းစွာ ထမြောက်နိုင်ပါတယ်။ ကျန်းမာရေး၊ နိုင်ငံရေးစသော ဘယ်အရေးမှာဖြစ်ဖြစ် သမာဓိကတော့ ဖြစ်ရမယ့် ပွားရမယ့် တရားတစ်ခုဖြစ်ကြောင်း ထင်ရှားလှပါတယ်။ တကယ်တော့ ယခင်သတိလည်း ကောင်း၊ ပညာလည်း ကောင်း၊ ဝီရိယလည်း ကောင်းလို့ ပိတိ ပဿဒ္ဓိတွေဖြစ်နေယင် သမာဓိလည်း ကောင်းလာတာပါပဲ။ စိတ်ငြိမ်းချမ်းမှုဟာ သမာဓိဖြစ်ခြင်းအကြောင်းပါပဲ။ ဒီတော့ လောကရေးရာ အဖြာဖြာမှာ သမာဓိဟာလည်း အရေးကြီးလို့ သမာဓိရအောင် သမာဓိတွေ အဆက်ဆက်တိုးပွားအောင် ပွားများနေလျှင် အောင်မြင်တော့တာပါပဲ။

ဥပေက္ခာသမ္ဗောဇ္ဈင်
ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတာက ဥပေက္ခာ လျစ်လျူရှုမှု။ လျစ်လျူရှုမှုဆိုတာ အလုပ်မလုပ်ဘဲ နေတာကို ပြောတာမဟုတ်ပါဘူး။ အလုပ် လုပ်တဲ့အခါ ဟိုဘက် သည်ဘက် မကျ အလယ်ကနေတဲ့ သဘောပါပဲ။ ချစ်ခြင်းဘက်လည်းမကျ၊ မုန်းခြင်းဘက်လည်းမကျ အလယ်ကျကျဖြစ်တဲ့ သဘောကိုလည်း ဥပေက္ခာဆိုပါတယ်။ အလုပ်ကိုရှောင်လွှဲ တချစ်ထဲချစ်နေယင်၊ အချစ်ဘက်ချည်း လိုက်နေယင်၊ ကိုယ့်အလုပ်ပျက်ကြောင်းတစ်ခုပဲ။ တစ်ပါးသူ တစ်ပါးဝတ္ထုကိုမုန်းနေရွံ့နေ စက်ဆုပ်နေယင်လည်း အလုပ်ရဲ့ အနှောက်အယှက်တစ်ခုပါပဲ။ ဒီတော့ မမုန်းမချစ် လျစ်လျူရှုတတ်ယင် ဆိုင်ရာအလုပ်မှာ ချောမောအောင်မြင်နိုင်ပါတယ်။ ဒါတွင်မက သတိပညာကလည်း ကောင်း၊ ဝီရိယကလည်း သန်၊ ပီတိ ပဿဒ္ဓိ သမာဓိတွေလည်း ဖြစ်နေတဲ့အခါ အလုပ်ကျွမ်းကျင် ကောင်းကောင်းလုပ်တော့ အလုပ်ဟာ သွက်သွက်လက်လက် သက်သက်သာသာနဲ့ သူ့ဟာသူ လုပ်သွားသလိုဖြစ်နေပါတယ်။ အဲဒီလိုအခါမှာ တွန့်တိုမှု ဆုတ်နစ်မှု ပျံ့လွင့်မှုတွေ မဖြစ်ဖို့ ကြောင့်ကြမစိုက်ရဘဲ အသာမျှောလိုက်နေရသလိုဖြစ်တဲ့ လျစ်လျူရှုမှုဟာလည်း ဥပေက္ခာပါပဲ။ အဲဒီဥပေက္ခာကလည်း အလုပ်ကိစ္စ တိုးတတ်တဲ့ အောင်မြင်တဲ့ သဘောပြနေလို့ လိုလားအပ် ပွားများအပ်တဲ့ သဘောပါပဲ။

ကဲဒီမျှဆိုယင် ဗောဇ္ဈင်တရားတွေဟာ လောကရေးရာ အဖြာဖြာမှာ မဆုတ်ယုတ်ကြောင်း တိုးတတ်ကြောင်းမို့ ပွားများထိုက်တယ် အမြဲဖြစ်နေအောင် ကြိုးစားသင့်တယ် ဆိုတာ သဘောပေါက်လောက်ပါပြီ။

သပြေကန်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ရဲ့ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ ဆိုတဲ့ စာအုပ်မှ ကူယူဖော်ပြပေးလိုက်ပါတယ်။ (စာမျက်နှာ ၁၈-၂၅)


:) Friday, May 22, 2009

ဗောဇ္ဈင် ၇-ပါး

ဗောဇ္ဈင် ၇-ပါး

ဗုဒ္ဓဘာသာစာပေမှာ ဝေါဟာရ အသုံးအနှုံးတွေကို အလွန်အလေးထားကြတာတွေ့ရပါတယ်။ ဗောဇ္ဈင်တရား ဆိုတဲ့ ဝေါဟာရကို လောကုတ္တရာချမ်းသာဖြစ်သော မဂ်ချမ်းသာ၊ ဖိုချမ်းသာ၊ နိဗ္ဗာန်ချမ်းသာအထိ အကျိုးပြုနိုင်တဲ့ တရားတွေအတွက်သာ သုံးကြပါတယ်။

ဒါပေမဲ့ အဲဒီဗောဇ္ဈင်တရားများကိုပဲ လောကီချမ်းသာဖြစ်သော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကိစ္စများမှာလည်း အောင်မြင်မှုရရှိအောင် လက်တွေ့ဘဝ တိုးတတ်အောင်မြင်ရေး လမ်းညွှန်များအဖြစ် အသုံးချနိုင်ပါတယ်။ အဲလိုတရားမျိုးကိုတော့ လောကီဗောဇ္ဈင်တရား၊ (သို့မဟုတ်) ပရိယာယ်ဗောဇ္ဈင်တရားလို့ သုံးကြပါတယ်။ အဲဒါတွေကတော့…

၁) သတိသမ္ဗောဇ္ဈင်
အမှတ်ရမှု၊ မမေ့မှု ဖြစ်ပါတယ်။ လောကီစီးပွားရေး တိုးတတ်ဖို့အတွက် ကောင်းမွန်တဲ့ သတိရှိဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် အောင်မြင်လိုသူတိုင်းအတွက် သတိတရားဟာ ပွားများသင့် ပွားများအပ်တဲ့ တရားဖြစ်ပါတယ်။

၂) ဓမ္မဝိစယသမ္ဗောဇ္ဈင်
ပညာ ရှိမှုဖြစ်ပါတယ်။ အသိအလိမ္မာ၊ ဉာဏ်ပညာတို့လည်း တိုးပွားအောင် ကြိုးစားဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် အောင်မြင်တိုးတတ်လိုသူတိုင်းအတွက် ဓမ္မဝိစယသမ္ဗောဇ္ဈင် တရာဟာ ပွားများအပ်ပါတယ်။

၃) ဝီရိယသမ္ဗောဇ္ဈင်
ကြိုးစားအားထုတ်မှု လုံလ ဖြစ်ပါတယ်။ အောင်မြင်မှုရဖို့အတွက် ဝီရိယစိုက်ထုတ်မှုဆိုတာလည်း ရှိရပါမယ်။ အဲဒါကြောင့် ဝိရိယ တရားဟာလည်း ပွားများသင့် ပါတယ်။

၎) ပီတိသမ္ဗောဇ္ဈင်
နှစ်သက် အားရ ကျေနပ်မှု ဖြစ်ပါတယ်။ တိုးတတ်ချင်ရင် မိမိအလုပ်အပေါ်မှာမိမိနှစ်သက် ကျေနပ်မှု ရှိဖို့ကလည်းအရေးကြီးပါတယ်။ အဲဒါကြောင့် အလုပ်အပေါ်မှာ နှစ်သက်ကျေနပ်စရာ အကြောင်းတရားကို ရှာပြီး ပီတိတရားကိုလည်း ပွားများသင့်ကြပါတယ်။

၅) ပဿဒ္ဓိသမ္ဗာဇ္ဈင်
ကိုယ်ရော၊ စိတ်ပါ ငြိမ်းအေးမှု ဖြစ်ပါတယ်။ တစုံတခုအတွက် ပူပန်နေရရင်လည်း လုပ်ငန်းမှာထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် အောင်မြင်မှု ရလိုသူဟာ ကိုယ်စိတ် ၂-ပါး ငြိမ်းအေးမှုကိုလည်း မွေးမြူပွားများအပ်ပါတယ်။

၆) သမာဓိသမ္ဗောဇ္ဈင်
စူးစိုက် တည်ကြည်တဲ့ အာရုံရှိမှု ဖြစ်ပါတယ်။ စူးစိုက်မှု မရှိဘဲ အာရုံတွေ အလွန်တရာ ပျံ့လွန့်နေရင်လည်း လုပ်ငန်းမှာထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် စူးစိုက်တဲ့ အာရုံသဘောရှိသော သမာဓိတရားဟာလည်း မွေးမြူပွားများအပ်ပါတယ်။

၇) ဥပေက္ခာသမ္ဗောဇ္ဈင်
လျစ်လျူရှုမှု ဖြစ်ပါတယ်။ လျစ်လျူရှုတယ်ဆိုတဲ့နေရာမှာ ဘာမှမလုပ်ဘဲ နေတာမျိုးကို မဆိုလိုပါဘူး။ မိမိရဲ့အလုပ်ကိုအလွန်ချစ်ခင်နှစ်သက်စွဲလန်းခြင်း တဏှာ၊ မိမိအလုပ်နဲ့ ဆန့်ကျင်နေတဲ့ သူတပါးလုပ်ရပ်တွေကို စက်ဆုပ်မုန်းတီးခြင်း ဒေါသ အစရှိတဲ့ စိတ်ခံစားမှုတွေကို လျစ်လျူထားပြီး လုပ်သင့်လုပ်ထိုက်တာကို ပြုလုပ်နေခြင်းမျိုးပါ။ မိမိရဲ့ လုပ်ပိုင်ခွင့်က ကျော်လွန်နေလို့ မိမိဖြစ်စေချင်သလို ဖြစ်လာနိုင်စရာ မရှိတော့တဲ့၊ ဘယ်လိုမှ ပြုပြင်မှု မပေးနိုင်တော့တဲ့ ကိစ္စမျိုးတွေမှာ သင့်တင့်လျောက်ပတ်တဲ့ လျစ်လျူရှုမှု ထားနိုင်ခြင်းကသာ ကိုယ်စိတ်ကို ငြိမ်းအေးစေနိုင်ပါတယ်။

အဲဒီတရားတွေအကြောင်းကို အသေးစိတ်လေ့လာချင်ရင်တော့ သပြေကန်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ရဲ့ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ ဆိုတဲ့ စာအုပ်မှာလေ့လာနိုင်ပါတယ်။ ဆရာတော်ဘုရားကြီးကတော့ ပိဋကတော် အကိုးအကားများနှင့်တကွ အကျယ်တဝင့် ရှင်းလင်းရေးသားထားပါတယ်။

http://www.scribd.com/doc/15736190/ThaPyayKanSayadawBallZinKhuNhitParMyatYadanar


:) Thursday, May 21, 2009

နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ကျေးဇူးရှင်

နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ကျေးဇူးရှင်
၁။ ဗုဒ္ဓဂုဏော အနန္တော။
၂။ ဓမ္မဂုဏော အနန္တော။
၃။ သံဃဂုဏော အနန္တော။
၎။ မာတာပိတုဂုဏော အနန္တော။
၅။ အာစရိယရုဏော အနန္တော။
၆။ ဧတေန သစ္စဝဇ္ဇေန၊
ဟောတု မေ ဇယမင်္ဂလံ။

၁။ မြတ်စွာဘုရာ၏ ကျေးဇူးတော်ဂုဏ်တော်တို့သည် အတိုင်းမသိ ကြီးမားတော်မူပါပေ၏။
၂။ တရားတော်၏ ကျေးဇူးတော်ဂုဏ်တော်တို့သည် အတိုင်းမသိ ကြီးမားတော်မူပါပေ၏။
၃။ သံဃာတော်မြတ်၏ ကျေးဇူးတော်ဂုဏ်တော်တို့သည် အတိုင်းမသိ ကြီးမားတော်မူပါပေ၏။
၎။ မိဘတို့၏ ကျေးဇူးတော်ဂုဏ်တော်တို့သည် အတိုင်းမသိ ကြီးမားတော်မူပါပေ၏။
၅။ ဆရာသမားများ၏ ကျေးဇူးတော်ဂုဏ်တော်တို့သည် အတိုင်းမသိ ကြီးမားတော်မူပါပေ၏။
၆။ ဤသို့ မှန်သောစကားကို ဆိုရခြင်းကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား တည်းဟူသောအနန္တော အနန္တ ငါးပါးကို အကျွန်ုပ်သည် အလွန်ရိုသေစွာ ခြေတော်ဦးခိုက် ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါသည် ဘုရား။

ပို့စ်မတင်ဖြစ်တာလည်း တော်တော်ကြာသွားပါပြီ။ အဲဒီလိုဘလော့ဂ်ကို လှည့်မကြည့်ပဲ ပစ်ထားတာကြာသွားရင် မဟုတ်ကဟုတ်က အောတိုပို့စ်တွေ တတ်လာတတ်ပါတယ်။ အဲဒါကြောင့် လက်ရှိဖတ်နေတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနုရေးတဲ့ ကျေးဇူးရှင်စာအုပ်ထဲက ပဏာမကို ကူးယူပြီးတင်ပေးလိုက်ပါတယ်။ စာအုပ်ကတော့ ဒီမှာဖတ်လို့ရပါတယ်။ ကျေးဇူးရှင်မိဘတွေကို ရိုသေစွာလုပ်ကြွေးသူနဲ့ ရိုင်းစိုင်းစော်ကားသူတို့ရဲ့ ဘဝတွေကို ဝတ္ထုပုံစံနဲ့ရေးထားတာပါ။ ဘာသာရေးဆိုင်ရာ အဆုံးအမတွေလည်း အများကြီးကြားဖတ်ရမှတ်ရပါတယ်။ ကျွန်တော်ကတော့ သဘောကျပါတယ်။ စာဖတ်သူတွေလည်း အချိန်ပေးနိုင်ရင် ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

http://www.scribd.com/doc/15703360/U-Nukyae-Zuu-Shin

My Little Blog